ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာအနီးမှာရှိတဲ့ ခမာချောင်းတစ်လျှောက် တွင် ရွှေတူးနေသူများကို ဩဂုတ်လ ၂၀ ရက်နေ့တွင် နောက်ဆုံးထားကာ အပြီးထွက်ခွာသွားဖို့ ရပ်ရွာတာဝန်ရှိသူ များ ပြောဆိုထားသည်။
ဒွမ်ဘန်နှင့် မန်ပန်ကျေးရွာ နှစ်ရွာရှိ တာဝန်ရှိသူများက ရွှေတူးဖော်နေသူများနှင့် တွေ့ဆုံခဲ့ပြီးနောက် အခုလို အပြီးထွက်ခွာသွားဖို့ ပြောဆိုထားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ်လ ၇ ရက်နေ့က ရွှေတူးဖော်နေသူများနှင့် တွေ့ဆုံပြီးနောက် ယခုလ ၂၀ ရက်နေ့တွင် အပြီးထွက်ခွာသွားဖို့ ပြောဆိုထားပြီး မလိုက်နာသူများကို အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ပြောဆိုထားကြောင်း မန်ပန်ဒေသခံပြည်သူတစ်ဦးက ပြောသည်။
“ရွာက တာဝန်ရှိတွေနဲ့ မှော်က လူတွေခေါပြီး တွေ့ဆုံစကားပြောကြတာ။ ၂၀ ရက်နေ့ ကျော်ရင် အရေးယူသွား မယ်လို့ ဆုံးဖြတ်ထားပြီတဲ့။ ရွာကလူတွေက ခုချက်ချင်းတောင် ထွက်သွားခိုင်းချင်တာ” ဟု ပြောသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလက စတင်ပြီး ခမာချောင်းအနီးတွင် ဘက်ဟိုးများ အသုံးပြုပြီး ရွှေဆိုင်း ၆ ခုခန့်နှင့် ရွှေတူးဖော်မှု စတင်လာကြခြင်းဖြစ်ပြီး လက်ရှိ မုံဆိုင်း (ရွှေတူးဖော်ရာအတွင်း အသုံးပြုသည့် စက်ဆိုင်းကြီး တစ်ခု) စက်အသေး အလုံးရေ ၄၀ ခန့်ဖြင့် ဝင်ရောက် တူးဖော်နေကြသည်ဟု ဒေသံများက ပြောသည်။
ခမာချောင်း အနီးပတ်ဝန်းကျင်ကို ကျွဲ၊ နွား စားကျက်မြေ အဖြစ်ပါ အသုံးပြုကြသည့်အပြင် ဒေသခံပြည်သူများ ၏ လယ်ယာစိုက်ပျိုးရေးအတွက်ပါ အဆိုပါချောင်းအားသာ အဓိကထား အသုံးပြုနေကြခြင်း ဖြစ်သည်။
ဩဂုတ်လ ၇ ရက်နေ့က ရပ်ရွာတာဝန်ရှိသူများနှင့် ရွှေတူးဖော်သူများ တွေ့ဆုံချိန်တွင် ဒေသခံပြည်သူများ အနေ ဖြင့် စားကျက်မြေပျောက်ဆုံးသွားနိုင်သည့် အရေး အပြင် လယ်ယာမြေများ အတွက်ပါ အခက်ကြုံလာသည့် အကြောင်းပါ ပြောဆိုထားပြီး အပြီးထွက်ခွာသွားရန် ပြောဆိုထားခြင်း ဖြစ်သည်ဟု ဒွမ်ဘန်ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် အဆိုပါ ချောင်းတွင် ရွှေဝင်ရောက် တူးဖော်နေသူများသည် နေရာဒေသသ အသီးသီးက လာကြသည့် သူများဖြစ်ကြောင်း ဩဂုတ်လဆန်းက စပြီး ခြောက်ကောင်ဂျင်နှင့် အခြားသေည လောင်းကစားဝိုင်းတစ်ခုပါ ဖွင့်လာသည်ဟု ဒေသခံများက ပြောသည်။
အထက်ပါ ခမာချောင်းတစ်လျှောက် ရွှေတူးဖော်နေခြင်းကို ဒေသခံများအနေဖြင့် အစပိုင်းကတည်းက ကန့်ကွက် ခဲ့ကြသော်လည်း မည်သည့် အဖွဲ့အစည်းကမှ အရေးယူဖြေရှင်းပေးခြင်းမျိုး မရှိခဲ့သည့်အတွက် လက်ရှိတွင် ချောင်းအနီးရှိ မြေနေရာ ဧက ၄၀ ထက်မနည်း ပျက်စီးသွားပြီဟု ဒေသခံများက ပြောသည်။
ဒေသခံများ၏ ပြောပြချက်အရ ဒွမ်ဘန်ကျေးရွာတွင် အိမ်ခြေ ၇၀၀ ကျော်ခန့်ရှိပြီး မန်ပန်ကျေးရွာတွင်မူ အိမ်ခြေ ၃၀၀ ကျော်ရှိသည်။