တကျောင်းလျှင် ၂ ပါးသာ ဆွမ်းခံထွက်ရန် ကန့်သတ်

တကျောင်းလျှင် ၂ ပါးသာ ဆွမ်းခံထွက်ရန် ကန့်သတ်
by -
ငြိမ်းချမ်း
သံဃာတော်များ စုဝေးမိမည်ကို စိုးရိမ်သဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ လာမည့်လ ၃ ရက်နေ့ တွင် ပြုလုပ်မည့် သီတင်းကျွတ် လပြည့်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ကျောင်းတိုက် တတိုက်လျှင် သံဃာ ၂ ပါး ...

ဒါကာ (မဇ္ဈိမ)။      ။ သံဃာတော်များ စုဝေးမိမည်ကို စိုးရိမ်သဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ လာမည့်လ ၃ ရက်နေ့ တွင် ပြုလုပ်မည့် သီတင်းကျွတ် လပြည့်နေ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ ကျောင်းတိုက် တတိုက်လျှင် သံဃာ ၂ ပါး သာ ကြွရောက်ရန် မြို့နယ် အာဏာပိုင်များက ညွှန်ကြား ထားသည်။

စစ်တွေမြို့နယ်ရှိ ဘုန်းကြီးကျောင်းပေါင်း ၂၀၀ ကျော်မှ တကျောင်းလျှင် ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာ ၂ ပါးစီကိုသာ ကြွရောက်ခွင့် ပြုမည်ဟု အာဏာပိုင်များက လိုက်လံအကြောင်းကြားကာ ကြွရောက်မည့် သံဃာတော်များ ၏ ဘွဲ့အမည် စာရင်းကို တကျောင်းဝင် တကျောင်းထွက် ကောက်ခံနေခြင်း ဖြစ်သည်။

“ဆွမ်းဆန်စိမ်း လောင်းပွဲကို ကြွမယ့် သံဃာတွေရဲ့ စာရင်းကို ပေးရတယ်။ ဘွဲ့တော်၊ ဝါတော်၊ သက်တော်၊ နေရပ် လိပ်စာ၊ သီတင်းသုံးတဲ့ ကျောင်းနာမည် စတာတွေ ပါတယ်။ မယက (မြို့နယ်ကောင်စီ) က ဝန်ထမ်းတွေ လာကောက် တာပါ။ တနင်္လာနေ့က လာကောက်တာပါ” ဟု စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်မှ သံဃာတပါးက မဇ္ဈိမကို မိန့်ဆိုသည်။

စာရင်း ကောက်ခံမှုနှင့် ပတ်သက်၍ ရဲကျော်သူ ကျောင်းတိုက်မှ သံဃာတပါးက ဟုတ်မှန်ကြောင်း မိန့်သည်။

အဆိုပါ သံဃာက ဆက်ပြီး “မနှစ်က တကျောင်းက ၅ ပါးစီပဲ ပင့်တယ်။ အဲဒီနှစ်က ဆွမ်းခံ ထွက်ရတုန်း ကလည်း သူတို့ဆီက ပေးထားတဲ့ ရင်ထိုး တံဆိပ်ပါမှ၊ နောက်ပြီးတော့ ဆွမ်းခံ လိုက်တဲ့ ကျောင်းသား ကိုလည်း သူတို့ဆီက ထည့်ပေးတာ များတယ်။ ကြံ့ခိုင်ရေးက လူငယ်လေးတွေကို ထည့်ပေးတာပါ။ ဒီနှစ်ကျတော့ တကျောင်းက ၂ ပါးစီပဲ ပင့် ပါတော့တယ်။ ဆွမ်းခံတဲ့ နေရာမှာလည်း ဘယ်လို လုပ်အုံးမလဲ မသိသေးဘူး” ဟု ဆိုသည်။

စစ်တွေတွင် နှစ်စဉ် ကျင်းပသည့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို သံဃာ အပါး မကန့်သတ်ဘဲ၊ စည်ကားသိုက်မြိုက် ခဲ့သော်လည်း ၂၀၀၇ ခု စက်တင်ဘာ သံဃာ့ လှုပ်ရှားမှု အပြီး နောက်တနှစ်တွင် ၅ ပါးစီ ကြွချီခွင့် ပြုခဲ့ရာမှ ယခုနှစ် တွင် ၂ ပါးအထိ လျှော့ချ လိုက်ခြင်းလည်း ဖြစ်သည်။

“အရင်က သံဃာတွေက ရာ၊ ထောင် ချီပြီးပေါ့ဗျာ။ ဆွမ်းလောင်းတဲ့ အလှူရှင်တွေလည်း အတန်း အရှည်ကြီးစီ ပြီးတော့ သိပ်ပျော်စရာ ကောင်းတယ်” ဟု စစ်တွေမြို့သား ကိုဝင်းဆွေက မဇ္ဈိမကို ပြောသည်။

