ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လုံခြုံရေးပိုတင်းကြပ်လာပြီး စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာလုပ်ဆောင်နေ

ဝိုင်းမော်မြို့နယ်မှာ စစ်တပ်က လုံခြုံရေးပိုတင်းကြပ်လာပြီး စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာလုပ်ဆောင်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်း KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် စစ်တပ်က လေကြောင်း၊ ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာအပြင် မြို့တွင်း၊ မြို့ပြင် စစ်ရေးပြင်ဆင်မှုတွေ သိသိသာသာ လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း နယ်စပ်ဒေသတွေဖြစ်တဲ့  ဆဒုံး၊ ချီဖွေ၊ ကန်ပိုင်တည်၊ ပန်ဝါ စတဲ့မြို့တွေအပါအဝင် နယ်မြေအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်လိုက်ပြီးနောက် KIA စိုးမိုးထားတဲ့နယ်မြေတစ်လျှောက် လေကြောင်းတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ပုံမှန်ဗုံးကြဲတာအပြင် မြို့အဝင်အထွက် လုံခြုံရေးတင်းကြပ်ပြီး စစ်ရေးလှုပ်ရှားတာမှု စတင်လာတာဖြစ်တယ်လို့ ဝိုင်းမော်မြို့ခံ အမျိုးသမီးတစ်ဦး KNG ကို ခုလိုပြောပါတယ်။

“ဒီတလောက ပိုသိသာလာတယ် သူတို့ သတင်းဘယ်လိုတွေရနေလဲတော့ မသိဘူး။ ၅၈ တပ်ရင်းရှေ့မှာလည်း လမ်းတွေပိတ်ထားတယ်။ ပန်ဝါ၊ကန်ပိုင်တည်သိမ်းပြီးနောက် ဒီဘက်မှာ အခြေအနေထူးလာတယ် သူတို့လည်း စိုးရိမ်နေပုံရတယ်။ ဒါကြောင့် သိသိသာသာ စစ်ရေးလှုပ်ရှားလာကြတယ်။ အင်အားတွေလည်း ထပ်ဖြည့်တာတွေရှိနေတယ်” လို့ ဝိုင်းမော် ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နယ်စပ်ဒေသရှိ နောက်ဆုံးကျန်နေတဲ့ ကံပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းလိုက်တဲ့နောက် နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာဘက်ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာလ ၂၇ ရက်နေ့ နန်ဇော်ယန်ရွာဘက် လေယာဉ်ဗုံးကြဲတာ၊ KIA/PDF တပ် လှုပ်ရှားနယ်မြေ နေရာတစ်ချို့ကို ဒရုန်းနဲ့ ပုံမှန်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝိုင်းမော် ခလရ ၅၈ တပ်ရင်းရှေ့မှာလည်း လမ်းပိတ်ထားကာ ခရီးသည်ကား၊ အိမ်စီးကား၊ ကုန်တင်ကား အားလုံးကို လုံး၀ ဖြတ်သန်းခွင့်မပေးဘဲ ဆိုင်ကယ်တွေကိုတော့ ခဏတဖြုတ် လမ်းပေးဖြတ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဝိုင်းမော်မြို့ဘက် စစ်ရေးလှုပ်ရှားမှုစတင်လာတာနဲ့ တစ်ချိန်တည်းမှာပဲ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကိုဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားကိုလည်း ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေတယ်လို့ သိရပါတယ်။

အလားတူ ဝိုင်းမော်မြို့ကနေ လိုင်ဇာသွားလမ်းပိုင်းရှိ ရွှေညောင်ပင်ရွာမရောက်ခင် ခတ်ချိုလမ်းခွဲ၊ ခါးရှီမှာလည်း လမ်းပိတ်ထားသလို ဝိုင်းမော်မြို့– ဆဒုံး– ကံပိုင်တည်လမ်း ဝိုင်းမော်မြို့အထွက် ခလရ ၅၈ တပ်ရင်းကနေ ၀ူယန်အထိ စစ်ကောင်စီတပ်ဘက်က နေရာယူလှုပ်ရှားနေပြီး ၀ူယန်အထက် ဝါရှောင်၊ ချီဖွေ၊ ဆဒုံး၊ ကံပိုင်တည်လမ်းပိုင်းအားလုံး KIA ဘက်က သိမ်းပိုက်ရရှိပြီး နေရာယူထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဝိုင်းမော်မြို့ထဲ၊ မြို့ပြင်အားလုံး လုံခြုံရေးတိုးမြှင့်တင်းကြပ်ထားသလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဧရာ၀တီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာဘက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့  ၂ ဖွဲ့စလုံး လှုပ်ရှားနေတာကြောင့် မကြာခဏ တိုက်ပွားနေဖြစ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် ဝိုင်းမော်မြို့မှာ တိုက်ပွဲဖြစ်လာမယ်ဆိုပါက ဝိုင်းမော်မြို့ထဲမှာရှိနေတဲ့ ဒေသခံပြည်သူတွေဟာ သွားလာရေး ပိုခက်ခဲလာနိုင်တဲ့အတွက် စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

