မွန်ပြည်နယ်တွင် ကုန်သွယ်ရေးအတွက် အရေးပါသည့် ဘီလင်းမြို့ရှိ ကျုံအိတ်တံတားနှင့်မစောတံတားတို့ ဖောက်ခွဲရသည့်နောက် တောင်သူတို့လိုအပ်သည့် မြေသြဇာတချို့ ဈေးကွက်ထဲတွင် ပြတ်လပ်နေသည်ဟု သိရသည်။
လက်ရှိ မိုးစပါးရာသီစိုက်ပျိုးရာသီတွင် ကုန်သွယ်ရေးလမ်းပြတ်တောက်နေခြင်းကြောင့် ဓါတ်မြေသြဇာတို့ အမျိုးအစားအပေါ်မူတည်၍ လက်ရှိပေါက်ဈေးထက် တစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်သွားသည့်အပြင် လိုသလောက် ဝယ်ယူ၍ မရကြောင်း သိရသည်။
ချောင်းဆုံမြေသြဇာရောင်းဝယ်သူတစ်ဦးက “ အခုလောလောဆယ် ဈေးတွေကနည်းနည်းမြင့်နေတယ်၊ ဈေးကပုံမှန်မဟုတ်နေဘူး။ ငါးထောင်လောက်တက်သွားတာရှိတယ်၊ တစ်သောင်းလောက်တက်သွားတာရှိတယ်။ တောင်သူတွေအဝယ်များတဲ့ ပုလဲမြေသြဇာဆိုရင် မော်လမြိုင်မှာပြတ်နေတယ်။ ပစ္စည်းမရှိနေဘူး ထပ်မှာလို့လည်းမရနေဘူး ” ဟု ဆိုသည်။
မိုးစပါးသွင်းအားစုအတွက် အရေးပါသည့် မြေသြဇာတို့သည် လက်ရှိဈေးကွက်တွင် ပစ္စည်းပြတ်လတ်နေသည့်အပြင် ဈေးနှုန်းလည်းအဆမတန်မြင့်နေခြင်းကြောင့် ကောက်စိုက်ချိန်ရောက်မှသာ မြေသြဇာပြန်လည်ဝယ်ယူမည်ဟု ဆက်ပြောသည်။
မိုးစပါးစိုက်တောင်သူတို့သည် ယခုနှစ်မိုးစပါးစိုက်ရာသီတွင် မြေသြဇာဝယ်မသုံးနိုင်သည့်အခြေနေနှင့် ရင်ဆိုင်နေရသည့်အပြင် လျော့ချသုံးစွဲနေရသည်ဟု မိုးစပါးစိုက်တောင်သူတစ်ဦးကဆိုသည်။
၎င်းက “ မြေသြဇာက ဈေးကြီးလို့ ဝယ်လည်းမနိုင်တော့ဘူး။ အစိုးရကလည်း မထုတ်ပေးတော့ဘူး၊ စိုက်ပျိုးတွေဆိုရင်မြေသြဇာမထည့်လည်း နေလို့ရတယ်ဆိုတော့ ဒီနှစ်ကမထည့်တော့ဘူး။ ကျဲပျိုးတွေက မထည့်ရင် မရဘူးဆိုတော့ မနှစ်က တစ်ဧကကို တစ်အိတ်ထည့်နိုင်တဲ့အနေထားဆိုရင် ဒီနှစ်က တစ်ဧကကို အိတ်တစ်ဝက်လောက်ပဲထည့်နိုင်တော့တယ် ” ဟု ဆိုသည်။
မိုးစပါးတောင်သူတို့ ဝယ်ယူသုံးစွဲမှုအများဆုံးဖြစ်သည့် ပုလဲဓါတ်မြေသြဇာသည် မေလဆန်းပိုင်းတွင် တစ်အိတ် ၈ သောင်းကျပ်ဈေးရှိရာမှ လက်ရှိ ကျပ် ရှစ်သောင်းငါးထောင်အထိ ရှိနေသည်ဟု သိရသည်။
လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် မြေသြဇာ၊စက်သုံးဆီ၊ လုပ်သားငှားရမ်းခများ ဈေးနှုန်းကြီးမြင့်နေပြီး ငွေအရင်းအနှီးထုတ်သုံးနိုင်သည့်တောင်သူတို့ နည်းပါးနေခြင်းကြောင့် ယခုနှစ်တွင်လည်း စပါးထွက်နှုန်းလျော့ကျနိုင်မည်ဟု တောင်သူတို့က ခန့်မှန်းပြောဆိုလျှက်ရှိသည်။
စစ်ကောင်စီ လယ်ယာဖွံဖြိုးရေးဌာနမှ သွင်းအားစု ဈေးမြင့်တက်နေသော်လည်း စိုက်ပျိုးစရိတ်ချေးငွေတို့ကို တစ်ဧကကို တစ်သိန်းခွဲသာချေးပေးနေသည်ဟု သိရသည်။