လယ်မြေ သိမ်းခံရမူ ရခိုင်တွင် ပထမဆုံး အကြိမ် စစ်ဆေး

လယ်မြေ သိမ်းခံရမူ ရခိုင်တွင် ပထမဆုံး အကြိမ် စစ်ဆေး
by -
နိရဥ္စရာ သတင်းဌာန

စစ်အစိုးရ လက်ထက်က စစ်တပ်က မတရား သိမ်းယူသွားခဲ့သော လယ်မြေများနှင့် ပတ်သက်ပြီး ပထမဆုံး အကြိမ် စစ်ဆေးမူ တစ်ခုကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ပြည်နယ် အစိုးရမှ ပြုလုပ်ခဲ့သည်။

No-263-LIBဧက ထောင်ချီပြီး စစ်တပ်နှင့် မယကမှ သိမ်းယူသွားသော လယ်မြေများနှင့် ပတ်သက်ပြီး မြို့နယ်မြေစာရင်း ဦးစီးဌာနမှ ကြောင်ရီချောင်း ကျေးရွာသားများကို များမကြာမှီက ခေါ်ယူ စစ်ဆေးခဲ့သည်။

" ကျေးရွာသားတွေထဲက ဦးဆောင်တိုင်တန်းတဲ့ ခေါင်းဆောင် (၆) ဦးနဲ့ ရွာသားတွေကို မင်းပြားမြို့ပေါ်က မြေစာရင်း ဌာနမှာ ခေါ်ယူ စစ်ဆေးပါတယ်။ အဓိကတော့ အဲဒီ လယ်တွေဟာ ရွာသားတွေ ပိုင်တဲ့ လယ်မြေတွေ ဟုတ်မဟုတ် စစ်ဆေးပါတယ်။ လယ်ဖေါ်ထုတ်ဖို့ ခုတ်ထွင် ရှင်းလင်းတုန်းက ပါ၀င်မူ ရှိမရှိ စစ်ဆေးပါတယ်" ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

ကြောင်ရီချောင်း ကျေးရွာသား ၂၃၂ ဦးမှ သူတို့ လယ်မြေ ဧက (၁၀၀၀) ကျော်ကို စစ်တပ်က သိမ်းယူသွား သဖြင့် စားဝတ်နေရေး အခက်အခဲ ရှိ၍ ပြန်လည် ပေးအပ်ရန် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်ထံသို့ အသနားခံ စာရေး တိုင်ကြားခဲ့ကြောင်း သိရသည်။

" ကျွန်တော်တို့ တိုင်တာက စက်တင်္ဘာလမှာ တိုင်ပါတယ်။ သိပ်မကြာခင်မှာဘဲ ပြည်နယ် အစိုးရကစစ်ဆေး ခိုင်း တဲ့ အတွက် မြေတိုင်း ဦးစီးမှူးက ခေါ်ယူ စစ်ဆေးပါတယ်။ ပြန်ရမယ်- မရဘူး ဆိုတော့တော့မသိသေး ပါဘူး။ အခု ပြည်နယ်ကို တင်ထားတယ်လို့ ပြောပါတယ်" ဟု သူက ဆက်ပြောသည်။

အသိမ်းခံရသော လယ်မြေများမှာ ဧက (၁၀၀၀) ကျော်ရှိပြီး၂၀၀၂-ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ စစ်တပ်က သိမ်းယူခဲ့သည်။ မင်းပြားမြို့နယ်တွင် အခြေစိုက်သော တပ်ရင်းများ ဖြစ်ကြသည့် အမှတ် (၃၈၀) တပ်ရင်းမှ လယ်ဧက (၃၂၀)၊ အမှတ် (၅၄၁) တပ်ရင်းမှ လယ်ဧက (၂၄၀)၊ အမှတ် (၃၇၉) တပ်ရင်းမှ လယ်ဧက (၂၀၀)နှင့် ၂၀၀၆ခုနှစ်တွင် တာဝန်ကျခဲ့သော မင်းပြားမြို့နယ်၊ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဦးဇော်မြင့်သိန်းမှ ဧက (၁၉၀) ကို သိမ်းယူသွားခဲ့သည်။

