တိုက်ပွဲပြင်းထန်နေတဲ့ လမောင်စစ်တပ်ဗျူဟာကုန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာ စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ

တိုက်ပွဲပြင်းထန်နေတဲ့ လမောင်စစ်တပ်ဗျူဟာကုန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာ စစ်တပ် လေယာဉ်နဲ့ဗုံးကြဲ

ဖားကန့်မြို့နယ်အတွင်း KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ဗျူဟာတပ်စခန်းနဲ့ တောမှော်တပ်စခန်း ၂ နေရာကို စစ်တပ်က လေကြောင်းနဲ့ ၂ ကြိမ်တိတိလာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။

ဖားကန့်မြို့ကနေ ၅ မိုင်ဝန်းကျင်မှာရှိတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းနဲ့ ဖားကန့်မြို့ကနေ ၁၀ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ တောမှော်တပ်စခန်းကို KIA ပူးပေါင်းတပ် ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထိုးစစ်တိုက်ခိုက်နေပြီး မနက် ၁၀ နာရီ ၃၆ မိနစ်ဝန်းကျင်မှာတော့ စစ်တပ်ရဲ့ Y-12 လေယာဉ်နဲ့ ၂ ကြိမ်တိတိ လာရောက်ဗုံးကြဲသွားတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။

“တောမှော်မှာတစ်လုံး လမောင်ကုန်းမှာတစ်လုံးကြဲသွားတယ် ၁၀ နာရီ ၃၆ မိန်စ်ဝန်းကျင်မှာ ထိခိုက်တာတွေတော့ မကြားရသေးဘူး။ ခုထိလည်း လေယာဉ်ကဝဲနေတုန်းဘဲ ” လို့ ပြောပါတယ်။

လက်ရှိချိန်ထိ အဲဒီတပ်စခန်း ၂ နေရာစလုံးမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တာကြောင့် ထိခိုက်မှုရှိမရှိ အသေးစိတ်သိရဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ ဒီနေ့မနက်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ စစ်ရေးအရ မဟာဗျူဟာကျတဲ့ စခန်းဖြစ်ပြီး တောမှော်တပ်စခန်းက နှစ်ဖက်စလုံးရဲ့ ကာကင်းစခန်းချထားတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။

“ဖားကန့်မှာက မြို့ထဲက ဗျူဟာကုန်း၊ လုံးခင်းက ယမ်းချက်နဲ့ ခုတိုက်နေတဲ့ လမောင်ကုန်းတွေက ဖိုခနှောင့်လို လုပ်ထားတာဟုတ်တယ် ယမ်းချက်နဲ့မြို့ထဲ ဗျူဟာကုန်းကို အဓိကလက်နက်ထောက်ကူပစ်ပေးနေတဲ့နေရာ လမောင်ကုန်းဘဲ ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာ လက်နက်ကြီးအထိုင်ချထားတာ။ ဒီတိုက်ပွဲနေရာ လေကြောင်းပစ်ကူတဲ့အထိ ဖြစ်နေပြီဆိုတော့ အခြေနေတော့ တော်တော်လေးကောင်းနေပြီလို့ ယူဆရတယ်”လို့ ပြောပါတယ်။

လက်ရှိ တိုက်ပွဲဇုန်အနီးမှာရှိတဲ့ ပြည်သူတွေဟာ ဒီမနက် ၃ နာရီဝန်းကျင်ကနေ ထွက်ပြေးတိမ်းရှောင်နေကြရပြီလို့လည်း သိရပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ဟာ မြစ်ကြီးနားကနေ မိုင်အားဖြင့် ၉၀ ဝန်းကျင်ဝေးတဲ့နေရာမှာရှိပြီး ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလွန်းတာကြောင့် ခေတ်အဆက်ဆက် အစိုးရသက်တမ်းတစ်လျှောက် လူဦးရေစာရင်း တိတိပပ ကောက်ယူနိုင်ခြင်းမရှိတဲ့ နေရာဖြစ်ပါတယ်။

ဒါ့အပြင် အာဏသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေ မကြာခနထိတွေ့တိုက်ပွဲဖြစ်ပွားနေရာကနေ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းက စတင်ပြီး ဖားကန့်မြို့နယ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ မြစ်ကြီးနား–ဖားကန့်လမ်းပေါ်က နန့်ယား၊  နန့်တိန်း၊ အင်းတော်ကြီး–ဖားကန့် လမ်းပေါ်က ဝှေခါ၊ တာမခန်၊ ကသိုဏ်းတောင်၊ ဆယ်ဇင်းစတဲ့ တပ်စခန်းတွေကို သိမ်းယူထားနိုင်ပြီဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...