စစ်တွေ ဗုံးကွဲ ၂ ဦးသေ၊ အများအပြား ဒဏ်ရာရ

စစ်တွေ ဗုံးကွဲ ၂ ဦးသေ၊ အများအပြား ဒဏ်ရာရ
by -
မောင်အေး

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘုမေရပ်ကွက် သဲချောင်း မွတ်ဆလင်ကျေးရွာတွင် ဗုံးတလုံး ပေါက်ကွဲခဲ့သည့် အတွက် ကလေး ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

စစ်တွေ ရဲစန်းအား ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ယခုလို ပြောသည်။

" ဗုံးကွဲတာ မှန်တယ်။ ဘာကြောင့် ကွဲတယ်ဆိုတာ မသိရသေးဘူး။ သွားရောက် စစ်ဆေး နေပါတယ်။ ခုလောလောဆယ် ဘာမှ မပြောနိုင်သေးဘူး" ဟု ပြောသည်။

စစ်တွေဆေးရုံကြီးမှ တာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ကလေးနှစ်ဦး သေဆုံးသွားကြောင်း ယခုလို အတည်ပြု ပြောကြားသည်။

" သေတာက ၁၀ နှစ် အရွယ် ကလေး တစ်ဦးနဲ့ ၁၂ နှစ်သား အရွယ် ကလေး တစ်ဦးတို့ ဖြစ်ကြပါတယ်။ နှစ်ဦးစလုံးက မွတ်ဆလင် ကလေးတွေ ဖြစ်ကြပါတယ်။ သဲချောင်းကပါ။ နေ့လည် ၂ နာရီခွဲမှာ ရောက်ပါတယ်။ ၃ နာရီခွဲမှာ ဆုံးသွားပါတယ်။ ဒီနှစ်ဦးဘဲ စစ်တွေ ဆေးရုံကို ရောက်ပါတယ်" ဟု ပြောသည်။

သေဆုံးသွားသူ ကလေးများမှာ မာမတ်ရော်ဖီးသား မာမတ်တာယတ် ခေါ် ချမ်းသာ ၁၀ နှစ်နှင့်နောက် တယောက်မှာ အဒူဆူကူသား ယာဇူမူဆူတာ ၁၂ နှစ်တို့ ဖြစ်ကြသည်။

ဗုံးပေါက်ကွဲမူနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးသော်လည်း ဂျပန်ခေတ်က ရရှိသော ဗုံးအဟောင်းကို ဆော့ကစားရာမှ ပေါက်ကွဲခြင်း ဖြစ်ကြောင်း စစ်တွေမြို့ခံ တစ်ဦးက ပြောသည်။

အဆိုပါ ဗုံးကွဲမူနှင့် ပတ်သက်ပြီး ရဲက သွားရောက် စစ်ဆေးနေကြောင်း သိရသည်။

Most read this week