ကျိုက်ထိုတွင် စစ်ကောင်စီ စစ်ကြောင်းပြန်ထွက်သွားသော်လည်း ဒေသခံအချို့ နေရပ်မပြန်ရဲသေး

ကျိုက်ထိုတွင် စစ်ကောင်စီ စစ်ကြောင်းပြန်ထွက်သွားသော်လည်း ဒေသခံအချို့ နေရပ်မပြန်ရဲသေး

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ သထုံခရိုင်/ တပ်မဟာ(၁)၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်ကောင်စီစစ်ကြောင်းမှာ နိုဝင်ဘာလ(၄)ရက်နေ့က သိမ်ဇရပ်သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သော်လည်း တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေကြသဖြင့် အချို့ကျေးရွာမှ ဒေသခံများမှာ လက်ရှိအထိ နေရပ်မပြန်ရဲကြကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၃၀)ရက်မှ စတင်ကာ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများသို့ အင်အား(၂၀၀)ထက်မနည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ပျဥ်းကတိုးကုန်း၊ ဝင်းကလော၊ ကျောက်ဖျာ စသည့်ကျေးရွာအုပ်စု(၃)စုရှိ ရွာပေါင်း(၁၇)ရွာမှ ဒေသခံစုစုပေါင်း (၅,၀၀၀)ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

၎င်းတို့အနက် ဝင်းကလောကျေးရွာအုပ်စုအောက်ရှိ ရွာ(၄)ရွာနှင့် ကျောက်ဖျာ ကျေးရွာအုပ်စု အောက်ရှိ ရွာ(၉)ရွာမှ ဒေသခံများမှာ စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွား၍ နေအိမ်ပြန်နေ ကြသော်လည်း ပျဥ်းကတိုးကုန်းရွာအုပ်စုရှိ ရွာ(၄)ရွာမှ ဒေသခံ (၁,၀၀၀) ထောင်ကျော်မှာ နေရပ်မပြန်ရဲကြသေးဟု ရွာသားတစ်ဦးက ပြောသည်။

၎င်းရွာသားက “ကျနော်တို့ ပျဥ်းကတိုးကုန်းအုပ်စုကတော့ အိမ်အကုန် မပြန်ရဲသေးဘူး။ ယောက်ျားလေး တစ်ယောက်စီကတော့ အိမ်ပြန်ကြည့်တာရှိတယ်။ ပြန်ကြည့်ပြီးပြန်ပြေးလာပေါ့၊ နေမရဲဘူးလေ။ တိုက်ပွဲဖြစ်မှာစိုးလို့။ တချို့က ကျနော်တို့နေတဲ့ တောင်ယာထဲက နေရာလွတ်မှာ လာနေတယ်။ တချို့ကတော့ ဇီးတောနဲ့ကမ်းနီရွာဘက်ကို ပြေးကြတယ်။ ဇီးတောဘက်ကို ပြေးတဲ့သူကပိုများပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုတစ်ခေါက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များမှာ ယခင်ကအရောက်နည်းသော ကျေးရွာများဘက်သို့ပါ တိုးဝင်လာသဖြင့် လူထုစိုးရိမ်ကြောက်လန့်မှု ပိုမိုဖြစ်ပွားရကြောင်းလည်း ကေအဲန်ယူ၏ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

ကေအဲန်ယူအနေဖြင့်လည်း စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသည့် (၆)ရက် တာကာလ အတွင်း နေရပ်စွန့်ခွာရှောင်တိမ်းကြရသည့် ဒေသခံများအတွက် လိုအပ်သည့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့်ဆေးဝါးများ ကူညီဆောင်ရွက်ပေးခဲ့သည်ဟု ပဒိုစောအေးနိုင်က ယခုလို ပြောဆိုသည်။

“ချောသိုခီး(ကျောက်ဖျာ)ဘက်က ပိုကြောက်ကြတယ်။ ဗမာစစ်သားတွေ တစ်ခါမှမရောက်စဖူး ရောက်လာတော့ အကုန်ပြေးရှောင်ကြတယ်။ စစ်သားတွေပြန်တာနဲ့ သူတို့လည်းပြန်ပေါ့။ ကေအဲန်ယူ ကျိုက်ထိုမြို့နယ်ဘက်ကလည်း နေရတဲ့အတောအတွင်း လုံခြုံရေးနဲ့ လိုအပ်တာစီမံပေးပါတယ်” ဟု ပဒိုစောအေးနိုင်က ကေအိုင်စီသို့ ပြောသည်။

ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းမှာ ကျိုက်ထိုမြို့အခြေစိုက်သည့် တပ်မ(၄၄) ခြေမြန် တပ်မဌာနချုပ်လက်အောက်မှ တပ်ရင်းများဖြစ်ပြီး စစ်ကြောင်းထိုးစဥ် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း မြေပြင်ရှိ စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

Most read this week

December 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် အရှေ့တောနယ်ဒေသသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒီဇင်ဘာ ၂၁...
December 23, 2024
ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည့် တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ...
December 21, 2024
KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၄)၊ ဘိတ် - ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့်...
December 20, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊...