ဇရပ်ကြီးဒေသ အနောက်ပိုင်းကျေးရွာများတွင် PDF ဟုဆိုကာ ပစ်သတ်ခံရသည့် ဒေသခံအချို့ ရှိနေ

ဇရပ်ကြီးဒေသ အနောက်ပိုင်းကျေးရွာများတွင် PDF ဟုဆိုကာ ပစ်သတ်ခံရသည့် ဒေသခံအချို့ ရှိနေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသအနောက်ဘက် ဒါးဒေါက်ကျေးရွာအုပ်စုတွင် စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟုစွပ်စွဲ၍ ပစ်သတ်ခံရသူ ဒေသခံအချို့ရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ဩဂုတ်လဆန်းပိုင်းကတည်းက နှစ်ဖက်စစ်ရေးပဋိပက္ခကြောင့် နယ်မြေပိတ်ဆို့လှုပ်ရှားမှုများ လုပ်ဆောင်နေသော စစ်ကောင်စီက ဒါးဒေါက်ကျေးရွာအုပ်စု၊ ကင်မွန်းချုံကျေးရွာအုပ်စုမှ ဇရပ်ကြီးမြို့သို့လာသည့် လမ်းမကြီးကိုပိတ်၍ ဖြတ်သန်းသွားလာသူများအား ပစ်မိန့်ပေးထားခြင်းဖြစ်သည်။

အထက်ပါအခြေအနေတွင် ပြီးခဲ့သည့်အပတ်အတွင်းက ဒါးဒေါက်ကျေးရွာအုပ်စုအပိုင်း၌ ပုပ်ပွ သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိရပြီး သေဆုံးသူမှာ ဇရပ်ကြီးသို့ ဈေးဝယ်ထွက်လာသူ ဒေသခံအမျိုးသားဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သည့် ဇရပ်ကြီးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ဒါးဒေါက်၊ မာလာကုန်း၊ သာယာကုန်း၊ ဒိုးတန်း၊ ပုဂံကွဲ ကနေ ဇရပ်ကြီးကို လောလော ဆယ်လာလို့မရတော့ဘူး။ ပြီးခဲ့တဲ့ရက်ကလည်း အဲဒီဘက်ကရွာသားတစ်ယောက် ဇရပ်ကြီးကို ဈေးလာဝယ်တာ လမ်းဘေးမှာပစ်သတ်ခံရတယ်။ သူ့အိမ်ကပေါ်မလာ ပေါ်မလာနဲ့ နှစ်ရက်သုံးရက်နေမှ ပုပ်ပွပြီးပြန်တွေ့တယ် သူက မိန်းလမ်းကြီးကနေမသွားဘဲ လမ်းခွဲတွေကနေ လျှောက်သွားတယ်နဲ့တူပါတယ်” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်တပ်က ဇရပ်ကြီးအနောက်ဘက်ကျေးရွာများသို့ဖြတ်သန်းသွားလာသူများကို ယနေ့အထိ တားမြစ်ပစ်ခတ်မှုများလုပ်ဆောင်နေသဖြင့် သေဆုံးသူ၏မိသားစုမှာ အလောင်းကောက်ယူရန် မသွားဝံ့သလို အလားတူ ပစ်ခတ်ခံရ၍ သေဆုံးထားသော အရပ်သားဟုယူ ဆရသည့်အလောင်းအချို့လည်း ရှိနေသည်ဟု သိရသည်။

ဖော်ပြပါအမျိုးသားက “မြေမြှုပ်ဖို့နေနေသာသာ အလောင်းတောင်မကောက်ရဲဘူး ။ အဲ့လိုပဲမကောက်ရဲတဲ့အလောင်းတွေရှိသေးတယ်။ အရပ်သားတွေလို့ပြောရမှာပဲ ဒါပေမဲ့ သူတို့(စစ်တပ်)အနေနဲ့ကတော့ ဒိုးတန်းတို့ပုဂံကွဲတို့ ဘက်တက်လာတဲ့သူတွေကို PDF အနေနဲ့ပဲသတ်မှတ်ပြီး လုပ်တာပေါ့။ ကျန်ခဲ့တဲ့ (၁၀) ရက်နေ့နဲ့ (၁၉)ရက်နေ့လောက်ကလည်း PDF ဆိုပြီး ပစ်သတ်လိုက်တာတွေကြားတယ်” ဟု ဆက်ပြောသည်။

ယမန်နေ့ကအထိ စစ်ကောင်စီက တောင်ငူမြို့မှနေ၍ ဇရပ်ကြီးအနောက်ဘက်ရှိ ကျေးရွာများတွင် တပ်ဖွဲ့အပြောင်းအလဲလုပ် နယ်မြေလှုပ်ရှားနေသည့်အပြင် စစ်ရှောင်ရာမှ ဒိုးတန်းကျေးရွာနေအိမ်သို့ ပြန်ကြသူအချို့ မိုင်းထိသေဆုံးမှုရှိလာသဖြင့် ဒေသတွင်းသတင်းအရင်းအမြစ်များအရ သွားလာရေးစိတ်ချလုံခြုံမှုမရှိသော အနေအထားလည်း ဖြစ်သည်။

ယခု ဩဂုတ်လ ပထမအပတ်က စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များ ကင်မွန်းချုံကျေးရွာအုပ်စုအတွင်း နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားရာမှစ၍ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် ဇရပ်ကြီးဒေသအတွင်း စစ်ရေးလှုပ် ရှားမှုများ ဖြန့်ကျက်ဆောင်ရွက်လျက်ရှိသည့်အတွက် ကင်မွန်းခြုံ၊ ဒိုးတန်း၊ ပုဂံကွဲ၊ နှစ်တန့်ကူး အစရှိသည့်ကျေးရွာတို့မှ ဒေသခံ(၂,၀၀၀)ကျော် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရသည်။

Most read this week

September 17, 2024
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ ရွှေ့ပြောင်းစာသင်ကျောင်းများကို ထိုင်းအစိုးရ...
September 16, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်...
September 16, 2024
မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အများစုရှိ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနေသည့်နေရာများသို့...
September 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး...