ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူ လူဦးရေ ထောင်ကျော် သောက်သုံးရေ ရှားပါးတဲ့ အခက်အခဲတွေကြုံနေရတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။
(CNO) သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက “ လက်ရှိဖလမ်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်နေတဲ့ လူဦးရေက ၁၇၀၀ ကျော်ရှိတယ် နောက်ပြီး တစ်ရွာထဲမှာ စုပြီးနေကြတာမျိုးမဟုတ်ဘူး ဖလမ်းအရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင်ကြသလို ဖလမ်းအနောက်ဘက်ခြမ်းမှာလဲ ရှိကြတယ် လက်ရှိ သောက်သုံးရေ ရှားပါးတဲ့ ပြဿနာဖြစ်တယ် ရေသွယ်လို့ ရအောင် ပိုက်ခွေတွေ အများကြီးလိုအပ်တယ်” လို့ပြောပါတယ်။
ဖလမ်းမြို့နယ်က ကျေးရွာပေါင်း ၈ ရွာမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူဟာ ၁၇၀၀ ကျော်ရှိပြီး အဓိက သောက်သုုံးရေရှားပါးမှု အပြင် စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား ငါးပိတွေလည်း လိုအပ်နေကြတယ်လို့ သိရပါတယ်။
ဖလမ်းမြို့နယ်မှာ စစ်ဘေးရှောင်ကြတဲ့သူတွေဟာ ကလေးမြို့နယ်ကနေ စစ်ဘေးလာရှောင်ကြတဲ့သူတွေနဲ့ ဖလမ်းမြို့နယ်က စစ်ဘေးရှောင်တွေ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။