ကရင်နီတွင် ၁၁၁၁ စစ်ဆင်ရေးအလွန် အသွင်ပြောင်းစစ်ဆင်ရေးထပ်လုပ်မည်ဟု KNDF ပြော

ကရင်နီတွင် ၁၁၁၁ စစ်ဆင်ရေးအလွန် အသွင်ပြောင်းစစ်ဆင်ရေးထပ်လုပ်မည်ဟု KNDF ပြော

ကရင်နီတော်လှန်ရေးအင်အားစုများ လှုပ်ရှားရာဒေသများတွင် အသွင်ပြောင်းစစ်ဆင်ရေး ထပ်မံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ဗဟိုသတင်းနှင့်ပြန်ကြား ရေးတာဝန်ခံက ၁၁၁၁ စစ်ဆင်ရေးတနှစ်ပြည့်ဖြစ်သည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် မဇ္ဈိမကို ပြောသည်။

“၁၁၁၁ စစ်ဆင်ရေးက စပြီးတော့ လေးငါးလလောက်ကြာတဲ့အခါမှာ ဆက်ပြီး မဆင်နွှဲနိုင်တော့ဘူးပေါ့ နော်။ အဲဒီတော့ ခေတ္တရပ်နားထားတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း စစ်ဆင်ရေးကတော့ အသွင်နောက်တမျိုးနဲ့လာဖို့ရှိမယ်။ ၁၁၁၁ စစ်ဆင်ရေးရယ်လိုတော့မဟုတ်ဘဲနဲ့ အသွင်နောက်တမျိုးနဲ့ ပြန်လာဖို့ရှိပါတယ်” ဟု KNDF တာဝန်ရှိသူက ပြောသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင်စတင်ခဲ့သည့် ၁၁၁၁ စစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရွာသစ်နှင့် မိုးဗြဲ စသည့်မြို့ခုနစ် မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ယင်းမြို့များကိုထိန်းချုပ်ထားနိုင်ဆဲဖြစ်သော်လည်း စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များ ကြောင့် ၁၁၁၁ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိခဲ့သည့် လွိုင်ကော်မြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့မှ စခန်း အချို့ကိုမူ ပြန်လည်လက်လွှတ်ထားရကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီခန်း ၁၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်း ပိုက်နိုင်ခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီက ကုန်းသာ၊ ကယန်းသာယာနှင့် ပွန်ချောင်းစခန်းမှအပ ကျန်တပ်စခန်းများတွင် ပြန်လည်နေရာယူထားနိုင်ပြီဖြစ်ကြောင်း KNDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖယ်ခုံဘက်တွင်လည်း စစ်ကောင်စီထံမှသိမ်းပိုက်ထားနိုင်သည့် တပ်စခန်းများဖြစ်သည့် နမ့်ဖာမူ၊ ဗန်း မောက်၊ နောင်ဝိုးစခန်းများကို စစ်ကောင်စီကစစ်ကြောင်းထိုးသဖြင့် လက်လွှတ်ပေးခဲ့ရကြောင်း သိရ သည်။

သို့သော် ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ ထောက်ပို့လမ်းကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့ များက ဖြတ်တောက်ထားနိုင်ပြီး စစ်ကောင်စီ၏ရှေ့တန်းစခန်းအများစုကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း ဆိုသည်။

“၁၁၁၁ စစ်ဆင်ရေးကတော့ လွိုင်ကော်ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာမရှိပေမယ့် ကျနော်တို့ ကရင်နီ ပြည်နဲ့အဝန်းမှာ စခန်းတွေအများကြီးကို သိမ်းလိုက်နိုင်တယ်ပေါ့နော်။ စစ်ကောင်စီရဲ့ ထောက်ပို့လမ်း ကြောင်းကိုလည်း ဖြတ်တောက်နိုင်ခဲ့တယ်။ လွိုင်ကော်ကနေ ဒီးမော့ဆို၊ ဖရူဆို နောက်ပြီး ဘောလခဲ၊ ဖားဆောင်း အဲဒီဒေသဘက်တွေက လမ်းကြောင်းအားလုံးကို ကျနော်တို့ ဖြတ်တောက်လိုက်နိုင်တယ်။ စစ်ကောင်စီကတော့ ရဟတ်ယာဉ်တွေနဲ့လေကြောင်းကနေပဲ ထောက်ပို့ကို အားကိုးနေရတော့တဲ့အနေ အထားဖြစ်တယ်ပေါ့နော်။ ရှေ့တန်းစခန်းအတော်အများကို သိမ်းပိုက်နိုင်ပြီး မြို့အခြေစိုက်စခန်းတွေပဲ ကျန်နေတာပါ” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ရာချီလုပ်ဆောင်ကာ မြေပြင်မှလည်း ဖယ်ခုံနှင့် ပင်လောင်းဘက်ကို အပြင်းအထန်စစ်ကြောင်းထိုးနေကြောင်း သိရသည်။ ပွင့်လင်းရာသီရောက်လာသဖြင့် စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်ရရှိရန် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဆိုသည်။

“စစ်ကောင်စီကတော့ ပွင့်လင်းရာသီရောက်တာနဲ့ ဖရူဆို၊ ဘောလခဲဘက်ကို ထပ်ထိုးဖို့ပြင်ဆင်နေတာ လို့လည်း ခန့်မှန်းရတယ်။ နောက်ပြီး ဖယ်ခုံကနေ မိုးဗြဲ၊ မိုးဗြဲကနေ ဒီးမော့ဆိုဘက်ကို ထိုးဖို့ကလည်း လွယ်တဲ့အခြေအနေမျိုးဖြစ်တဲ့အတွက် သူတို့လက်လွှတ်ဆုံးရှုံးရတဲ့ မြို့တွေကို ပြန်စစ်ကြောင်းထိုးဖို့ ဖြစ် နိုင်တယ်ဗျ” ဟု KNDF က ပြောသည်။

