ရွေးကောက်ပွဲ လုံခြံုရေး တာဝန်ယူ ကွပ်ကဲမည့် ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းစတင်

ရွေးကောက်ပွဲ လုံခြံုရေး တာဝန်ယူ ကွပ်ကဲမည့် ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းစတင်
by -
မဇ္စျိမ

 တိုင်းအဆင့် ရဲအရာရှိများအားလုံး ရွေးကောက်ပွဲဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုဆွေးနွေး

၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွင်း တစ်နိုင်ငံလုံး လုံခြံုရေး တာဝန်ယူကွပ်ကဲမည့် ရဲတပ်ဖွဲ့ဝင်များအတွက် လေ့ကျင့်သင်ကြားမှုများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း အမှတ် (၂) ရဲတပ်ရင်းများကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ် မြဝင်းက ဖေဖော်ဝါရီ ၂၃ရက်တွင် ပြောသည်။

၎င်းက ''ရွေးကောက်ပွဲ ရက်ကြေညာပြီးတာနဲ့ ရက်ပေါင်း ၉ဝအတွင်း မဲဆွယ်စည်းရုံးတာ၊ ရွေးကောက်ပွဲ လုပ်တဲ့နေရာတွေ၊ ဒါတွေအတွက် လုံခြံုရေးတာဝန်ယူမှာပါ။ အခု ရန်ကုန်က ဒု-ရဲအုပ်အထက်အဆင့် ၅၄ဦးကို နည်းပြအဆင့် စပြီးသင်တန်းပေးတယ်'' ဟု ဆိုသည်။

2015-Election-For-Security-Police-Training-01

မြန်မာတစ်နိုင်ငံလုံးရှိ ရဲတပ်ရင်း တပ်ဖွဲ့များထဲမှ ၂၁နေရာတွင် ဖေဖော်ဝါရီ ၂၃ရက်မှ ၂၇ရက်ထိ တစ်ပြိုင်နက် စတင်သင်တန်းများ ပို့ချခြင်း ဖြစ်သည်။

ယင်းအပြင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ တိုင်းအဆင့် ရဲအရာရှိများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ရက်မှ ၂၈ရက်အထိ ငါးရက်ကြာ ပြုလုပ်သွားမည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က မီဒီယာများကို ပြောသည်။

၎င်းက ''ပြည်သူ့ဝန်ထမ်းဖြစ်တဲ့အတွက် ပြည်သူလူထုအပေါ် ဘယ်လောက် သမာသမတ်ကျသလဲ၊ မျှတအောင် ဘယ်လိုရပ်တည်ချက်နဲ့ ဆောင်ရွက်မလဲဆိုတာ သိစေချင်လို့ အောင်ခြေအဆင့်ထိ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်တာပါ'' ဟု ဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ခုနှင့် နေပြည်တော်ကောင်စီ နယ်မြေများတွင် တစ်ပြိုင်တည်း ပြုလုပ်ခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်မှ ရဲအရာရှိ ၂ဝခန့် တက်ရောက်သည်။

ပြီးခဲ့သော ၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂ဝ၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကာလက လုံခြံုရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့ပြီး လာမည့် ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲကျင်းပချိန်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပိုမိုပြည့်စုံသော စံနှုန်းတစ်ရပ်ထားပြီး လုံခြံုရေးကိစ္စ ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲ ကျင်းပရခြင်း ဖြစ်ကြောင်းလည်း ရဲမှူးကြီးက ရှင်းပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂ဝ၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂ဝ၁၅ခုနှစ်၊ အောက်တိုဘာ နောက်ဆုံး အပတ်နှင့် နိုဝင်ဘာ ပထမအပတ်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး ယင်းမတိုင်မီ မဲဆန္ဒနယ် သတ်မှတ်ခြင်း၊ မဲစာရင်းထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်းတို့တွင် ရဲတပ်ဖွဲ့က တာဝန်ယူဆောင် ရွက်မည် ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား တစ်သိန်းနီးပါးဖြင့် မဲဆန္ဒနယ်ပေါင်း ၁,၁ဝဝကျော်တွင် လုံခြံုရေးတာဝန်ယူရ မည်ဖြစ်သဖြင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင်မူ ရဲတပ်ဖွဲ့အပြင် ကော်မရှင်မှ မဲရုံတာဝန်ရှိသူများနှင့် အခြားအထွေထွေအုပ်ချုပ်ရေး အဖွဲ့များကလည်း ပူးပေါင်းတာဝန်ယူမည်ဟု ရဲမှူးချုပ် မြဝင်းကဆိုသည်။

''ကျွန်တော်တို့ ၁၉၉ဝ၊ ၂ဝ၁ဝ၊ ၂ဝ၁၂တွေတုန်းကလည်း ဒီလိုပဲပူးပေါင်းပြီး လုံခြံုရေးကို ရယူပေးခဲ့တာပါပဲ ''ဟု ၎င်းက ပြောသည်။

၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲရုံပေါင်း ၃၉,ဝဝဝထားရှိခဲ့ပြီး လာမည့် ၂ဝ၁၅ရွေးကောက်ပွဲ သည်လည်း ယင်းပမဏထက် မနည်းရှိနိုင်သည့်အတွက် အင်အားတစ်သိန်းကျော်သာရှိသည့် ရဲတပ်ဖွဲ့သည် အခြားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။