ကျိုင်းတုံ တောင်ပေါ်ကျေးရွာအချို့ ဆန်ပြတ်လပ် အငတ်ဘေးကြုံနေရ

ကျိုင်းတုံ တောင်ပေါ်ကျေးရွာအချို့ ဆန်ပြတ်လပ် အငတ်ဘေးကြုံနေရ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသ ကျေးရွာအချို့တွင် ဆန်ပြတ်လပ်မှုကြောင့် အငတ်ဘေးကြုံနေရကြောင်း စုံးစမ်းသိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ကျေးရွာ ၃၀ ဝန်းကျင်သည် ယမန်နှစ် ၂၀၂၄ တွင် ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ကြုံတွေ့ခဲ့ရသည်။

ထို့နောက် တောင်ပေါ်တွင် စိုက်ပျိုးထားသည့် ဆန်များကို ကြွက်များက ဖျက်စီးခြင်းကြောင့် ဆန်စပါး ပြတ်လပ်မှုကို ယခုနှစ် ကြုံတွေ့လာရခြင်းဖြစ်ကြောင်း တောင်ပေါ်ဒေသသို့ ကျန်းမာရေး ပရဟိတ လုပ်ဆောင်ပေးနေသည့် ဆရာဝန် နန်းမာလာဝမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနှစ်က ကြွက်တွေ အရမ်းသောင်းကျန်းတယ်။ သူတို့စိုက်ထားတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှုဖြစ်တဲ့အထိပဲ။ ဘာမှပြန်မရတဲ့သူရှိသလို တချို့ကျတော့ စားဖို့လောက်ပဲ ပြန်ရတယ်။ ပိုက်ဆံမရှိတော့ ဝယ်စားလို့လည်း မရဘူး။ ရေကြီးတောင်ပြိုတဲ့ နောက်ဆက်တွဲ ကြွက်ပေါလာတာပဲ” ဟု ဆရာဝန် နန်းမာလာဝမ်းက ဆိုသည်။

လက်ရှိ တောင်ပေါ်ဒေသ ဆန်ပြတ်လပ်မှုကြောင့် ဆန်အစား သီးနှံများ၊ ဖရုံသီးများ၊ ပိန်းဥများကို တူးပြီး စားသောက်နေရကြောင်း၊ အချို့လည်း ချေးငှား၍ စားကြသကဲ့သို့ အချို့ ရွာသားများသည် လုပ်အားခဖြင့် ဆန်လဲလှယ်ကြပြီး အကူညီများလည်း လိုအပ်နေကြောင်း ပရဟိတ ကျန်းမာ‌ရေးဆရာဝန် နန်းမာလာဝမ်းက ဆက်ဆိုသည်။

“ပိုက်ဆံရှိတဲ့သူကတော့ ဆန်ဝယ်စားကြတာပေါ့။ တချို့တွေကြတော့ ရှိတဲ့ ရွှေဖရုံသီးတွေ ပိန်းဥတွေစားကြတာ၊ တချို့ကျတော့ ရွာသူကြီးဆီမှာ ချေးငှားပြီးစားကြတယ်။ တချို့ကျတော့လည်း ကြိုက်တာခိုင်း ဆန်တော့ပေးဆိုပြီး တောင်းတာ” ဟု နန်းမာလာဝမ်းက ပြောသည်။

အလားတူ မိုင်းပျဉ်းမြို့နယ်ရှိ တောင်ပေါ်ဒေသ ကျေးရွာအချို့တွင်လည်း စပါးခင်းကို ကြွက်များ ဖျက်ဆီးသဖြင့် ဆန်ပြတ်လပ်မှုပြဿနာများ ကြုံတွေ့နေရကြောင်း သိရသည်။

“ဒီနှစ်က ပိုပြီးခက်ခဲကြတယ်။ မိုင်းပျဉ်းဘက်လည်း ဒီလိုပြဿနာ ကြုံတွေ့ရတယ်။ လူနာတွေ ဆေးခန်းလာပြရင် ကြားနေရတာ” ဟု ၎င်းဆရာဝန်က ထပ်လောင်းပြောသည်။

ထိုဆန်ပြတ်လပ်မှု အခက်အခဲများ ကြုံတွေ့နေရသည့် တောင်ပေါ်ဒေသ ကျေးရွာ ၃၀ ဝန်းကျင်သည် ကျိုင်းတုံမြို့နှင့် ၂၅ မိုင်ခန့် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများလည်းမရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသများသည် နဂိုကတည်းက ဆင်းရဲသည့်ဒေသဖြစ်ပြီး ထိုဒေသခံများသည် တောင်ယာကို အဓိက အားထားနေရသည့် ဒေသဖြစ်သည်။

April 10, 2025
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေအတွင်း ရွှေတူးဖော်ပြီး ဓာတုဆေးရေများ...
April 9, 2025
သျှမ်းပြည်အတွင်း ငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန်...
စစ်ခေါင်းဆောင်နှင့် UWSA၊ NDAA၊ SSPP/SSA ခေါင်းဆောင်များ ၂၀၂၂ ခုနှစ်အတွင်း နေပြည်တော်၌ တွေံဆုံခဲ့စဉ်။
April 8, 2025
သျှမ်းပြည် ‘ဝ’ဒေသအတွင်း UWSA ထိန်းချုပ် ပန်ဆန်းမြို့သို့ တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့်...
April 7, 2025
ပုံစာ - နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီးနောက် နောင်လင်ရွာ...