ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို စစ်ကောင်စီသိမ်းယူ

ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို စစ်ကောင်စီသိမ်းယူ

ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့ စစ်ကောင်စီက ကြေညာပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ ကွင်းအမှတ် OSS၊ အမည် ကဝါးကွင်း၊ ဦးပိုင်ပေါင်း ၃၁ ခုရဲ့ မြေဧက ၁၀၀ ဒဿမ ၂၈ ဧကကို ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(၁) အရ အများပြည်သူအကျိုးငှာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အလိုရှိတယ်လို့  အောက်တိုဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ အမိန့်ပြန်တမ်းကြေညာလိုက်တာပါ။

မြေသိမ်းယူခြင်းကိစ္စအဝဝကို ဆောင်ရွက်ဖို့အတွက် မြေသိမ်းအက်ဥပဒေပုဒ်မ ၃(ဂ)မှာ  အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေအရ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးကို  

ကော်လိတ္တော်အရာရှိအဖြစ် ခန့်ထားတယ်လို့ သိရပါတယ်။

သတ်မှတ်ထားတဲ့မြေဧရိယာတွေက မိုင်းနားကနေ မင်းထင်တောင်သွားလမ်း၊ မိုင်းနားကနေ နောင်ချိန်းသွားလမ်းနဲ့ တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေကို သတ်မှတ်‌ဖော်ပြထားပါတယ်။

ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ စီမံကိန်းဏရိယာအတွင်းရှိ ဦးပိုင်ပေါင်း ၃၁ ဦးရဲ့ အမည်တွေကတော့ ဦးချိုသာဆဲလ် (N-၉/၁)/ (N-၉/၂)၊ ဦးအားဆာ (N-၁၃/၁)၊ ဦးဖူးကြီးဂွ (N-၁၈)၊ဦးအားဆယ် (N-၁)၊ ဦးဂျန်လနော် (N-၂)၊ ဦးဂွန်ဆန့် (N-၃)၊ ဦးဆွမ်လတူး (N-၄)၊ ဦးရှဒန်အောင်တူး (N-၅)/ (N-၆)၊ ဒေါ်ဂျာနန် (N-၇)၊ ဦးမုန်ဂွတ် (N-၈)၊ ဦးမာန်ဂျီလ (N-၁၀)၊ ကက်သလစ်ခြံ (N-၁၁)၊ ဦးအားဆာ (N-၁၃/၂)၊ ဦးသောင်းဒီ(မိတုန်ခမ်) (N-၁၂)၊ ဦးထိန်နန်လ (N-၁၄)၊ ဦးဂွမ်ဒိန်ဂမ် (N-၁၅)၊ ဒေါ်ဂျာဖာလု (N-၁၆)၊ ဒေါ်ကိုင်ဆိုင်နဲ့ဒေါ်ထုအိန် (N-၁၇)၊ ဦးဘောက်နော် (N-၁၉)၊ ဦးယွန်တူးဂျာ (N-၂၀)၊ ဦးအင်တန်ထိန်နန် (N-၂၁)၊ ဦးအူဒီနော်အောင် (N-၂၂)၊ ဦးအင်ဂျုံလဆိုင် (N-၂၃)၊ ဦးအင်ခွမ်လဂျာ (N-၂၄)၊ ဦးထိန်နန်လရော် (N-၂၅)၊ ဦးငွါအားခီး (N-၂၆)၊ ဦးခွမ်ဘွဲ့ဇော်ဂျွန်း (N-၂၇)၊ ပ.ယ.က(ကြက်ဆူခြံ) (N-၂၉)၊ မိုင်းနားကျေးရွာသုသာန်(မူလယာမြေ) (N-၂၈) တို့ရဲ့ လယ်မြေ ၂ ဒဿမ ၁၅ဧကနဲ့ ယာမြေ ၉၈ ဒသမ ၁၃ ဧက စုစုပေါင်း ၁၀၀ ဒဿမ၂၈ ဧက ဖြစ်ပါတယ်။

အဲဒီမြေကွက်တွေရဲ့ ဧရိယာကို ၂၀၁၉ -၂၀၂၀ ခုနှစ်အတွင်း အသုံးပြုတဲ့ မြေပုံတွေအရဖြစ်ပြီး အဲဒီမြေပုံကို မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ကြည့်ရှုစစ်ဆေးနိုင်တယ်လို့လည်း ဆိုထားပါတယ်။

မြေသိမ်းအက်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (၁)နဲ့ ပုဒ်မ ၉၊ ပုဒ်မခွဲ(၁) နဲ့ (၃) တို့မှာဖော်ပြထားတဲ့အတိုင်း အမိန့်ကြော်ငြာစာ ထုတ်ဆင့်ပြီးနောက် ၁၅ ရက်ကုန်ဆုံးတဲ့အခါ အဲဒီမြေကို သိမ်းယူပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ အဖြစ်အသုံးပြုဖို့အတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရမယ်လို့ မြေသိမ်း ကော်လိတ္တော်အရာရှိကို ညွှန်ကြားထားပါတယ်။

အဲဒီမြေကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ အသုံးမပြုတော့တဲ့နေ့မှာ နိုင်ငံတော်ကို ပြန်လည်အပ်နှံမယ်လို့လည်း နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြပါရှိပါတယ်။  