“ဝိုင်းမော်ဘက်မှာ တိုက်ပွဲပြန်ဖြစ်လာရင်တော့ ကျမတို့စိုးရိမ်နေတာက ဘယ်ဘက်ကိုထွက်ပြေးရမလဲလို့ တွေးပူနေတယ်။ ဆဒုံးလမ်းဘက်ပဲ ထွက်ပြေးရမလား၊ ဆမားလမ်းဘက်ကပဲ ထွက်ပြေးရမလား စိတ်တွေက ဝေဝါးပြီး ရှုပ်ထွေးနေတယ်။ ဗလမင်းထင်တံတားလည်း ပိတ်လိုက်ပြီဆိုတော့ နောင်းချိန်းဘက်လည်း ထပ်စိုးရိမ်နေရပြန်ရော။ စစ်တပ်လည်းရှိတယ်။ KIA လည်းရှိတယ်လို့ပြောတယ်။ စိတ်တွေက ရှုပ်ထွေးပြီး စိတ်ညစ်နေတယ်” လို့ နောက်ထပ် ဝိုင်းမော် ဒေသခံအမျိုးသမီးက ဆက်ပြောပါတယ်။

လက်ရှိ ဝိုင်းမော်ဘက်မှာ စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်ပြီး စစ်ရေးပြင်ဆင်တာတွေပြုလုပ်ကာ လုံခြုံရေးတင်းကြပ်နေတဲ့အပြင် တိုက်ပွဲရှောင်ပြည်သူအမြောက်အများ တိမ်းရှောင်ခိုလှုံနေတဲ့ ဧရာ၀တီတစ်ဖက်ကမ်း ဗလမင်းထင်တံတားအထက်ဘက် နောင်းချိန်းကျေးရွာဘက်မှာလည်း လက်နက်ကိုင် နှစ်ဖက်တပ်လှုပ်ရှားမှုကြောင့် လုံခြုံရေးစိုးရိမ်နေရတဲ့အခြေအနေဖြစ်တယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဝိုင်းမော်မြို့နယ်တိုက်ပွဲကြောင့် ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံပြည်သူ ထောင်ချီဟာ ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါ ထိန်းချူပ်နယ်မြေဖြစ်တဲ့ နောင်းချိန်း–ဂွေထူ ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြတာ ၇ လခန့်ကြာလာပြီဖြစ်ပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကပဲ ဖျားနာပြီး ကွယ်လွန်သွားပြီဖြစ်ကာ သူထိန်းချုပ်ထားတဲ့ နယ်မြေမှာတော့ လက်ရှိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ နှစ်ဖွဲ့လုံး နေရာယူလှုပ်ရှားတာတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

ဝိုင်းမော်မြို့နယ်ဟာ မြစ်ကြီးနားမြို့ရဲ့ တစ်ဖက်ကမ်းမှာတည်ရှိပြီး ဝိုင်းမော်မြို့ကနေ ချီဖွေ–ဆဒုံး–ကံပိုင်တည်သွားလမ်းမကြီးရှိသလို၊ ဝိုင်းမော်–လိုင်ဇာ–ဗန်းမော်သွားလမ်းမကြီးလည်းရှိပြီး မြို့တွင်းလမ်းပိုင်းကလွှဲလို့ ကျန်တဲ့လမ်းပိုင်းအားလုံးနီးပါးကို KIA ကထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

January 7, 2025
မြစ်ကြီးနားမြို့ အထက်ဘက်၊ ဧရာဝတီ မြစ်ဆုံဒေသမှာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA...
စစ်ကောင်စီဖမ်းဆီးထားတဲ့ စက်သုံးဆီသယ်ဆောင်တဲ့ မော်တော်ယာဉ်များ
January 7, 2025
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းအပါအဝင် ဒေသတစ်ချို့ကို တရားမဝင် စက်သုံးဆီတင်ပို့တယ်ဆိုတဲ့...
January 6, 2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ MPT ဖုန်းဆင်းကဒ် တစ်ကဒ်ကို ကျပ်သုံးသောင်းခွဲအထိ...
January 6, 2025
စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်တွင်းအဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေအပြင် နိုင်ငံတကာအစိုးရတွေနဲ့လည်း...