တောင်ကြီး တန်ဆောင်တိုင်ကာလ ဖမ်းဆီးခံလူငယ် (၁၄၀) ကျော်ကို စစ်သင်တန်းပေးပြီး ရှေ့တန်းပို့

တောင်ကြီး တန်ဆောင်တိုင်ကာလ ဖမ်းဆီးခံလူငယ် (၁၄၀) ကျော်ကို စစ်သင်တန်းပေးပြီး ရှေ့တန်းပို့
တောင်ကြီးမြို့
တောင်ကြီးမြို့

တောင်ကြီး တန်ဆောင်တိုင်ကာလအတွင်း ဖမ်းဆီးခံခဲ့ရသည့် လူငယ် အယောက် (၁၄၀) ကျော်ကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး ရှေ့တန်းပို့နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလကတည်းက တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ညဘက် ပေါ်တာဆွဲဖမ်းဆီးမှုများပါ ထပ်မံပြုလုပ်ခဲ့ကာ တန်ဆောင်တိုင်ကာလအတွင်း ဖမ်းဆီးခံရသူ လူငယ် (၁၄၀) ကျော် ရှိခဲ့သည်။

အဆိုပါ လူငယ် (၁၄၀) ကျော်ထဲတွင် အမျိုးသမီးများလည်းပါဝင်နေပြီး ယခင်က ငွေပေးလျှင် ပြန်လွှတ်ပေးသော်လည်း ယခုအချိန်တွင် ငွေပေးလျှင်လည်းမရတော့ဘဲ ဖမ်းဆီးခံရသူများကို ကျိုင်းတုံဘက်သို့ စစ်သင်တန်းတက်ရောက်ခိုင်းကာ ရှေ့တန်းပို့လိုက်သည်ဟု ဖမ်းဆီးခံရသည့်လူငယ်များနှင့် နီးစပ်သူက ပြောသည်။

“တောင်ကြီးတန်ဆောင်တိုင် မတိုင်ခင်လေးက လူငယ်အများကြီး ROYAL တောင်ကြီးမှာ ၂၀ ကျော် အဖမ်းခံရတယ်။ မိန်းကလေးတွေလည်းပါတယ်။ PNO ဘက်က သားသမီးတွေကိုတော့ ပြန်လွှတ်တာပေါ့။ တစ်ခြား ဘာမှမရှိတဲ့သူတွေကတော့ ငွေနဲ့ပေးလည်း မရဘူး။ အဖမ်းခံရတယ်။ ပြီးရင် ကျိုင်းတုံဘက်ကိုပို့ပြီး ရှေ့တန်းပို့တယ်ကြားတယ်” ဟု အဆိုပါ နီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ဖမ်းဆီးခံရမှုများကြောင့် ညဘက် အပြင်မထွက်ရဲကြတော့ဘဲ ပိုက်ဆံပေးနိုင်ပြီး လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သူများသာ ညဘက် အပြင်ထွက်ကြတော့ကြောင်း တောင်ကြီးမြို့နေ လူငယ်တစ်ဦးက ပြောသည်။

ထို့ကဲ့သို့ စစ်ကောင်စီတပ်မှ ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာသောကြောင့် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် လုံခြုံရေးကို ပို၍စိုးရိမ်နေရကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကိုယ်က သားယောကျ်ားလေးမွေးထားရတော့ ပိုဆိုးတာပေါ့။ ညဘက်လည်း စိတ်ပူတယ်။ နေ့ဘက်လည်း ဘယ်သွားသွား စိတ်ပူတယ်။ ကိုယ်က ကျောထောက်နောက်ခံ ဘာမှမရှိတော့ စိုးရိမ်ရတယ်။ ပိုက်ဆံရှိရင်တောင် ပြန်ရွေးလို့ မရတော့ဘူးလေ” ဟု အဆိုပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလက်ရှိ တောင်ကြီးမြို့တွင် ညဘက် ၇ နာရီကျော်မှစပြီး မြို့ထဲနှင့် ရပ်ကွက်များတွင် လူသွားလာမှု နည်းပါးလာပြီး ညဈေးတန်းများ၌သာ လူအနည်းငယ်ရှိတော့သည်ဟု ဒေသခံများထံမှ သိရသည်။

Most read this week

January 7, 2025
သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ...
January 6, 2025
စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှုသည်...
လဲချားမြို့
January 4, 2025
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု...
January 2, 2025
သျှမ်းပြည်၊ လားရှိုးမြို့ပေါ် ရပ်ကွက်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က မီတာခနှင့် အမှိုက်ခွန်များ...