နိုဝင်ဘာ ၁၀ ရက်နှင့် ယနေ့(နိုဝင်ဘာ ၁၁ ရက်)တို့တွင် စစ်ကောင်စီက ဖားဆောင်းမြို့နယ်အတွင်းရှိ ဝမ်အောင်း၊ နန်းကစ်၊ သံလွင်တံတားထိပ်၊ ပါပု၊ ငါးမိုင် စသည့်နေရာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အဓိကတော့ သူတို့က မြို့ထဲမှာပဲပိတ်မိနေတော့ ပတ်ပတ်လည်ကို သူတို့ဗုံးကြဲတဲ့ပုံစံပေါ့နော်။ တိုက်ပွဲ ကတော့ ဒီရက်ပိုင်းမဖြစ်ပါဘူး”ဟု ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး ဦးဗညားခွန်အောင်က ပြောသည်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG မှ ကောက်ယူထားသည့် အချက်အလက်များအရ ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်နေ့မှ ၂၀၂၄ နိုဝင်ဘာ ၁၁ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၈ ဦး၊ လက်နက်ကြီးကြောင့် ၆၉ ဦး သေဆုံးခဲ့ရကာ မြေမြှုပ်မိုင်းနင်းမိခြင်း၊ ပစ်ခတ်ခံရခြင်း၊ ဖမ်းဆီးခံ ရပြီးနောက် သတ်ဖြတ်ခံရခြင်း၊ လက်နက်ကြွင်းကျန်ပေါက်ကွဲခြင်းများကြောင့် သေဆုံးခဲ့ရသူ ၄၃ ဦးရှိ ကြောင်း သိရသည်။

ယင်းအပြင် ၁၁၁၁ စစ်ဆင်ရေး တနှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု၊ လက် နက်ကြီးပစ်ခတ်မှု၊ နေအိမ်မီးရှို့ခံရခြင်းနှင့် အခြားအကြောင်းအရင်းများကြောင့် အရပ်သား ၂၄၉ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅၅၆ လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

ယနေ့(နိုဝင်ဘာ ၁၁ ရက်)သည် ၁၁၁၁ စစ်ဆင်ရေးတနှစ်ပြည့်သည့်နေ့ဖြစ်သဖြင့် လွိုင်ကော်မြို့ပေါ်တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားကြောင်း ဒေသခံများက ပြောသည်။ ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်းတွင် စစ်ဘေးတိမ်းရှောင်နေရသူများလည်း ပိုတိုးလာနေပြီး အချိန်ကြာလာ သဖြင့် ပိုမိုခက်ခဲလာကြောင်း စစ်ရှောင်များကိုကူညီနေသူထံမှ သိရသည်။ ယင်းအပြင် ယနေ့ကဲ့သို့ နေ့မျိုးတွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်နိုင်သဖြင့် သတိထားနေထိုင်ကြရန် လိုအပ် ကြောင်းလည်း ၎င်းက သတိပေးသည်။

“ပိုပြီးတော့ပဲ ခက်ခဲလာတယ်ပေါ့နော်။ အခုက ဖယ်ခုံကလည်း တောက်လျှောက် ရှောင်လာကြတယ်။  နန်းမယ်ခုံနားကလည်း ပြန်ရှောင်ခိုင်းနေကြတယ်။ နောက်ပြီး လေကြောင်းတိုက်ခိုက်မှုကလည်း ရှိနိုင် တယ်။ ဒီမတိုင်ခင်ကတည်းကကို သူတို့စစ်ကြောင်းထိုးနေတာ လေယာဉ်တွေနဲ့လည်း ကြဲနေတယ်။ ဒီနေ့ ကတော့ ပိုပြီးသတိထားရမယ်ပေါ့နော်” ဟု စစ်ရှောင်များကို ကူညီပေးနေသူတဦးက ပြောသည်။

လက်ရှိတွင် ကရင်နီပြည်နယ်အတွင်း၌ စစ်ဘေးရှောင်စခန်း ၄၂၀ ခုရှိပြီး စစ်ဘေးရှောင်ဦးရေ ၂၅၀,၀၀၀(နှစ်သိန်းခွဲ)ထက်မနည်းရှိကာ စစ်ရှောင်စခန်းများတွင်ခိုလှုံနေသည့် စစ်ရှောင်များရှိသကဲ့သို့ နီးစပ်ရာကျေးရွာများတွင်နေထိုင်ကြသည့် စစ်ဘေးရှောင်များလည်းရှိကြောင်း ဦးဗညားခွန်အောင်ထံမှ သိရသည်။

ပုံအညွှန်း-ရှားတောမြို့တိုက်ပွဲ (ပုံဟောင်း)

ဓါတ်ပုံ -KNDF

 

Most read this week

အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...
၂၀၁၄ ခုနှစ်က ကလေးစစ်သားအဖြစ်စုဆောင်းခံရသူတဦးကို စစ်တပ်ကပြန်လွှတ်ပေးခဲ့  (Photo-AFP)(ပုံဟောင်းဖြစ်ပါသည်)
November 21, 2024
၂၀၂၁ ခုနှစ် အာဏာသိမ်မှုဖြစ်စဉ်နောက်ပိုင်း အသက် ၁၈ နှစ်အောက် ကလေးငယ် ၂,၀၀၀ နီးပါးကို စစ်ကောင်စီက...
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား။(ပုံ- ဒေါနတပ်ရင်း)
November 19, 2024
စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကြောင့် စစ်မှုထမ်းခဲ့ရသည့် ရဲဘော်ခြောက် ဦး...