နယူးဒေလီ (မဇ္စျိမ)။ ။ ရှမ်းပြည်နယ် အရှေ့မြောက် သံလွင်မြစ် အနောက်ဘက်တွင် တည်ရှိသော တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်း ဒုက္ခသည် စခန်းများ တည်ဆောက် နေခြင်းသည် ပြင်းထန်သည့် ပြည်တွင်းစစ်များ ထပ်မံ ဖြစ်ပွားမည့် လက္ခဏာ ဖြစ်နိုင်ကြောင်း ထိုင်းအခြေစိုက် စစ်ရေး ကျွမ်းကျင်သူ တချို့က ပြောဆိုလိုက်ကြသည်။
“ဆောက်တာ တကယ် သေချာတယ် ဆိုရင်၊ ဒါက ထူးခြား ဖြစ်စဉ်လို့ ပြောလို့ ရပါတယ်။ တရုတ်က တရားဝင် ကြိုတင် ဒုက္ခသည်စခန်း ဆောက်နေတယ် ဆိုတော့ နောက်ထပ် ပြင်းထန်တဲ့ ပြည်တွင်းစစ််တွေ ဖြစ်လာမယ့် အရိပ်လက္ခဏာ လို့ ပြောလို့ရပါတယ်” ဟု ထိုင်းအခြေစိုက် မြန်မာ့ စစ်ရေးကျွမ်းကျင်သူ ဦးဌေးအောင်က မဇ္စျိမကို ပြောသည်။
ဦးဌေးအောင်က “တရုတ်အစိုးရက အောက်ခြေကနေ စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တိတ်တဆိတ် ညှိနှိုင်းပေး နေတာ ရလဒ်က အောင်မြင်မှု မရတဲ့ သဘောမှာ ရှိတယ်” ဟု ပြောသည်။
အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အဆိုပြုချက်ကို လာမည့် လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ အကြောင်းပြန် ကြားရန် စစ်အစိုးရက သတ်မှတ် ပေးထားသည်။
“ကိုးကန့်တွေက အမာခံ နေတော့ ကျန်တဲ့ ဝ' နဲ့ မိုင်းလား တို့ကလည်း သူတို့ဂုဏ်သိက္ခာအရ ဆက်ပြီး တောင့်ခံမယ့် သဘောဆိုတော့ နယ်ခြားစောင့်တပ်ကို လက်ခံမှာ မဟုတ်ဘူး။ အဲဒီမှာတင် တင်းမာနိုင်တယ်” ဟု ထိုင်းအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။
ယခုလ ၂၄ ရက်နေ့မှ စတင်ကာ တရုတ်အစိုးရ အကူအညီဖြင့် မြန်မာဘက်ခြမ်း မုန်းကိုး ဒေသနှင့် ကပ်လျက်တည်ရှိ သည့် ယူနန်ပြည်နယ် အတွင်း ဒုက္ခသည်စခန်း ၃ နေရာသတ်မှတ်၍ တည်ဆောက် နေကြောင်း ထိုင်းအခြေစိုက် ကချင် သတင်းဌာန KNG က ယခုလ ၂၅ ရက်နေ့တွင် မုန်းကိုး ဒေသခံ ဒုက္ခသည် အေဂျင်စီ ပြောဆိုချက်ကို ကိုးကား ဖော်ပြခဲ့သည်။
မုန်းကိုး ဒေသသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် လောက်ကိုင်အခြေစိုက် ကချင် လွတ်မြောက် ရေး တပ်မတော် KIA တပ်မဟာနယ်မြေ အမှတ် ၄ နှင့် သံလွင်အရှေ့ဘက်ခြမ်းရှိ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA တို့ အခြေစိုက်ထားသည့် ဒေသများအကြား တည်ရှိသည်။
စစ်အစိုးရက ထိုးစစ် ဆင်လာပါက စုပေါင်းကာကွယ်ရန် ရည်ရွယ်၍ အပစ်ရပ် ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA နှင့် မိုင်းလားအဖွဲ့ ခေါ် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့NDAA စသည့် အဖွဲ့များက မဟာမိတ်များ အဖြစ် ဖွဲ့စည်းခဲ့သည်။
