ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် စစ်ရှောင်များ ပြန်လည်နေထိုင်ကြရန် ပြောဆိုနေမှုများသည် လက်တွေ့မကျပဲ စစ်ကောင်စီတပ်၏ ဝါဒဖြန့်မှုသာ ဖြစ်သည်ဟု ကရင်နီတော်လှန်ရေး အင်အားစုများက ပြောသည်။
စစ်ရေးအခြေအနေများ တင်းမာနေဆဲဖြစ်ပြီး၊ လုံခြုံမှု လုံးဝမရှိသေးသည့် လွိုင်ကော်မြို့တွင် ပြန်လည်နေထိုင် ရန် ဆိုသည့် သတင်းအချက်အလက်များ မေလ ပထမပတ်မှ စတင်၍ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဝါဒဖြန့်မှုနှင့်အတူ စစ်ကောင်စီက ကရင်နီပြည်၏ မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့တွင်းက ၎င်းတို့ ထိန်းချုပ်ထားသည့် နေရာများတွင် ပြန်လည်ထူ ထောင်ရေး ခေါင်းစဉ်သုံးပြီး အုပ်ချုပ်ရေးယန္တရားများကို ပြန်လည်ပတ်နိုင်ရန်အတွက် နည်းမျိုးစုံသုံးကာ ကြိုးစားနေသည်။
လက်ရှိတွင် လျှပ်စစ်မီးနှင့် ရေ ပုံမှန်ပြန်လည်ရရှိရေး လုပ်ဆောင်ပေးနေပြီဟု စစ်ကောင်စီကို ထောက်ခံသော တယ်လီဂရမ် ချယ်နယ်အချို့တွင် ဖော်ပြထားကြသည်။
လွိုင်ကော်မြို့ပေါ်က ရပ်ကွက်အချို့ဖြစ်သည့် မင်းစု၊ ဒေါနိုးကူး၊ ရှမ်းပိုင်း၊ ဒေါတမ၊ ကြည်သာယာ၊ နမ့်ဘော်ဝမ်၊ ဧက ၅၀၀၊ ရေနီကန်ရပ်ကွက်တို့တွင် လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဟုလည်း ပြောဆိုမှုများ ရှိလာသည်။
မြေပြင်က လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗဟိုသတင်း နှင့် ပြန်ကြားရေး တာဝန်ခံ စောတာအယ်စိုး က ယခုကဲ့သို့ ပြောသည်။
“ နှစ်ဖက်တိုက်ပွဲတွေတော့ ရံဖန်ရံခါရှိတယ်ပေါ့နော်။ တိုက်ပွဲ ကြီးကြီးမားမားတော့ မရှိသေးဘူး။ ဒါပေမယ့် စစ်ကောင်စီဘက်က လှုပ်ရှားနေတာမျိုးတော့ ရှိတယ်။ လွိုင်ကော်မြို့ထဲကိုတော့ ဝင်လို့မသင့်သေးတဲ့ အခြေ အနေမျိုးမှာ ဖြစ်ပါတယ်။ လုံခြုံရေး အခြေအနေကြောင့် ဖြစ်ပါတယ်။ စစ်မြေပြင် ဖြစ်နေတဲ့အတွက် လွိုင် ကော်မြို့ထဲကို ပြန်ရောက်နေထိုင်တာတွေ ပစ္စည်းပြန်ဝင် ယူတာတွေက အန္တရာယ်များတဲ့ လုပ်ရပ်ပဲ ဖြစ်တယ် ပေါ့နော်။ အဲဒါကြောင့် ဝင်ရောက်ဖို့ မသင့်သေးဘူးလို့ပဲ ပြောချင်ပါတယ်။”
လွိုင်ကော်မြို့၏ အနေအထားက ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက်ရှိနေပြီး စစ်ဇုန်ဖြစ်နေသေးသည့် အတွက် ပြည်သူများအနေဖြင့် ပြန်ဝင်နေခြင်းမျိုး၊ ပစ္စည်းများ ပြန်သယ်ခြင်းမျိုး လုံးဝ မလုပ်သင့်သေးဘူးဟု ဆိုသည်။
စစ်တပ်ဘက်က ပြည်သူလူထုအား မြို့ထဲတွင် ပြန်နေထိုင်ကြဖို့ ပြောဆိုနေခြင်းမှာ ဝါဒဖြန့်မှု တစ်ခုသာ ဖြစ်ပြီး စစ်ပွဲများထဲ လူသားဒိုင်းကာအဖြစ် အသုံးပြုရန် လုပ်နေသော စစ်ကောင်စီ၏ ဗျူဟာတစ်ခုသာ ဖြစ်သည်ဟု စောတာအယ်စိုး က ဆက် ပြောသည်။
“လွိုင်ကော်မြို့က စစ်မြေပြင်ဖြစ်နေပါတယ်။ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ဆိုတာက မဖြစ်နိုင်ဘူးပေါ့ စစ်ကောင်စီဘက်က သက်သက် ဝါဒဖြန့်ချီနေခြင်း ဖြစ်ပါတယ်။ လွိုင်ကော်မြို့ကို ပြန်လာအောင် ပြည်သူတွေ ကို လူသားဒိုင်းအဖြစ် ပြုလုပ်ပြီးတော့မှ တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းမယ့် သူတို့ရဲ့ ဗျူဟာပဲပေါ့နော်။ ဆိုတော့သူတို့ရဲ့ ဝါဒဖြန့်မှု သက်သက် ဖြစ်တယ်။”
လွိုင်ကော်မြို့အတွင်း လတ်တလော စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့်အပြင် နေရာအချို့၌ စစ်တပ်က စစ် ကြောင်းထိုးခြင်းများပါ လုပ်နေသည်ဟု စောတာအယ်စိုးက ပြောသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်မှုကြောင့် မေလ ၅ ရက်နေ့တွင် ညောင်ရွှေရှိ လွိုင်ကော်စစ်ဘေးရှောင် အိမ်ထောင်စု ၅ စုသည် နေရပ်ကို ပြန်လာကြရာ တော်လှန်ရေးတပ်ဖွဲ့များက ၎င်းတို့၏ ဂိတ်တွင် လုံခြုံမှုမရှိသေးကြောင်း နှင့် မြို့ထဲကို မဝင်ကြသေးဖို့ စာကပ်ထားသည့်အတွက် လှည့်ပြန်ခဲ့ရသည်ဟု စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြော သည်။
ရှမ်းပြည်နယ် တောင်ပိုင်းအထိ စစ်ရှောင်သွားကြရသည့် ကရင်နီစစ်ရှောင်များက ၎င်းတို့ ရောက်နေသည့် နေရာ များ၌ နေရာထိုင်ခင်း အဆင်မပြေမှု၊ စားဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုများကြောင့် နေရပ်ရင်းကို ပြန်ရန် ကြိုးစားနေကြသည်။
ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်များက တစ်လေးလုံး စစ်ဆင်ရေး စတင်ပြီးနောက် ကရင်နီပြည်၏ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း လွိုင်ကော်မြို့ကိုမူ သိမ်းယူနိုင်ခြင်း မရှိသေးပေ။