လွတ်လပ်ရေးကြေညာမည့်အစီအစဥ်မရှိသေးကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆို

လွတ်လပ်ရေးကြေညာမည့်အစီအစဥ်မရှိသေးကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆို

ရက္ခိုင့်တပ်တော် ( AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဘီဘီစီ(မြန်မာပိုင်း) နှင့် ယမန်နေ့ ဖေဖော်ဝါရီ ၁ရက်နေ့က ပြုလုပ်သည့် အင်တာဗျူးတွင် “ ယခုအချိန်တွင် လွတ်လပ်ရေး ကြေညာမည့် အစီအစဥ်မရှိသေးသလို ယခင်ကလည်း လွတ်လပ်ရေး ကြေညာဖို့ မပြောခဲ့ကြောင်း” ထုတ်ဖော် ပြောဆိုလိုက်သည်။

ရက္ခိတအိပ်မက်ပြီးမြောက်ခြင်းဆိုသည်ကို အဓိပ္ပါယ်ဖွင့်မည်ဆိုလျှင် အပြီးသတ်ဖြစ်တည်သည့် ရခိုင့်အချုပ်အချာအာဏာကို ပြန်ကြေညာသည့် အဓိပ္ပါယ်မျိုးဖွင့်နိုင်လားဟု ဘီဘီစီက မေးမြန်းသည့် အပေါ် ထိုသို့ တုံ့ပြန် ဖြေကြားသွားခြင်းဖြစ်သည်။

“သို့သော်လည်း မြန်မာနိုင်ငံတွင် ယခင်နှစ်ပေါင်း ၇၀ အတွင်း ဗမာစစ်တပ်မှဦးဆောင်ပြီး ပုံမှန်ယူဆထားသော လမ်းကြောင်းအတိုင်းသွားလျှင် မိမိတို့လိုချင်သည့် အတိုင်းအတာကို မပြည့်မီနိုင်ဆိုသည်ကို သိထားကြောင်း၊ မိမိတို့လိုချင်သည့် ရသင့်သည့် အတိုင်းအတာကို မရနိုင်ဟုဆိုလျှင် တခြားသောစဥ်းစားမှုများလည်း ရှိလာနိုင်သည်” ဟု ဆက်လက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားသည်။

ဘီဘီစီ(မြန်မာပိုင်းအစီအစဉ်)က  “ရက္ခိတအိပ်မက်က ယခုတချီတွင် ပြည့်မြောက်တော့မည်ဟု  ယုံကြည်ပါသလား” ဟု ဆက်လက် မေးမြန်းသည်။

ထိုမေးခွန်းအပေါ်  ဗိုလ်ချုပ်ထွန်းမြတ်နိုင်က  “စကားကို အဆုံးမပြောလိုကြောင်း၊ သို့သော်လည်း အခက်ခဲဆုံး အချိန်တွင်တောင်မှ အကောင်းဆုံး ကြိုးစားခဲ့ကြောင်း၊ ယခုအချိန်တွင် မျှော်လင့်ချက်များမှာ ပိုနီးကပ်ပီပြင်လာသည်” ဟု ဖြေကြားသည်။

၎င်းပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “လက်ရှိ အချိန်သည် ရခိုင်ပြည်သူတစ်ရပ်လုံး စည်းစည်းလုံးလုံးနှင့်  ခွန်အားအပြည့်ဖြင့် ရပ်တည်နေသည့် ကာလဖြစ်၍ အရင်ထက်ပိုပြီးမှ ခွန်အားများစိုက်ပြီး အကောင်းဆုံးကြိုးစားနေသည့် အနေအထားဖြစ်ကြောင်း”  ပြောဆိုသည်။

" ကျွန်တော်တို့စစ်မြေပြင်မှာ ဒုက္ခတွေကိုခါးစည်းခံနေတဲ့ ပြည်သူတွေကိုယ်၌က ငါတို့အိမ်တော့ မီးလောင်သွားပြီ။ ငါတို့တရပ်ကွက်လုံးလည်း ရန်သူတွေက မီးရှို့ပစ်လိုက်ပြီ။ ဒါကြောင့် အပစ်မရပ်ဖို့ဘဲ လိုတယ်။ လွတ်မြောက်ရေးရရင်ပြီးပြီ။ တိုက်စရာရှိတာကို တိုက်ကြပါဆိုတဲ့ ဒီ စည်းစည်းလုံးလုံးနဲ့ ခွန်အားအပြည့်နဲ့ရပ်တည်နေတဲ့ ကာလဆိုတော့ အရင်နဲ့စာမယ်ဆိုရင် မျှော်လင့်ချက်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အရင်ထက်ပိုပြီးမှ ခွန်အားတွေစိုက်ပြီးမှ အကောင်းဆုံး ကြိုးစားနေတဲ့အနေအထားဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်ဒေသတစ်ခုလုံးကို နဂိုသတ်မှတ်ထားသည့်အတိုင်း ပြီးပြည့်စုံအောင်ထိန်းချုပ်နိုင်တဲ့အထိ ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမည်ဟုလည်း ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။

စစ်ကောင်စီအာဏာသက်တမ်း (၆)လထပ်တိုးလိုက်ချိန် ရခိုင်ပြည်ထဲတွင် ရက္ခိုင့်တပ်တော်အနေဖြင့် မည်မျှအတိုင်းအတာပမာဏ ထိန်းချုပ်ထားနိုင်ပြီလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က" ကျွန်တော်တို့ ဖော်မပြောသေးတာတွေလည်းရှိပါတယ်။ သို့သော် ကျွန်တော်တို့ စစ်ရေးအရကတော့ ရခိုင်ဒေသတစ်ခုလုံးကိုကျွန်တော်တို့ နဂိုသတ်မှတ်ထားတဲ့အတိုင်း ပြီးပြည့်စုံအောင်ထိန်းချုပ်နိုင်ဖို့အတွက် ဆက်လက်ကြိုးစားတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်" ဟု ပြောသည်။

စစ်ကောင်စီက ၃ နှစ်ပြည့်အာဏာသက်တမ်းထပ်တိုးမှုနှင့်ပတ်သက်၍ ၄င်း၏ လုပ်စရာရှိသည်ကို လုပ်သည်ဟုသာမြင်ကြောင်း၊ စစ်ကောင်စီ၏ စစ်မြေပြင်အနေအထားနှင့် နိုင်ငံရေးအခြေအနေမှာ မြန်မာပြည်သူတစ်ရပ်လုံးအတွက် စစ်အာဏာရှင်စနစ် လက်အောက်ကလွတ်မြောက်ရေးတိုက်ပွဲဝင်ဖို့ အခါအခွင့်ကောင်းဟုမြင်ကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားသွားသည်။

October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...