မိုင်းခွဲခံနေရသဖြင့် ရခိုင် သဘာဝ သန္တာကျောက်တန်းများ ပျက်စီးနေ

မိုင်းခွဲခံနေရသဖြင့် ရခိုင် သဘာဝ သန္တာကျောက်တန်းများ ပျက်စီးနေ
by -
ထွန်းထွန်း

ကျောက်ဖြူမြို့နယ်မှ သဘာဝ အလျှောက် တည် ရှိနေသော ပင်လယ် ရေအောက်ရှိ သန္တာကျောက် တန်း များကို ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းမှ မိုင်း ခွဲပြီး ဖြိုချနေသဖြင့် သန္တာ ကျောက်တန်းများပျက် စီး နေကြောင်း သတင်း ရရှိသည်။

မိုင်းခွဲရာမှ ထွက်လာသော ကျောက်များကို ကရိန်းဖြင့် ကောက်ယူနေသော သင်္ဘောကြီး။ (ဓါတ်ပုံ- နိရဥ္စရာ)
ယခုအခါ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာ အနီးရှိ သန္တာ ကျောက်တန်းများကို မိုင်းခွဲဖြိုချပြီး နေကြောင်းကို ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

"ခုဆို လို့ရှိရင် ဇင်ချောင်းကမ်းခြေ တစ်လျှောက်မှာ သဘာဝအလျောက် ဖြစ်တည်နေတဲ့ သန္တာကျောက် တန်း တွေကို မိုင်းခွဲပြီး ဖြိုချနေတာကြောင့် သန္တာကျောက်တန်းတွေဟာ တစ်စ တစ်စ ပျက်စီး နေပါတယ်။ နေ့တိုင်းလိုလိုပါဘဲ သန္တာ ကျောက်တန်းတွေကို ဒိုင်နမိုက်နဲ့ ခွဲပြီး ဖြိုချနေပါ တယ်" ဟု ပြောသည်။

အဆိုပါ မိုင်းခွဲချလိုက်သော သန္တာကျောက်တန်းများမှ ကျောက်များကို ကရိန်းများ တပ်ဆင်ထားသော သင်္ဘောတစီးဖြင့် ပင်လယ်ထဲမှ ကောက်ယူနေပြီး မဒဲဆိိပ်ကမ်းသို့ ပို့ဆောင်နေသဖြင့် ကျောက်ထုတ်ရန် အတွက် မိုင်းခွဲနေသည်ဟု ဒေသခံများက ထင်မြင် ယူဆနေကြသည်။

ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့စီမံကိန်းနှင့် နီးစပ်သူ တစ်ဦးက ဒိုင်းနမိုက်များဖြင့် သန္တာ ကျောက်တန်းများကို ဖြိုခွဲချသည်မှာ မှန်ကန်ကြောင်း ပြောဆိုသော်လည်း သန္တာကျောက်တန်းများကို မိုင်းခွဲနေသည်မှာ ကျောက်ထုတ်လုပ်ရန် မဟုတ်ဘဲ တခြားအရေးကြီးသော ကိစ္စကြောင်း ဖြစ်သည်ဟု ပြောသည်။

" အခု တရုတ်က တည်ဆောက်နေတဲ့ မဒဲကျွန်းဆိပ်ကမ်းကို အဝင်ရေစူးက အနက်ပေ မီတာ ၁၅ မီတာဘဲ ရှိတယ်။ ဂါလံ သုံးသိန်းထိဆန့်တဲ့ ရေနံတင် သင်္ဘောတွေ ၀င်ရောက် ဆိပ်ကပ် မယ်ဆိုရင် ရေအနက် (ရေစူး) က အနည်းဆုံး မီတာ ၃၀ ရှိဖို့လိုတယ်။ ဒါကြောင့် ရေထဲမှာရှိတဲ့ သန္တာ ကျောက်တန်းတွေကို သူတို့ မိုင်းနဲ့ ခွဲချနေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

မိုင်းခွဲ၍ ထွက်ရှိလာသော ကျောက်များအား တချက်ခုတ် နှစ်ချက်ပြတ် အနေဖြင့် မဒဲဆိပ်ကမ်းတည် ဆောက်ရာတွင် အသုံးပြုနေခြင်း ဖြစ်သည်။

ယခုအခါ သဘာဝ အလျောက်တည်ရှိနေသော သန္တာ ကျောက်တန်းများမှာ မိုင်းခွဲ ဖျက်ဆီးမူကြောင့် ပျက်စီးနေသဖြင့် သဘာဝ ပတ်ဝန်းကျင်ကို အထူး ထိခိုက်နေသည်ဟု သိရသည်။ ပင်လယ် ရေအောက်ရှိ သန္တာ ကျောက်တန်းများ ပျောက်ကွယ်သွားပါက ရေပြင်တွင် အကာအကွယ်မရှိဖြစ်ကာ  ကမ်းခြေဒေသ များကို  ရေလိုင်းများ တိုက်ခတ်မူများနှင့် သဘာဝဘေး အန္တရာယ် ကျရောက်မူ ပိုမို များပြားလာနိုင် သည်ဟု သိရသည်။ သို့အတွက် ဒေသခံများအတွင်း စိုးရိမ်မူများလည်း တိုးပွားနေကြသည်ဟု သိရသည်။

ယခု ဖေါက်ခွဲ ဖျက်ဆီးနေသော ဇင်ချောင်း သန္တာကျောက်တန်းမှာ အရှည် သုံးမိုင်ခန့်ထိ ရှည်လျား ပြီး ကျောက်ဖြူ -ရမ်းဗြဲကားလမ်းဘေး ဇင်ချောင်းကျေးရွာအနီးတွင်တည်ရှိသည်။

Most read this week