ဗြိတိန်သံအမတ်နှင့် ရတပ ပါတီခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ

ဗြိတိန်သံအမတ်နှင့် ရတပ ပါတီခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ
by -
နိရဥ္စရာ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (ရတပ) မှ ခေါင်းဆောင်များသည် စစ်တွေမြို့တွင် ရောက်ရှိနေသော ဗြိတိန် သံအမတ်ကြီးနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။

တွေ့ဆုံကြသည့် စစ်တွေမှ နိုဗယ် ဟိုတည်။

“ သူတို့က ဗြိတိန်သံအမတ် အပါအဝင် နောက်ထပ် အရာရှိ နှစ်ဦးပါ။ ညနေ ၃ နာရီခွဲမှာ စစ်တွေကို သူတို့ ရောက်ပါတယ်။ ကျွန်တော်တို့နဲ့က ညနေ ၅ နာရီခွဲမှာ စစ်တွေ နိုဗယ် ဟိုတည်မှာ တွေ့ကြပါတယ်။ ဆွေးနွေးတဲ့ ကိစ္စကတော့ ရခိုင်မှာ ဖြစ်သွားတဲ့ အရေးအခင်း အပေါ်မှာ အဓိကထား ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆွေးနွေးရာတွင် ပါ၀င်သူ ရတပ ပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

ဆွေးနွေးပွဲသို့ ရတပ ပါတီမှ ဥက္ကဌ ဒေါက်တာ အေးမောင်၊ စစ်တွေမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို၊ ဗဟိုကော်မီတီဝင် ဦးရွှေမောင်နှင့် နှင့် အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောတို့ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရတပ ပါတီ၏ ရခိုင်အရေးအခင်းနှင့် ပတ်သက်ပြီး အမြင်သဘောထားကို ဗြိတိန် သံအမတ်ကြီးက မေးမြန်းခဲ့သလို အနာဂတ်တွင် ရခိုင် ဗုဒ္ဓဘာသာများနှင့် မွတ်ဆလင်များ အကြား အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး အတွက် လိုအပ်ချက်များကိုလည်း မေးမြန်းသွားခဲ့သည်ဟု ဦးဦးလှစောက ဆိုသည်။

“ အဓိကတော့  ဖြစ်စဉ်တွေကိုဆွေးနွေးတယ်။ ကျွန်တော်တို့က နောက်ခံသမိုင်းတွေ အပါအဝင် ဖြစ်စဉ်တွေကို ပြောပြတယ်။ အနာဂတ်မှာ ကွန်မြူနတီ နှစ်ခုပေါ့လေ ( ရခိုင်နဲ့မွတ်ဆလင်) ဘယ်လို အတူ လက်တွဲနေနိုင်မလဲ ဆိုတဲ့ ကျွန်တော်တို့ရဲ့ သဘောထားတွေကို ပြောပြလိုက်ပါတယ်။ ပြီးရင် စက်တင်္ဘာ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ ရသေ့တောင် လူထု ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ပြောပြလိုက်ပါတယ်။ ဒါက တကယ့် အစစ်အမှန် ရခိုင်လူထု သဘောထားဆိုပြီး ဆုံးဖြတ်ချက်တွေကိုလည်း ပေးလိုက်ပါတယ်” ဟု သူက ဆက်ပြောသည်။

၎င်းပြင် ရခိုင်ဒေသမှာ အလွန်ဆင်းရဲပြီး အကျပ်အတည်း ပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း ၊ သို့အတွက် ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နိုင်ငံခြား အဖွဲ့အစည်းများ အစိုးရများ အနေဖြင့် ဘက်မလိုက်ဘဲ ရခိုင်အရေးကို ဆောင်ရွက်သင့်ကြောင်းကိုလည်း  ဗြိတိန်သံအမတ်ကြီးနှင့် အဖွဲ့ကို တင်ပြခဲ့သည်ဟုလည်း ဆိုသည်။

“ ဗြိတိတ် သံအမတ်ကြီးကလည်း ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို သူတို့ အတတ်နိုင်ဆုံး လုပ်ပေးမယ် ဆိုတဲ့ အကြောင်းတွေကို ပြောပါတယ်။ ပြီးရင် ကွန်မြူနတီ နှစ်ခု အနာဂတ်မှာ သင့်သင့်မြတ်မြတ် နေနိုင်မလဲ ဆိုတာကို သူတို့ အဖြေရှာဖို့ လာတဲ့ အကြောင်း၊ အတတ်နိုင်ဆုံး ဗြိတိန် အစိုးရနဲ့  ကူညီ ဆောင်ရွက်သွားမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြသွားပါတယ်” ဟု ဦးဦးလှစောက ပြောသည်။

ဗြိတိန် သံအမတ်ကြီးနှင့် အဖွဲ့သည် ယမန်နေ့က တခြား ရခိုင် ပါတီများမှ ခေါင်းဆောင်များ၊ လူမူ အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မွတ်ဆလင် ခေါင်းဆောင်များနှင့်လည်း သီးခြားစီ တွေ့ဆုံသည်ဟု ဆိုသည်။

ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် ဒုက္ခသည် စခန်းများသို့ သွားရောက် လည်ပတ် ကြည့်ရှု့နေသည်ဟု သိရသည်။

Most read this week