အဆိုပါ လယ်များကို ၁၉၉၆- ၉၇ခုနှစ် မေလမှ စပြီး ရွာသူ ရွာသားများ စုပေါင်းပြီး တောရိုင်း မြေလွတ်များကို အစိုးရ၏ ခွင့်ပြုချက်ဖြင့် ခုတ်ထွင် ရှင်းလင်းကာ လယ်ယာမြေအဖြစ် ဖေါ်ထုတ် လုပ်ကိုင်လာသော လယ်မြေများ ဖြစ်ကြောင်း သိရသည်။

" စစ်တပ်က အဲဒီ သိမ်းယူသွားတဲ့ လယ်တွေမှာ ပုဇွန်ကန်တွေ ဖေါ်ထုတ် လုပ်ကိုင်နေပါတယ်။ မယကမှ သိမ်းယူထားတဲ့ လယ်တွေကိုတော့ မင်းပြားမြို့က စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ ကြံ့ခိုင်ရေး ဦးမောင် မောင်ထွန်း လုပ်ကိုင် စားသောက်နေပါတယ်" ဟု သူက ဆက်ပြောသည်။

ဦးမောင်မောင်ထွန်းသည် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ် အဖြစ်ဖြင့် ၂၀၁၀ ခုနှသ် နိုဝင်္ဘာလ ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

ယခုကဲ့သို့ ပြည်နယ် အစိုးရက စစ်ဆေးသော်လည်း ရခိုင်ပြည်နယ် အစိုးရ အနေဖြင့် စစ်တပ်ကိုလွန်ဆံနိုင် သော အခြေအနေ မရှိသဖြင့် စစ်တပ်က သိမ်းထားသော လယ်မြေများကို လယ်သမားများ ပြန်လည် ရရှိရန် မလွယ်ကူကြောင်း မင်းပြားမှ ကျောင်းဆရာ တစ်ဦးက ပြောသည်။

" ၁၉-၉-၂၀၁၁ ရက်နေ့မှာ အမှတ် (၅၄၁) တပ်ရင်းမှ တပ်ရေးဗိုလ်ကြီးမှ ကြောင်ရီချောင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်သိန်းကို ခေါ်ယူ စစ်ဆေးမေးမြန်းတယ်လို့ သတင်း ရရှိပါတယ်။ ခြိမ်းခြောက်မူတွေ လည်း ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို ပြန်ရဖို့ဆိုတာ အခုလို အခြေအနေမျိုးမှာ သိပ်မလွယ်ဘူး ထင်ပါတယ််" ဟု သူက ပြောသည်။

မင်းပြားမြို့နယ် သက်ပုန်းချောင်းကျေးရွာအုပ်စုရှိ သက်ပုန်းချောင်းကျေးရွာ လယ်မြေဧက (၁၃၀)ကို မင်းပြား မြို့ရှိ အမှတ် (၅၄၁) တပ်ရင်းမှ ၁၉၉၉-၂၀၀၀ ခုနှစ်တွင် သိမ်းယူသွားခဲ့ပြီး ၎င်းမြေများကို ယခုအခါ မင်းပြား မြို့စရဖ နှင့် မြို့နယ် မြေစာရင်းဌာနမှ စစ်တပ်မှ ပြန်လည် ရယူကာ ပြင်ပ လုပ်ငန်းရှင် တစ်ဦး ဖြစ်သူမင်းပြားမြို့ နယ် စွန်ရဲကျေးရွာနေ ဦးကျော်ညွန့်ချေအား လုပ်ကိုင် စားသောက်ရန် ဌားရမ်ထားကြောင်း သိရသည်။

၎င်းလယ်မြေများကိုလည်း နဂိုမူလပိုင်ရှင် လယ်သမား (၁၆)ဦးမှ လက်မှတ်ထိုးပြီး ရခိုင်ပြည်နယ်လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဝန်ကြီး နှင့် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင် ထံသို့တိုင်ကြား ထားကြောင်း သတင်းရရှိပါသည်။

Most read this week