သီတင်းကျွတ် လပြည့်နေ့တွင် စစ်တွေမြို့ ဝင်္ကဘာ ဘောလုံကွင်း၌ မြို့ခံလူထုက လှူဖွယ်ပစ္စည်း အမျိုးမျိုးကို သံဃာတော် များအား နှစ်စဉ် ဆက်ကပ် လှူဒါန်းလေ့ ရှိသည်။

“လှူချင်တဲ့ လူကိုလည်း မလှူနိုင်အောင်၊ အလှူခံရမယ့် ပုဂ္ဂိိုလ်ကိုလည်း အလှူမခံရအောင် တားမြစ်တယ် ဆိုတာတော့ အတိုဆုံး ပြောရရင် အကုသိုလ် အလုပ်ပဲ။ ဘယ်လိုမှ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ အလုပ်မျိုးလို့ပဲ ဦးဇင်း ပြောချင်တယ်” ဟု ရန်ကုန်မြို့ အင်းစိ်န် ရွာမကျောင်းတိုက်မှ သံဃာတော် တပါးက မိန့်ဆိုသည်။

ပြုကျင့်လေ့ ရှိသည့် ဘာသာရေး ဆိုင်ရာ အလှူအတန်း လုပ်ငန်းအား လုံးဝ ဆန့်ကျင်သည့် အလုပ်တခုဖြစ်ပြီး၊ လုံခြံုရေး အတွက် စိုးရိမ် ပူပန်ရာမှ ဘာသာရေးကို ကန့်သတ် ချုပ်ချယ်ခြင်းသာ ဖြစ်ကြောင်း ရွာမကျောင်းမှ ဦးဇင်းက ဆက်လက် မိန့်သည်။

၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် စစ်အစိုးရက သံဃာတော်များ၏ ခရီး သွားလာရေးနှင့် အနီးကပ် စောင့်ကြပ်မှုများ စဉ်ဆက်မပြတ် ပြုလုပ် နေခဲ့ပြီး၊ ယခုလို ရွှေဝါရောင် လှုပ်ရှားမှု နှစ်ပတ်လည် ကာလဖြစ်သော စက်တင်ဘာလတွင် ပိုမိုတင်းကြပ် လာခဲ့ကြောင်း စစ်တွေမြို့ ဒက္ခိတရာမ ကျောင်းတိုက်မှ သံဃာတပါးက ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေနှင့် တောင်ကုတ်မြို့များမှ သံဃာတော်များသည် ရွှေဝါရောင် လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ ကြသည်။

“ဦးဇင်းတို့ ရခိုင် သံဃာတွေဟာ နိုင်ငံ့အကျိုး အတွက် လုပ်တာဟာ အခုမှ မဟုတ်ဘူး ဒကာကြီး။ လွတ်လပ်ရေး မရခင် ကတည်းက လုပ်လာတယ် ဆိုတာ ဆရာတော် ဦးဥတ္တမတပါးလုံး သက်သေရှိပါတယ်။ ဆိုလိုချင်တာက သူတို့က ဘယ်လောက်ပဲ ထိန်းချုပ် ထိန်းချုပ် တတ်နိုင်တဲ့ ဘက်က ဆက်လက် ရုန်းကန်ရမှာက ဦးဇင်းတို့ မျိုးဆက်သစ် သံဃာ တွေရဲ့ တာဝန်ဖြစ်တယ်” ဟု ဒက္ခိတရာမ ကျောင်းမှ သံဃာတော်က မိန့်ဆိုသည်။

ဗုဒ္ဓမြတ်စွာ ဘုရားသည် ယခင်ဘဝက မိခင်ဖြစ်ခဲ့သော မယ်တော် မာယာအား တရား ဟောကြားရန် အတွက်    တာဝတိ ံသာ နတ်ပြည်တွင်် ဝါဆို လပြည့်နေ့ မှစ၍ ၃ လကြာ သီတင်းသုံး တော်မူပြီးနောက် လူ့ပြည့်သို့ ပြန်လည် ဆင်းသက် လာခြင်းနှင့် သံဃာတော်များသည် ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ် လပြည့်နေ့အထိ ညအိပ်ညနေ ခရီးသွားခြင်း မပြုဘဲ ဝါတွင်း ၃ လ သီတင်း သုံး၍ ပြီးဆုံးခြင်းကြောင့် သီတင်းကျွတ် လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်ခဲ့သည်။

ထိုနေ့တွင် ဗုဒ္ဓဘာသာဝင်များက သံဃာတော်များအား ဆီးကြိုကာ အလှူအတန်း ပေး၍ ကုသိုလ်ရယူ ကြခြင်း ဖြစ်သည်။

Most read this week