ရခိုင်အမျိုးသမီးငယ် ၄ ဦးကို အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းစားခဲ့သည့် ပွဲစား သုံးဦးအနက် နှစ်ဦးအား ဖမ်းဆီးအမှုဖွင့်

ရခိုင်အမျိုးသမီးငယ် ၄ ဦးကို အရှေ့အလယ်ပိုင်းနိုင်ငံများသို့ ရောင်းစားခဲ့သည့် ပွဲစား သုံးဦးအနက် နှစ်ဦးအား ဖမ်းဆီးအမှုဖွင့်

ရခိုင်အမျိုးသမီးငယ် ၄ ဦးအား ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့မှ အလှပြင်ဆိုင် တစ်ခုတွင် လုပ်ကိုင်ရမည်ဟု လိမ် လည်ပြီး အခြားနိုင်ငံများသို့ ပို့ဆောင် ရောင်းစားခဲ့သည့် ပွဲစားအမျိုးသမီး ၃ ဦးထဲမှ ၂ နှစ်ဦးကို ဖမ်းဆီးအမှုဖွင့် ထားသည်။

လက်ရှိ ဖမ်းဆီးအမှုဖွင့်ခံထားရသူ နှစ်ဦးမှာ ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် ရခိုင်အမျိုးသမီး ပွဲစားမနန္ဒာ ဆိုသူနှင့် ဗမာအမျိုးသမီး ပန်ပန်(ခ)ခိုင်စန္ဒာတို့ ဖြစ်ကြသည်။

၎င်းတို့ကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် ပြည်ပ အလုပ်ကိုင်ဆိုင်ရာဥပဒေပုဒ်မ (၂၆) ဖြင့် အမှုဖွင့် ထားကြောင်း ရောင်းစားခံလိုက်ရသည့် ရခိုင်အမျိုးသမီးငယ်များအရေး ကူညီပေးနေသည့် ရခိုင်အမျိုးသား ကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က နိရဉ္စရာသို့ ပြောသည်။

"လက်ရှိတော့ သူတို့နှစ်ယောက်ကိုအမှုဖွင့်ထားပြီပေါ့နော်။ ပြည်ပ အလုပ်အကိုင်ပုဒ်မနဲ့ မင်္ဂလာဒုံ တရားရုံးမှာ တရားစွဲထားတယ်။ ဇူလိုင် ၂ဝ ရက်က တရားရုံးချိန်းပေါ့။ လိမ်လည်ပို့ဆောင်ခံရတဲ့ အမျိုးသမီးငယ် တစ်ယောက် ရဲ့ မိခင်လည်း တရားရုံးချိန်းမှာ ကိုယ်စားလာရောက်ခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ ပွဲစား မနန္ဒာ၊ မခိုင်သန်းအေးနှင့် မပန်ပန်(ခ)ခိုင်စန္ဒာတို့ သုံးဦးမှာ အသက် ၂၂ နှစ်မှ ၂၆ နှစ်အရွယ်ရှိ ရခိုင် အမျိုးသမီးငယ် ၄ ဦးတို့ကို ဒူဘိုင်းရှိ အလှပြင်ဆိုင်သို့ ပို့ပေးမည်ဟုဆိုကာ အီရတ်နှင့် ဆော်ဒီအာရေဗျ  နိုင်ငံ များသို့ ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ထူးအောင်က ဆက်ပြောသည်။

“သူတို့ဟာ ဒူဘိုင်းကတဆင့် အီရတ်တို့၊ ဆော်ဒီအာရေဗျနိုင်ငံတွေကို ရောက်သွားရတယ်။ ဒူဘိုင်းမြို့မှာ အလှ ပြင်ဆိုင်မှာ အလုပ်ရမယ်ဆိုပြီး သူတို့ကို ပြောပြီးတော့ လိမ်ညာခေါ်ဆောင်ပြီး ဆော်ဒီအာရေဗျတို့ကို ရောင်းစား လိုက်တယ်ပေါ့နော်” ဟု ပြောသည်။

ယင်းသို့ လိမ်လည်ပို့ဆောင်ခံခဲ့ရ ၄ ဦးမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်တို့မှ ဖြစ်ကြသည်။

