ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သားသေဆုံးမှု ၁၀ ဦးခန့်ရှိလာ

ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သားသေဆုံးမှု ၁၀ ဦးခန့်ရှိလာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပြီး ၂ ရက်အတွင်း အရပ်သားသေဆုံးသူ ၁၀ ဦးခန့်ရှိလာပြီလို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဗန်းမော် - မံစီအကြားရှိ စစ်တပ်စခန်းအားလုံး ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်နေပြီး ကာကင်းစခန်း ၇ ခု သိမ်းပိုက်ရရှိထားကာ တိုက်ပွဲဆက်ပြင်းနေသလို တစ်ဖက်မှာတော့ မြို့ပြင်နေရာတစ်ချို့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

“လက်နက်ကြီးကျကွဲတာတွေဗျ။ လေယာဉ်ကြဲတာမဟုတ်ဘူး။ ကျနော်တို့ရထားတာ ၁၀ ယောက်လောက်ရှိပြီ။ သေတဲ့သူက။ ခွန်သာရပ်ကွက်မှာဆို လမ်းမှာသေနေလို့ အလောင်းမကောက်ရဲတာရှိနေတယ်လို့ သတင်းရထားပါတယ်” လို့ ပြောပါတယ်။

ဒေသခံတွေပြောချက်အရ ဗန်းမော် - မံစီကြားမှာရှိတဲ့ ညောင်ပင်သာစခန်းကို KIA ပူးပေါင်းတပ်က မနေ့က သိမ်းပိုက်လိုက်ပြီးနောက် တစ်ဆက်တည်းမှာပဲ ဗန်းမော်မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ ခွန်သာရပ်ကွက် ဗလီနားနဲ့၊ တပ်ကလေးရပ်ကွက်မှာ လက်နက်ကြီးကျပေါက်ကွဲတာရှိသလို ဗန်းမော်တက္ကသိုလ်သွားလမ်းမှာရှိတဲ့ ဖန်းခါးကုန်းနဲ့ လက်ပံတန်းမှာလည်း လက်နက်ကြီးကျပေါက်ကွဲတာရှိတယ်လို့ သိရပါတယ်။

KNG က ရရှိထားတဲ့ အချက်လက်အရ လက်နက်ကြီးထိမှန်သေဆုံးသူတွေဟာ ခွန်သာရပ်ကွက်က ဒေါ်မြင့်မြင့်နဲ့ သမီးဖြစ်သူအပါအဝင် အသက် ၄၀ ကျော် အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦး၊ တပ်ကလေးရပ်ကွက် အမျိုးသား ၂ ဦး၊ ဖန်ခါးကုန်း ၃ ဦး၊ လက်ပံတန်း ၂ ဦးလို့သိရပြီး ဖော်ပြပါအချက်လက်ဟာ KNG သတင်းဌာန စုစည်းထားနိုင်တဲ့ အချက်လက်ဖြစ်တဲ့အပြင် လက်ရှိ ဗန်းမော်မှာ ဖုန်း၊ အင်တာနက်လိုင်းအခက်ခဲတွေလည်း ရှိနေတဲ့အတွက် မြေပြင်နဲ့ ကွာဟမှုရှိနိုင်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့စတင်လာတဲ့  KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ ဒီနေ့ဆို ၂ ရက်မြောက်ရှိပြီး ဗန်းမော်မြို့ပတ်ပတ်လည်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို ၃ မိုင်နဲ့ ခွန်သာရပ်ကွက် အဝင်/ထွက်၊ မြို့အဝင်/အထွက်အားလုံး ပိတ်ထားတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ဒီက‌နေ့ နေ့လည် ၁ နာရီဝန်းကျင်ခန့်ကစပြီး မြို့တွင်းရပ်ကွက်က တစ်ချို့ပြည်သူတွေဟာ လူမူကူညီရေးအဖွဲ့အကူညီနဲ့ အလံဖြူထောင်ကာ ထွက်ပြေးတိမ်းရှောင်နေသူတွေလည်းရှိတယ်လို့ သိရပေမယ့် အသေးစိတ်သိရဖို့ ခက်ခဲနေပါတယ်။

“မြို့ထဲမှာတော့ ဘာမဖြစ်သေးဘူး မြို့ပတ်ပတ်လည်က သေနတ်သံတွေဆူညံနေတယ်။ ခုမြို့ထဲကနေ ရှောင်ဖို့ပြင်တဲ့သူတွေလည်း ပြင်နေကြတယ်။ ခနတစ်ဖြုတ်တော့ ညောင်ပင်သာဘက်ဖွင့်ပေးတယ်လို့တော့ ကြားနေရတယ်” လို့ ဗန်းမော်မြို့ခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ဗန်းမော်နဲ့ မံစီမြို့နယ်နှစ်ခုမှာ တိုက်ခိုက်ပွဲဖော်ဆောင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က မနေ့က တစ်ရက်အတွင်း တပ်စခန်းငယ် ၇ ခုကို သိမ်းပိုက်ထားနိုင်ပြီး စစ်မျက်နှာပြင် ၃ နေရာမှာ တိုက်ပွဲဆက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

ဗန်းမော်ခရိုင်တွင်းမှာပါဝင်တဲ့ မိုးမောက်မြို့ကို ဩဂုတ်လမှာ KIA သိမ်းပိုက်ထားနိုင်ပြီး နောက်ထပ်ကျန်နေသေးတဲ့ ဗန်းမော်မြို့နဲ့ အနီးဆုံးမှာရှိတဲ့ မံစီမြို့နယ်ဘက်ကို ဆက်ပြီးထိုးစစ်ဆင်နေသလို ရွှေကူဘက်မှာလည်း စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်ဟာ မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်၊ ဗန်းမော်ခရိုင်၊  မိုးညှင်းခရိုင်ဆိုပြီး ခရိုင် ၄ ခု၊ မြို့နယ် ၁၈ ခုရှိပြီး လူဦးရေ တစ်သန်းကျော် နေထိုင်ပါတယ်။

အဲဒီထဲကမှ ဗန်းမော်ခရိုင်ဟာ ဧရာဝတီမြစ်ကမ်းနံဘေးမှာရှိပြီး စစ်ရေးအရ ရေလမ်းကြောင်းအချက်အချာကျတဲ့ ခရိုင်ဖြစ်ပါတယ်။

Most read this week

January 7, 2025
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA...
စစ်ကောင်စီဖမ်းဆီးထားတဲ့ စက်သုံးဆီသယ်ဆောင်တဲ့ မော်တော်ယာဉ်များ
January 7, 2025
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းအပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့...
January 6, 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ကျပ်သုံးသောင်းခွဲအထိ...
January 6, 2025
စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်တွင်းအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပြင် နိုင်ငံတကာအစိုးရတွေနဲ့လည်း...