ထိုင်း-မြန်မာ နယ်စပ် မဲဆောက်အပါအဝင် မြို့နယ် ၅ မြို့နယ်တွင် စစ်ဆေးရေးတင်းကြပ်လာ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်အပါအဝင် မြို့နယ် ၅ မြို့နယ်တွင် စစ်ဆေးရေးတင်းကြပ်လာ

ထိုင်း-မြန်မာ နယ်စပ်တွင် ဖြစ်ပေါ်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှု ဖြစ်စဉ်များကြောင့် ထိုင်းအစိုးရအနေဖြင့် ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် နယ်စပ် မဲဆောက်အပါအဝင် မြို့နယ် ၅ ခုရှိ လမ်းတစ်လျှောက်တွင် ယနေ့ ဇန်နဝါရီ ၂၃ ရက်မှစ၍ စစ်ဆေးတင်းကြပ်မှုများ ပြုလုပ်လာသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်လမ်းကြောင်းဖြစ်သည့် မဲဆောက်၊ ဖုတ်ဖရ၊ အုန်းဖန်နှင့် မယ်လမ၊ ထဆောင်ရန် စသည့် မြို့နယ် ၅ ခုရှိ လမ်းမကြီးတစ်လျှောက်တွင် ထိုင်းအာဏာပိုင်များ ပူးပေါင်း၍ ဂိတ်ချစစ်ဆေးမှုများကို တင်းကြပ်ထားပြီး သွားလာသူများ အားလုံးနီးပါးကို စစ်ဆေးနေကြောင်း မဲဆောက်မှ အုန်းဖန်မြို့နယ်သို့ ဖြတ်သန်းသွားလာခဲ့သူ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ယခုလိုပြောသည်။

“မနက်ကနေစပြီး မဲဆောက်အထွက် မယ်ကုဂိတ်ကနေစပြီး စစ်တယ်။ ဖုတ်ဖရမှာဆို ၂ ဂိတ်တောင် ချထားတယ်။ ပြီးတော့ စီစီပယ်မှာလည်း စစ်တယ်။ ဟို အုန်းဖန်အထိ လမ်းတစ်လျှောက်လုံး ဂိတ်ခံပြီးစစ်တယ်။ လူကို ပိုစစ်တယ်။ မနက်ကတည်းက သွားတာ အုန်းဖန်ကနေ ပြန်လာတဲ့အထိ စစ်နေတုန်း” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မြဝတီခရိုင်အတွင်း တရုတ် ရုပ်ရှင်သရုပ်ဆောင် ဝမ်ရှင်း လူကုန်ကူးခံရသည့် ဖြစ်စဉ်နှင့် တရုတ်နိုင်ငံသား အများအပြား အွန်လိုင်းလူလိမ် လောင်းကစားရုံများတွင် ရောင်းစားခံရသည့် ဖြစ်ရပ်များကြောင့် တရုတ်အစိုးရအနေဖြင့် ထိုင်းအစိုးရအပေါ်  တောင်းဆိုမှုများပြုလုပ်ပြီးနောက်ပိုင်း ယခုလို နယ်စပ်လမ်းကြောင်းများကို စစ်ဆေးတင်းကြပ်လိုက်ခြင်းဖြစ်သည်။

အလားတူ မဲဆောက်မှ ထဆောင်ရမ်း မြို့နယ်အတွင်း သွားလာသည့် လမ်းတစ်လျှောက်တွင်လည်း စစ်ဆေးရေးဂိတ်များတွင် သွားလာမှုများကို တင်းကြပ်လိုက်ပြီး အဆိုပါ မြို့နယ်များကိုသွားလာပါက ၂၄ နာရီအတွင်း ဧည့်စာရင်း တိုင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

“ပုံမှန်အားဖြင့်ဆိုရင် camp (မယ်လဒုက္ခသည်စခန်း) အဝင်/အထွက်တွေမှာပဲ စစ်တာ။ အခုကျတော့ ကြားထဲမှာရှိတဲ့ မြို့တွေရဲ့ အဝင်/အထွက်တွေမှာ ရဲဂိတ်တွေ အကြီးအကျယ် စစ်တာတွေ့ရတယ်။ အရင်တုန်းက မချဘူး၊ ဂိတ်မရှိဘဲနဲ့ ထဆောင်ယန်း မြို့အဝင်မှာကို ရှယ်စစ်နေတာ” ဟု မယ်လ ဒုက္ခသည်စခန်းဘက်သို့ ခရီးသွားခဲ့သူ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါ မြို့နယ် ၅ မြို့နယ်အတွင်းရှိ နယ်စပ်ပေါက် ခိုးဝင်နိုင်သည့် လမ်းများကိုလည်း ထိုင်းအာဏာပိုင်ဘက်က လုံခြုံရေး တိုးမြင့်ထားပြီး အချို့ဝင်ပေါက်လမ်းများကို သံဆူးကြိုးခတ် ပိတ်ပစ်မှုများပြုလုပ်ကာ သတိပေးဆိုင်းဘုတ်များကိုပါ စိုက်ထူသတိပေးထားကြောင်း သိရသည်။

အလားတူ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်ကြသည့် နိုင်ငံခြားသားများကို ရှာဖွေဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး လူစည်ကားရာ စျေးဆိုင်ခန်းများ၊ တယ်ခိုခန်းများ၊ ဟိုတယ်နှင့် နိုင်ငံခြားသား အများစုနေထိုင်သည့် နေရာများကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ပြောဆိုမှုကို ကိုကားပြီး ထိုင်းသတင်းဌာနများက ဖော်ပြရေးသားကြသည်။

January 22, 2025
ငွေကြေးလိမ်လည်ဖြားယောင်းမှု (ကျားဖြန့်) ပြဿနာအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို...
January 22, 2025
မောင်ကျော်စွာ — အခုတလော ကျယ်ကျယ်လောင်လောင် ဖြစ်လာနေတဲ့ မြန်မာ - ထိုင်း နယ်စပ်၊ မြဝတီ -...
January 16, 2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့်...
January 14, 2025
ရှမ်းပြည်နယ် တောင်ပိုင်းရှိ စစ်ရှောင်များအတွက် နိုင်ငံတကာမှ ပေးပို့သည့် လူသားချင်းဆိုင်ရာ...