၁၈၉၄ ခုနှစ်၊ မြေသိမ်းဆည်းခြင်းအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁) ဒေသခတစ်ခုအတွင်းရှိ မြေကို အများပြည်သူအကျိုးနှင့် သက်ဆိုင်သည့် ရည်ရွယ်ချက်အတွက် အလိုရှိသည် သို့မဟုတ် အလိုရှိလာလိမ့်မယ်ဟု အစိုးရက ယုံကြည်လျင် ထိုကိစ္စနှင့်စပ်လျဉ်း၍ နို့တစ်အကြောင်းကြားစာ တစ်စောင်ကို မြန်မာနိုင်ငံ ပြန်တမ်းတွင် ကြော်ငြာရမည်။ ထို့အပြင် ကော်လိတ္တော်အရာရှိသည် ထိုနို့တစ်အကြောင်းကြားစာတွင်ပါရှိသည့် အချက်များကို ထိုဒေသရှိ သင့်လျော်သည့်နေရာများတွင် ပြည်သူသို့ထုတ်ပြန်ကြေညာရမည်။

မြေသိမ်းအက်ဥပဒေပုဒ်မ ၃(ဂ) ကော်လိတ္တော်အရာရှိဆိုသော စကားရပ်တွင် ဤအက်ဥပဒေအရ  ကော်လိတ္တော်အရာရှိတစ်ဦးက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်စေရန် နိုင်ငံတော်အစိုးရက အထူးခန့်ထားခြင်းခံရသည့် မည်သည့် အရာရှိမဆိုပါဝင်သည်လို့ ဖော်ပြပါတယ်။

မြေသိမ်းအက်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ (၁) အရေးပေါ်ကိစ္စများအတွက် အစိုးရက ညွှန်ကြားသည့်အခါ  ကော်လိတ္တော်အရာရှိသည် ယင်းသို့သော လျော်ကြေးငွေကို သတ်မှတ်ပေးရခြင်း မရရှိသည့်တိုင်အောင် အများပြည်သူ အကျိုးစီးပွားကြံရွယ်ချက်အတွက် သို့မဟုတ် ကုမ္ပဏီတစ်ခုအတွက် မြေလွတ်မြေလပ် သို့မဟုတ် စိုက်ပျိုးထွန်ယက်နိုင်သော မြေတစ်စုံတစ်ရာကို ပုဒ်မ ၉၊ ပုဒ်မခွဲ(၁) တွင် ဖော်ပြထားသည့်အတိုင်း နို့တစ်ကြော်ငြာစာကို ထုတ်ပြန်ပြီးနောက် ၁၅ ရက်မြောက်သောနေ့တွင် လက်ရောက်ရယူနိုင်သည်။ ယင်းမြေသည် အစိုးရအတွက် နှောင့်ယှက်ခြင်း၊ ဝန်တင်ခြင်း ကင်းစွာရရှိရလို့လည်း ပြဌာန်းထားပါတယ်။

မြေသိမ်းအက်ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(၁) ကော်လိတ္တော်အရာရှိသည် နိုင်ငံတော်အစိုးရက ထိုမြေကို သိမ်းဆည်းရန်ရည်ရွယ်ကြောင်း၊ ထို့အပြင် ထိုမြေတွင် အကျိုးခံစားခွင့်ရှိသူများက ၎င်းထံသို့ လျှော်ကြေးတောင်းခံနိုင်ကြောင်းဖော်ပြသည့် နို့တစ်ကြော်ငြာစာကို ထိုမြေပေါ်မှာဖြစ်စေ၊ ထိုမြေဩ အနီးတွင်ဖြစ်စေ သင့်လျှော်သောနေရာများ၌ ကြော်ငြာရမည် လို့‌ဖော်ပြထားတာပါ။

မြေသိမ်းအက်ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (၃) ကော်လိတ္တော်အရရှိသည် ထိုသို့သောနို့တစ်စာကို ထိုမြေအားလက်ရောက်ရယူထားသူရှိလျှင် ထိုသို့လက်ရောက်ထားသူထံသို့ ထို့အပြင် ထိုမြေနှင့်ပတ်သက်၍ အကျိုးခံစားခွင့်ရှိသည်ဟု သိရသူများသို့မဟုတ် ကျိုးခံစားခွင့်ရှိလိမ့်မည်ဟု ယုံကြည်ရသူများ သို့မဟုတ် ထိုသို့ အကျိုးခံစားခွင့်ရှိသူများအတွက် အရေးယူဆောင်ရွက်ခွင့်ရှိသူများ သို့မဟုတ် ဤကိစ္စနှင့်ပတ်သက်၍ ကိုယ်စားဆောင်ရွက်ရန် အခွင့်အာဏာပေးအပ်ခြင်းခံထားရသူများ (အကယ်၍ မြေတည်ရှိရာခရိုင်အတွင်းနေထိုင်ကြလျှင်) ထံသို့ နို့တစ်စာပေးပို့ အကြောင်းကြားရမည်လို့ ဖော်ပြပါရှိပါတယ်။

Most read this week

December 18, 2024
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းတပ်တွေကနေ စတင်လိုက်တဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေအတွင်း...
December 17, 2024
တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီမြို့မှာ ကုန်ပစ္စည်းတွေ ဝင်ရောက်မှုမရှိဘဲ ဈေးအဆမတန်...
December 13, 2024
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လရဲ့ တရုတ်ပြည်ခရီးစဉ်...