မောင်တောအထွေထွေအုပ်ချုပ်ရေးရုံးမှ အသက် ၂၉ နှစ်အရွယ် အိမ်ထောင်ရှိ စာရေးမတစ်ဦး ပျောက်ဆုံးနေ

မောင်တောအထွေထွေအုပ်ချုပ်ရေးရုံးမှ အသက် ၂၉ နှစ်အရွယ် အိမ်ထောင်ရှိ စာရေးမတစ်ဦး ပျောက်ဆုံးနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အသက် ၂၉ နှစ်အရွယ် စာရေးမ တစ်ဦးပျောက်ဆုံးနေကြောင်း သူမ၏ ခင်ပွန်းဖြစ်သူနှင့် မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် အငယ်တန်းစာရေးအဖြစ်တာဝန်ထမ်းဆောင်နေ သည့် အဆိုပါအမျိုး သမီးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ သူမ၏ ရ နှစ်အရွယ်သားငယ်နှင့်အတူပျောက်ဆုံး သွားခဲ့ခြင်းဖြစ်သည်ဟု ခင်ပွန်းဖြစ်သူကပြောသည်။

“ပြီးခဲ့တဲ့လ ၁၅ ရက်နေ့ကနေ ကျွန်တော့်သားနဲ့အတူ ပျောက်နေတာပါ။ ဒီနေ့အထိ ဘယ်လိုမှအဆက်အသွယ် မရသေးပါဘူး။ ရဲစခန်းမှာလူပျောက်တိုင်ထားပါတယ်။သတင်းစာမှာလည်း လူပျောက်ကြော်ငြာထည့်ဖို့လုပ်တာ ရဲက ထောက်ခံချက် လိုတယ်ဆိုလို့ ရဲဆီက ထောက်ခံချက်တောင်းပေမယ့် ရဲက ထောက်ခံချက်မပေးပါဘူး”ဟု သူမ၏ခင်ပွန်း ဖြစ်သူက ပြောသည်။

မြို့ပေါ်တွင် သတင်းများအမျိုးမျိုးထွက်ပေါ်နေသော်လည်း နိရဥ္စရာ အနေဖြင့် အတည်ပြု နိုင်ခြင်း မရှိသေးပါ။“ တစ်ဦးဦးနဲ့ လိုက်ပါသွားတယ်လို့ ကြားပါတယ်။ ဒီသတင်းကို တစ်မြို့လုံးလည်း စိတ်ဝင်စားနေကြပါတယ်” ဟု မောင်တောမြို့ခံ ဦးစိန်လှဖြူက ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူက မယကရုံးသို့သွားရောက်စုံစမ်းသော်လည်း ရုံးမှတာဝန်ရှိသူများက အတွေ့မခံခဲ့ကြောင်း ခင်ပွန်းဖြစ်သူနှင့်မြို့ခံများက ဆိုသည်။

“ဒီကိစ္စကို မယကရုံးဆီသွားစုံစမ်းပေမယ့် လူကြီးတွေက တစ်ယောက်မှ ကျွန်တော့်ကိုအတွေ့မခံဘူး။ အသေး စိတ်လည်း မသိရဘူး။ မယကဥက္ကဋ္ဌကတော့ စစ်တွေမှာ လေးလပတ်အစည်းအ ဝေးရှိတယ်ဆိုပြီး ထွက်သွားတယ်။ ဒါပေမယ့် သူ စစ်တွေကိုမသွားဘဲ ရန်ကုန်ကိုလေးငါးရက်သွားတယ်လို့ ကြားရတယ်”ဟု ပျောက်ဆုံး သွားသည့်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မောင်တောအထွေထွေအုပ်ချုပ်ရေးမှူးရုံးဆီ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

ယခုကိစ္စအမှုမှန်ပေါ်ပေါက်စေရန်အတွက် ခင်ပွန်းဖြစ်သူက မြို့ခံများ၏လက်မှတ်များကို ကောက်ခံ ကာ ပြည်နယ် ဝန်ကြီးချုပ်ထံ တိုင်ကြားရန်စီစဉ်နေကြောင်း ခင်ပွန်းဖြစ်သူနှင့် မြို့ခံတစ်ဦးဖြစ်သူ ဦးမောင်ဝင်းသိန်းက နိရဥ္စရာသို့ ပြောသည်။

Most read this week