ချင်းမိုင် (မဇ္ဈိမ)။ ။ ပုံမှန်လုပ်နေကြ ရွေးကောက်ပွဲက အတိုက်အခံ စင်ပြိုင်အစိုးရ ၀န်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်းကိုပင် ပြန်လည်ရွေးချယ်လိုက်ကြသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) ၏ အကြီးအကဲကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်တွင် ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ လေးရက်ကြာပြုလုပ်သော ပြည်ပရောက် ပါလီမန်အမတ် ၃၀ ကျော်တက်ရောက်သည့် အစည်းအဝေးတွင် လျို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခြင်းဖြစ်သည်။
ရွေးချယ်မှုတွင် ၀န်ကြီးသစ် ၃ ဦးလည်း ပိုလာခဲ့ရာ အဖွဲ့ဝင် ရ ဦးပါ အစိုးရဖြစ်လာခဲ့သည်။ ယခင်ဝန်ကြီးများဖြစ်သော ဦးဘိုလှတင့်၊ ဒေါက်တာတင့်ဆွေ၊ ဦးခွန်မာကိုဘန်း တို့အပြင် ခွန်မြင့်ထွန်း (သထုံ မဲဆန္ဒနယ်)၊ ဦးဝင်းလှိုင် (တပ်ကုန်းမဲဆန္ဒနယ်) ၊ ဦးထွန်းဝင်း (မင်းပြား မဲဆန္ဒနယ်)တို့ကို ထပ်တိုးခန့်ခဲ့သည်။
အသက် ၆၄ နှစ်အရွယ် ဒေါက်တာစိန်ဝင်းသည် နေအိမ်အကျယ်ချုပ်ကျခံနေရသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အကိုတဝမ်းကွဲဖြစ်ပြီး သချင်္ာပါရဂူဘွဲ့ကို ဂျာမဏီတွင် ရရှိခဲ့သည်။ သူ၏ ဖခင် ဦးဘဝင်းသည် ဗိုလ်ချုပ် အောင်ဆန်း၏ အကိုဖြစ်ပြီး အာဇာနည်ခေါင်းဆောင်တဦးဖြစ်သည်။
အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီတွင် အခြေပြုလျက်ရှိသော အန်စီဂျီယူဘီကို ၁၉၉၀ တွင် လွှတ်တော်အမတ်များထဲမှ ပြည်ပရောက်နေသူများဖြင့် ထိုင်း-မြန်မာနယ်စပ်အနီးတွင် ဖွဲ့စည်းထားခဲ့ပြီး ဒေါက်တာစိန်ဝင်းက ထိုစဉ်ကတည်းက ဆက်တိုက်ရွေးချယ်ခံခဲ့ရသည်။
ဒဗ္ဗလင်အစည်းအဝေးတွင် မြန်မာစစ်အစိုးရကို ကုလသမဂ္ဂမှ ဖယ်ရှားရေး ဆွေးနွေးရာ သဘောတူညီမှုမရဘဲ ပယ်ချခံခဲ့ရသည်။ ပြည်ပရောက် အတိုက်အခံတပ်ပေါင်းစုကြီး တခုဖြစ်သည့် အန်စီယူဘီ ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီက မြန်မာစစ်အစိုးရသည် တရားမဝင်အစိုးရဖြစ်သဖြင့် ကုလသမဂ္ဂတွင် စစ်အစိုးရ၏ အဖွဲ့ဝင်နိုင်ငံတနိုင်ငံအနေဖြင့် ကို်ယ်စားပါ၀င်မှုကို ကန့်ကွက်ပယ်ချပါရန် ကြိုးစားနေခဲ့သည်။
ဇန်နဝါရီ ၁ ရက်နေ့က အန်စီယူဘီကလည်း စင်ပြိုင်အစိုးရတရပ်ဖွဲ့စည်းရန် ကြိုးစားသွား မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ရာ ပြည်ပအခြေစိုက် အတိုက်အခံများအကြား ငြင်းခုံ ဆူပွက်သွားခဲ့သည်။
မြန်မာစစ်အစိုးရက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့ပြီး အခြေခံဥပဒေကို ရေးဆွဲရန်သာ တာဝန်ရှိသည်ဟုဆိုကာ ရွေးချယ်ခံကိုယ်စားလှယ်အများစု သဘောမတူနိုင်သော အကန့်အသတ်များဖြင့် အခြေခံဥပဒေကို စိတ်ကြိုက်ကိုယ်စားလှယ်များဖြင့် ရေးဆွဲခဲ့သည်။