လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားနေ၊ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ကာ တစ်ဦးသေဆုံး

လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားနေ၊ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ကာ တစ်ဦးသေဆုံး

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းက နေရာနှစ်နေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ယောက် သေဆုံးခဲ့ပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး ဒီနေ့ (ဇူလိုင်လ ၂၁ ရက်နေ့) အချိန်ထိ လွိုင်ကော်မြို့နယ်အတွင်းက နေရာနှစ်ခုမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း - ၂ မှ တာဝန်ရှိသူတစ်ဦးက “ထိခိုက်မှုကတော့ လေး ယောက်ရှိတယ်။ မနေ့ကတော့ အရပ်သားတစ်ယောက် ဆုံးတယ်ပေါ့နော်။ လက်နက်ကြီး ရမ်းသန်းပစ်တဲ့ဟာပဲ ပေါ့နော်။ စစ်ကောင်စီဖက်ကနေ လက်နက်ကြီး ပစ်လာတဲ့ ရွာထဲကျတဲ့ဟာ အရပ်သားတွေပါပဲ။ အသက်က ၂၀ ဝန်းကျင်လောက်ပေါ့။ အမျိုးသားပါ” လို့ ပြောပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ က စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် အသက် (၂၀) ဝန်းကျင် အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်ရင်း - ၂ မှ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ခဲ့ပြီး အမျိုးသမီးတစ်ဦး၊ အမျိုးသား နှစ်ဦးနဲ့ ကလေးတစ်ဦးကို ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁၈) ရက်နေ့တုန်းက KNDF တပ်ရင်း (၂) ကနေ လွိုင်ကော် - မိုးဗြဲ လမ်းမကြီးနဲ့ လွိုင်ကော် - ဆီဆိုင်လမ်းမကြီး တလျှောက်မှာ စစ်ရေးအခြေအနေတွေ တင်းမာနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်ပွား နိုင်တယ်လို့ ထုတ်ပြန်ထားပြီးနောက် ၃ ရက်အကြာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ လမ်းမကြီးကို အသုံးပြုသွားလာကြမယ့် မိဘပြည်သူတွေအနေနဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကနေစပြီး ဇူလိုင်လ ၂၈ ရက်နေ့အထိ သွားလာခွင့်မပြုဘူးလို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ အရပ်သားအသွင်ယူပြီး တပ်အင်အား ဖြည့်တင်းနေသလို၊ တဖက်မှာလည်း စစ်ရေးလှုပ်ရှား ဆောင်ရွက်တာတွေ ရှိနေတဲ့အတွက် ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်စေချင်တယ်လို့ တပ်ရင်း (၂) တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

“ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းကိုပဲ သေချာလိုက်နာဆောင်ရွက်စေချင်တယ်ပေါ့နော။ သူတို့ (စစ်ကောင် စီ)က အရပ်သားကားတွေကို အသုံးပြုတာဖြစ်လာနိုင်တယ်။ ချောဆွဲတာတွေ ဖြစ်လာနိုင်တယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မလိုချင်ဘူးလေနော။ ကျနော်တို့ထုတ်ပြန်ထားတဲ့အတိုင်းပဲ တကယ်လို့အဆင်ပြေပြီဆိုရင် ကျနော် တို့ ပြန်ပြီးတော့ ရက်မပြည့်သေးရင်တောင် ပြန်ထုတ်ပြန်ပေးမယ်ပေါ့နော်” လို့ ပြောပါတယ်။

လတ်တလော တိုက်ပွဲဖြစ်ပွားနေတာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ အနီးတဝိုက် ကျေးရွာက ဒေသခံတွေဟာ လွိုင်ကော်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လွိုင်ကော်- မိုးဗြဲလမ်းမကြီးနဲ့ လွိုင်ကော် – ဆီဆိုင်လမ်းမကြီး တစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက နည်း လမ်းပေါင်းစုံနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး လမ်းမကြီး တစ်လျှောက်မှာလည်း စစ်ရေးအခြေအနေ တွေ တင်းမာနေသေးတဲ့အတွက် အချိန်မရွေး ထိတွေ့တိုက်ပွဲ ဆက်ဖြစ်ပွားနိုင်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း(၂)က ပြောဆိုထားပါတယ်။

ဒီလမ်းမကြီးကို အသုံးပြုသွားလာကြမယ့် မိဘပြည်သူတွေအနေနဲ့ ဇူလိုင်လ ၁၈ ရက်နေ့ကနေစပြီး ဇူလိုင်လ ၂၈ ရက်နေ့အထိ ကားကြီး (ဆယ်ဘီးကား ၊ ကုန်ကား ၊ တွဲကား ၊ ဒန်ဘာ)တွေ လုံးဝသွားလာခွင့် မပြုလုပ်ပေးကြဖို့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ကားငယ်တွေအနေနဲ့ မဖြစ်မနေသွားလာဖို့ လိုအပ်ပါက ကားမှန် ချပြီး သွားလာကြဖို့ကိုလည်း အသိပေးထားပါတယ်။

လွိုင်ကော်မြို့နဲ့ ထိစပ်နေတဲ့ မိုးဗြဲမြို့မှာ မေလနောက်ဆုံးပတ်ကစပြီး မြို့တွင်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သလို လက်ရှိအချိန်ထိလည်း မြို့တွင်း နဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲ နေရာယူထားတယ်လို့ မိုးဗြဲဒေသခံတွေက ပြောဆိုထားပါတယ်။

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...