ဦးခွန်ဆိုင်းက “ဒီတခါ စစ်ပွဲ ဖြစ်ရင်တော့ ပိုပြင်းထန် လာနိုင်တယ်။ မိုင်းလားအဖွဲ့ကို တိုက်ရင်းနဲ့ ဝ' တွေကို ပိတ်ညှပ်မယ့် သဘောရှိတယ်” ဟု ပြောသည်။
နအဖ ထိပ်သီး ခေါင်းဆောင်များ ဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ပြီးခဲ့သည့် ဇွန်လအတွင်းက တရုတ်အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ဒေါက်တာတူးဂျာ အပါအဝင် KIO ခေါင်းဆောင်တချို့ အဖွဲ့မှ နုတ်ထွက် ခဲ့သော်လည်း၊ KIO က စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ကို လက်မခံဘဲ ကချင်လူမျိုးကို ကိုယ်စားပြုမည့် ကချင်ဒေသလုံခြံုရေးတပ်KRGF ကို ဖွဲ့စည်းရန် ရည်ရွယ်ထားသည်။
“ကချင်အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ သံလွင်အနောက်မှာ ဒုက္ခသည်စခန်း ဆောက်နေတော့ ဒီဘက်ခြမ်းက ဝ' ၊ ကိုးကန့်-တရုတ်တွေနဲ့ အခါတွေ ထွက်ပြေးလာရင် အဆင်သင့် ခိုနိုင်အောင်လို့ ဆောက်နေတယ်လို့ ယူဆတယ်” ဟု KNG အယ်ဒီတာ ကိုနော်ဒင်းက ပြောသည်။
ဆောက်လုပ်နေသည့် ဒုက္ခသည်စခန်း ၃ ခုကို ပလပ်စတစ် အထူစားဖြင့် ဆောက်လုပ်မည် ဖြစ်ပြီး၊ စခန်းတခုလျှင် ဒုက္ခသည် ၃၀၀၀ မှ ၆၀၀၀ အထိ လက်ခံနိုင်မည့် အဆောက်အဦးများ ဖြစ်ကြောင်း KNG က ဆိုသည်။
ပြီးခဲ့သည့် လနှောင်းပိုင်းတွင် ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ဒေသ အတွင်း စစ်တပ်က ထိုးစစ်ဆင်သဖြင့် မြန်မာ ဘက်မှ ကိုးကန့် စစ်ပြေးဒုက္ခသည် ၃၀၀၀၀ ခန့် တရုတ်နယ်စပ် ဒေသတွင်း ထွက်ပြေး ခိုလှုံခဲ့ကြရသည်။
စစ်အစိုးရထုတ် သတင်းစာများက လောက်ကိုင်ဒေသ ပုံမှန်အခြေအနေ ရောက်သွားပြီဟု ပြောဆိုနေသော်လည်း စခန်းများမှ ပြန်လည်ရောက်ရှိလာသူများ မရှိသလောက် နည်းပါးကြောင်း တရုတ်နယ်စပ်တွင် ရောက်ရှိနေသည့် ကုန်သည်တဦးက မဇ္စျိမကို ပြောသည်။
သူက “အိမ်ပြန်တယ် ဆိုတာက အိမ်ကို သွားကြည့်ကြတာ။ တယောက်၊ နှစ်ယောက် ပြန်ကြတာ။ ပြီးတော့ ပြန်လာကြတယ်။ ကြောက်နေကြတုန်းပဲ။ ဘယ်သူမှ မနေရဲကြဘူး” ဟု ပြောသည်။
သို့သော် တရုတ်နယ်စပ်တွင် ခိုလှုံနေကြသည့် ကိုးကန့်-တရုတ် လူမျိုးများ အနေဖြင့် လာမည့်လ လဆန်းပိုင်းတွင် နေရပ်သို့ ပြန်ကြရန် စီစဉ်နေကြောင်း သိရသည်။
“တရုတ် တည်ထောင်တဲ့ နှစ် ၆၀ ပြည့်နဲ့ တရုတ်ရိုးရာ လမုန့်ပွဲတော်အပြီး ရ ရက် နောက်ပိုင်းမှ ပြန်လာကြမယ်လို့ သိရတယ်” ဟု တရုတ်နိုင်ငံ နယ်စပ်မြို့ ရွှေလီတွင် နေထိုင်သူ မြန်မာကုန်သည် ဦးစိုင်းအိုက်မောင်းက ပြောသည်။
ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာပြည်ဘက်က တရုတ်နိုင်ငံသား ၁ ဦး သေဆုံးပြီး၊ ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်အာဏာပိုင်များက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။