နယူးဒေလီ (မဇ္စျိမ)။ ။ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးမြ၏ သားဖြစ်သူ ဦးဆောင်သည့် အဖွဲ့က KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် ပူးပေါင်းခြင်းသည် ပုဂ္ဂိုလ်ကိစ္စသာဖြစ်ပြီး ကရင် တမျိုးသားလုံးနှင့် မသက်ဆိုင်ကြောင်း မြန်မာ့အရေး လေ့လာသူတဦးက ပြောဆိုသည်။
ပြီးခဲ့သည့်လ ၃ဝ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ KNU/KNLA ငြိမ်းချမ်းရေးကော်စီ တည်ရှိရာ ထိုင်း-မြန်မာ နယ်စပ်ရှိ ထို့ကော်ကိုးရွာသို့ KNU ဥက္ကဋ္ဌဟောင်း (ကွယ်လွန်) ၏ သား ဗိုလ်ကြီး စောနေစိုးမြ ဦးဆောင်သည့် လူအင်အား ၁၆၁ ဦးက သွားရောက်ပူးပေါင်းခဲ့သည့်အပေါ် တရုတ်-မြန်မာနယ်စပ်နေ မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်ခြင်း ဖြစ်သည်။
“သိပ်ထူးထူးခြားခြား မဖြစ်ပါဘူး။ ဗိုလ်ချုပ်မြသား ဆိုပေမယ့် ဗိုလ်ချုပ်မြမှ မဟုတ်တာ။ တော်လှန်ရေးသမိုင်းမှာ ဒါတွေ ရှိနေမှာပဲ။ မိသားစု စကားနဲ့ ပြောရရင် သစ္စာဖောက် ခေါ်တာပေါ့။ ကရင်တမျိုးသားလုံးကို ကိုယ်စားမပြုပါဘူး၊ တဦးချင်းကိစ္စပဲ ဖြစ်တယ်” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။
ဗိုလ်ကြီး စောနေစိုးမြသည် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် မပူးပေါင်းမီ နေပြည်တော်ရှိ စစ်အစိုးရ ခေါင်းဆောင်များနှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။
၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် အင်အားစုအချို့သည် KNU မှ ခွဲထွက်ပြီး KNU/KNLA ငြိမ်းချမ်းရေးကော်စီကို ထူထောင်ခဲ့သည်။
ဗိုလ်ကြီး စောနေစိုးမြ ပူးပေါင်းရာသို့ ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဇော်မင်းနှင့် တပ်မတော်ခေါင်းဆောင်များက အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။
စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာထဲတွင် KNU ၏ ရည်မှန်းချက်နှင့် လုပ်ဆောင်ချက်များက ကရင် လူထု ကောင်းစားရေးနှင့် အလှမ်းဝေးရုံမျှမက ဒုက္ခတွင်းထဲသို့သာ တွန်းပို့နေသည်ကို အဆုံးတိုင် သိလာခြင်းကြောင့် ယခုလို ပူးပေါင်းလာခြင်းဖြစ်ကြောင်း ရေးသားဖော်ပြသည်။
ထို့အပြင် နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် နေအိမ်များ ဆောက်လုပ်၍ နေရာချပေးခြင်း၊ စိုက်ပျိုးလုပ်ကိုင်ရန် မြေနေရာများ သတ်မှတ်ပေးခြင်း၊ သောက်သုံးရေ၊ လျှပ်စစ်မီး ရရှိရေး စီမံပေးခြင်း၊ ကျန်းမာရေးနှင့် ပညာရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းအပြင် ရေရှည်စီမံချက်ဖြင့် ဆက်လက် ပံ့ပိုးကူညီပေးမည်ဟု ဆိုထားသည်။
သို့သော် လာရောက်ပူးပေါင်းသူများကို စစ်အစိုးရက လက်နက်ချရေး အစီအစဉ်ကိုမူ ဖော်ပြထားခြင်း မရှိပါ။
ထိုအစီအစဉ်နှင့် ပတ်သက်၍ လတ်တလောတွင် ဖိအားပေးမည့် အနေအထား မရှိသေးကြောင်း ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက မဇ္စိိျမကို ပြောသည်။
သူက “ဗိုလ်ထိန်မောင်တုန်းက နဲနဲ ပေးကိုင်ထားတဲ့ သဘောရှိတယ်။ ပေးကိုင်ဖို့ များတယ်။ လောလောဆယ် KNU ကို ပြန်တိုက်ဖို့အတွက် အသုံးချအုံးမယ်ဆိုတော့ မသိမ်းလောက်သေးဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးနှင့် KNU ခေါင်းဆောင်ပိုင်းသည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဘန်ကောက်မြို့သို့ ရောက်နေစဉ်မှာပင် KNLA တပ်ခွဲ ၂ဝ၁ ကို ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) (ယခင် KNU ခွဲထွက်အဖွဲ့) နှင့် နအဖ စစ်တပ်၏ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့သည်။
မြန်မာစစ်အစိုးရသည် KNU ကို တစချင်း ဖဲ့ထုတ်ခြင်းဖြင့် တဖြည်းဖြည်း အင်အားနဲသွားစေရန် ကြံစည်နေပုံရကြောင်း ဦးဝင်းမင်းက ပြောသည်။
“KNU ကို အားနဲအောင် လုပ်တဲ့နေရာမှာ ဒါ စစ်အစိုးရ လုပ်နေကျပါ။ ဖဲ့ထုတ်ပြီးတော့ သိမ်းသွင်းနေတာ ကြာခဲ့ပါပြီ” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် KNU သည် နှစ် ၆ဝ ခန့်ရှိသည့် သက်တမ်း အရှည်ကြာဆုံး အဖွဲ့ဖြစ်ကာ၊ ကရင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။