စစ်တွေမြို့နယ်ထဲ AA ဝင်ရောက်လာသည်ဟု သံသယဖြင့် စစ်ကောင်စီကလက်နက်ကြီးဖြင့် လှမ်းပစ်၍ ဝါဘိုကျေးရွာမှ စာသင်ကျောင်း၊ ဆေးရုံနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

စစ်တွေမြို့နယ်ထဲ AA ဝင်ရောက်လာသည်ဟု သံသယဖြင့် စစ်ကောင်စီကလက်နက်ကြီးဖြင့် လှမ်းပစ်၍ ဝါဘိုကျေးရွာမှ စာသင်ကျောင်း၊ ဆေးရုံနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

စစ်တွေမြို့နယ်ထဲ အာရက္ခတပ်တော် (AA) ဝင်ရောက်လာသည့် သံသယဖြင့် စစ်ကောင်စီက လက်နက်ကြီးများနှင့် ရခိုင်ကျေးရွာများကို ကြောက်လန့် ပစ်ခတ်နေရာ လက်နက်ကြီးကျည်အချို့ သည် ရခိုင်ရိုးရာ လက်ရက္ကန်းအထည်များ ထုတ်လုပ်လုပ်သော  ဝါဘိုကျေးရွာကို ကျရောက်ပေါက်ကွဲ၍ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနှင့် နေအိမ်အချို့  ထိခိုက် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

ဒေသခံတစ်ဦးက “ တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိပါ။ တပ်တော်ဝင်ရောက်လာတယ်လို့ သူတို့ကို အလိုလို သံသယဝင် ကြောက်လှန့်နေတာ။ အဲဒီနေ့က စစ်ကောင်စီက လက်နက်ကြီး အလုံး ၃၀ ကျော်ခန့် ပစ်ပါတယ်။ ဝါဘို‌ကျေးရွာဖက်ကို လှမ်းပြီးပစ်တာပါ။ လက်နက်ကြီးကျည်အချို့က ရွာကိုကျပါတယ်” ဟု ပြောသည်။

၎င်းပစ်ခတ်မှုကို ဇွန်လ ၂၉ ရက်  နေ့လယ်ပိုင်းတွင် စစ်တွေမြို့ ပါဒလိတ်တပ်ရင်း ခလရ (၂၃၂) နှင့် အမြောက်တပ်ရင်း (၃၇၃) တို့က ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ဆက်သွယ် ပြောကြားသည်။

၎င်းအပြင် ဒရုန်း ၄ စီးဖြင့်လည်း ဝါဘို‌ကျေးရွာကို လာရောက်ပစ်ခတ်သည့်အတွက်  စာသင်ကျောင်း နှင့် တိုက်နယ် ဆေးရုံများအပြင် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"ဖုန်းလိုင်း မမိတဲ့အတွက် အခုမှ ကျနော်တို့လည်း အခုမှ သိရတယ်။ ရွာမှာလည်း လူက သိပ်မရှိပါဘူး။ စစ်တပ်က လက်နက်ကြီးတွေ ပစ်လို့ ပြေးနေကြတာ ကြာပါပြီ။ အခု သိရတာက ကျောင်း နဲ့ ဆေးရုံတွေအပြင် နေအိမ် တချို့လည်း မီးလောင်တယ်။  အိမ် ဘယ်နှစ်လုံးလဲတော့ အတိအကျမသိရသေးပါဘူး။ ကံကောင်းလို့ ရွာမှာကျန်ခဲ့တဲ့ လူတချို့ကတော့ ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်"ဟု စစ်ဘေးရှောင်ဝါဘိုကျေးရွာသားတစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးကမူ ဝါဘိုကျေးရွာတွင်သာမက စစ်တွေမြို့နယ်မှ မင်းလှတွင် အိမ် ၃၀ ကျော်  မီးလောင်သွားခဲ့သည်ဟု ကြားသိရကြောင်း နိရဉ္စရာသို့ ပြောကြားသော်လည်း အတည်ပြုနိုင်ကြိုးစားနေဆဲဖြစ်ပါသည်။

လက်ရှိ လက်နက်ကြီး ပစ်ခတ်ခံရ၍ ထိခိုက်ပျက်စီးခဲ့ရသည့် ဝါဘိုကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော် လူဦးရေ ၂၆၀၀ ကျော်ရှိသည့် ကျေးရွာကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

 ဝါဘိုတိုက်နယ်ဆေးရုံကို လွန်ခဲ့သည့် ၂၀၁၀ ဝန်းကျင်ခန့်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝါဘိုတိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိသည်မှာ ၅ နှစ်ကျော်ရှိပြီဖြစ်‌သော်လည်း ယခင်က ဝါဘိုကျေးရွာအနီးအနားမှ ညိုရောင်၊ မင်းလှ၊ မြစ်နားကျေးရွာများမှ ဒေသခံများ စစ်တွေပြည်သူ့ ဆေးရုံကြီးသို့ သွားစရာမလိုဘဲ အဓိကအားထားခဲ့ရသည့် ဆေးရုံတစ်ခု ဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့နယ် အနီးတဝိုက်ရှိကျေးရွာများကို လက်နက်ကြီး ပစ်ခတ်မှုများအပြင် စစ်တွေမြို့ကို စစ်ကောင်စီက စစ်ရေးအင်အား တိုးမြှင့်လျက်ရှိပြီး လက်နက်ခဲယမ်းများကိုလည်း ဆက်တိုက် ဖြည့်တင်းနေကြောင်း သိရသည်။

ဇွန်လ ၂၉ ရက်နေ့တွင် အမှတ်(၁) ဆိပ်ကမ်းဖောင်တော်ကြီးမှာ ကပ်နေသည့် ရေတပ်နေဗီက စစ်အသုံးအဆောင် ပစ္စည်းများ နှင့် လက်နက်ခဲယမ်းများကို ၁၂ ဘီးကား ကြီးများ၊  ဖောကားကြီးများဖြင့်  နံနက် ၈ နာရီ မှ ‌ညနေ ၆ နာရီ အချိန်ထိ စစ်ကောင်စီတပ်ရင်းများကို အဆက်မပြတ် တင်ပို့ခဲ့ကြောင်း စစ်တွေဒေသခံများက ပြောသည်။

Most read this week

October 4, 2024
ရခိုင်ပြည်၊ တောင်ဖက်အစွန်ဆုံးတွင် တည်ရှိသော ဂွမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA...
October 3, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်အောက်ဘက် ပင်လယ်ပြင်တွင် စစ်ကောင်စီ...
October 3, 2024
ဧရာဝတီတိုင်းထဲကို စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်ပြည်သူများမှာ စစ်ကောင်စီထံ...
October 2, 2024
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများကြောင့် ရပ်တန့်နေရသည့် စစ်တွေ-အိန္ဒိယဆိပ်ကမ်းကို ပြန်လည်...