သူတို့ ၄ ဦးကို ပွဲစားများက ယခုနှစ်၊ မေလ ၇ ရက်တွင် ရန်ကုန်မှ ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ကာ ကျန်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခဲ့ ခြင်းဖြစ်သည်။

အမျိုးသမီးငယ်များထဲမှ အီရတ်နိုင်ငံသို့ ပို့ဆောင်ခံခဲ့ရသူနှင့် မိသားစုဝင်များသည် ဇွန်လ ၂၁ ရက်နေ့တွင် အဆက်သွယ်ရရှိခဲ့ပြီး မိမိတို့မှာ ပွဲစားများ၏ ရောင်းစားခြင်းခံလိုက်ရပြီ ဖြစ်ကြောင်း ငိုယိုပြောဆိုလာသဖြင့် မိခင်ဖြစ်သူက စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းတွင် တိုင်ကြားအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ပွဲစားနှစ်ဦးကို ဖမ်းဆီးရမိထားပြီးနောက် စစ်တွေတွင် ဖွင့်လှစ်ထားသည့်အမှုအား မင်္ဂလာဒုံမြို့နယ် တရားရုံးသို့ ပြောင်းလွှဲ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း အမှုကို ကူညီပေးနေသည့်ရှေ့နေက နိရဉ္စရာသို့ ပြောသည်။

အမှုကို ကူညီပေးနေသည့်ရှေ့နေ ဦးကျော်စိုးနိုင်က “စစ်တွေမှာ ဖွင့်ထားတဲ့အမှုကို ရန်ကုန်ကို လွှဲပြောင်းပေး လိုက်တာပါ။ တရားခံတွေကိုဖမ်းမိတဲ့ သက်ဆိုင်ရာ နယ်မြေ တရားရုံးကို လွှဲပေးလိုက်တာပါ” ဟု ပြောသည်။

လက်ရှိအမှုဖွင့်ထားသည့်ပုဒ်မမှာ အာမခံရနိုင်သည့် ပုဒ်မဖြစ်နေ၍ တရားခံများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မဖြင့် ဆက်လက် တရားစွဲဆိုနိုင်ရန် ဥပဒေကျွမ်းကျင်သူနှင့် ပူးပေါင်း ဆောင်ရွက်နေ ကြောင်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က ပြောသည်။

နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုများကြောင့် ရခိုင်အပါအဝင် မြန်မာအမျိုးသမီးငယ်များမှာ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အလုပ် လုပ်ကိုင်နိုင်ရန် ပွဲစားများ၏ အဆက်သွယ်ကို အားကိုးပြီး နှစ်စဉ် သွား ရောက်မှုများ ရှိနေကြသည်။

ယင်းသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် အလုပ်ရှင်သူဌေးများ၏ မတရားခိုင်းစေ ရိုက်နှက်မှု၊ လိင်ပိုင်း ဆိုင် ရာ အကြမ်းဖက်မှု၊ အစာရေစာ ငတ်ပြတ်မှုများကို ကြုံတွေ့နေရပြီး ၎င်းတို့အား တာဝန်ယူပို့ပေးခဲ့သည့် ပွဲစား များကို တိုင်ကြားပါကလည်း ပွဲစားများက မဖြေရှင်းပေးဘဲ လျစ်လျူရှုထားသည်ဟု ကာယကံရှင် အမျိုးသမီးငယ်များက နိရဉ္စရာသို့ ပြောဆိုထားကြသည်။

Most read this week

December 20, 2024
ရခိုင်က ဂွမြို့နယ်မှာ ပြင်းထန်စွာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့...
December 17, 2024
ရခိုင်ပြည်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ပြည်မဘက်သို့ စစ်ဘေးရှောင်သွားရာတွင် ဖြတ်သန်း...
December 17, 2024
အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA...
ဓာတ်ပုံ - ပုံဟောင်းသာ
December 16, 2024
ဧရာ၀တီတိုင်း ပင်လယ်ကမ်းခြေ မြို့နယ်ခွဲတစ်ခုဖြစ်သော ငွေသောင်ယံတွင် စစ်ဘေးရှောင်နေကြသည့်...