မောင်တောက ရွှေ့ပြောင်းမြိုတိုင်းရင်းသား ၆၀၀ ကျော် ရိက္ခာပြတ်လပ်မည့်အရေးနှင့် ကြုံနေရ

မောင်တောက ရွှေ့ပြောင်းမြိုတိုင်းရင်းသား ၆၀၀ ကျော် ရိက္ခာပြတ်လပ်မည့်အရေးနှင့် ကြုံနေရ

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ အစီအစဉ်ဖြင့် ရွှေ့ပြောင်းအခြေချနေကြသော မြိုယုကျေးရွာက မြိုတိုင်းရင်းသား ၆၀၀ ကျော်မှာ စားနပ်ရိက္ခာ ပြတ်လပ်မည့် အရေးနှင့် ကြုံတွေ့နေရသည်ဟု ကျေးရွာတာဝန်ရှိသူများက ပြောသည်။

အဆိုပါ မြိုတိုင်းရင်းသားများသည် မုန်တိုင်းလွန်ကာလ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က တစ်ဦးကို တစ် ရက်လျှင် ဆန်နို့ဆီဗူး ၂ လုံးကျစီနှင့် ဆီ၊ ဆား၊ ပဲ စသည့် စားနပ်ရိက္ခာတစ်လစာ ထောက်ပံ့မှုရရှိခဲ့ပြီး အခြား မည် သည့် အဖွဲ့ကမှ ထောက်ပံ့ခြင်း မရှိသေးပေ။

“ဒီလကုန်အောင်ထိ စားဖို့အတွက် ရိက္ခာမလုံလောက်တော့ဘူး။ ထောက်ပံ့မှုကလည်း WFP တစ်ခုပဲ၊ တခြား ဘယ်အဖွဲ့မှ လာတာမရှိဘူး။ အစိုးရ(စစ်ကောင်စီ)ဆီကလည်း ရိက္ခာနဲ့ပတ်သက်လို့ ဘာမှမရပါဘူး” ဟု  ကျေးရွာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြိုယုရွာက နေအိမ်များမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့သည်။

မြိုတိုင်းရင်းသားများမှာ အလုပ်အကိုင်ရှားပါးခြင်း၊ တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် စိုက်ပျိုးမြေနေရာမရှိသဖြင့် စားဝတ်နေရေးအတွက် ပိုမိုအခက်တွေ့နေကြသည်။

မုန်တိုင်းလွန်သည်မှာ နှစ်လကျော်အထိ ကြာမြင့်လာပြီ ဖြစ်သော်လည်း စစ်ကောင်စီထံမှ မိသားစုတစ်စုလျှင် အလျား ၁၅ ပေ၊ အနံ ၄ ပေရှိ တာပေါ်လင်စ ၂ ခုတည်းသာ ရရှိသေးကြောင်း မြိုတိုင်းရင်းသားများ၏ ပြောပြချက်အရ သိရသည်။

မြိုတိုင်းရင်းသူ ဒေါ်နန္ဒာလင်းက “မုန်တိုင်းနဲ့ ပျက်စီးသွားတဲ့ နေအိမ်တွေကိုတော့ မိုးတွင်းနေထိုင်လို့ အဆင်ပြေ အောင် သုံးလို့ရတဲ့ သစ်တွေနဲ့ ပြန်ဆောက်ထားပါတယ်။ ကောင်းကောင်းမွန်မွန် ဆောက်ဖို့အတွက် ပိုက်ဆံလည်း မရှိဘူး။ စားဖို့တောင် အဆင်မပြေတာလေ” ဟု ပြောသည်။

ကျေးရွာအတွင်း KG တန်းမှ ၅ တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၅၀ ခန့်ရှိပြီး မုန်တိုင်းကြောင့် ပျက်စီးသွားသော စာသင်ကျောင်းကို ကိုယ်ထူကိုယ်ထ ယာယီ ပြုပြင်ထားကြသည်။

သို့သော်လည်း အမိုးအကာ မလုံခြုံလုံသည့်အပြင် ခိုင်ခံ့မှုရှိသဖြင့် မိုးရွာသွန်းပြီး လေပြင်းတိုင်ခတ်လျှင် စာ မသင်ကြားရဘဲ ရပ်နားထားရကြောင်း ကျောင်းသားမိဘများက ပြောသည်။

ကျောင်းသားမိခင် ဒေါ်မရွှေသိုက်က “ပြီးခဲ့တဲ့ အပတ်က မိုးရွာလို့ တစ်ပတ်လုံး တစ်ရက်မှ ကျောင်း မတက်ခဲ့ရ ဘူး။ ဒီလိုသာ သင်ကြားနေရရင်တော့ သားသမီးတွေအတွက် ပညာရေးထိခိုက်မှာ စိုးရိမ်စရာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်မြောက်ပိုင်းတွင် ၂၀၁၈ နှစ်ကုန်ပိုင်းကစတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲများကြောင့် မြိုတိုင်းရင်းသားများမှာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံခဲ့ရပြီး စားဝတ်နေရေး ကျပ်တည်း မှုနှင့် နေရပ်ပြန်ရန် အခက်အခဲများကြောင့် လူဦးရေ ၆၀၀ ကျော်မှာ မောင်တောမြို့နယ်သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ ကြသည်။

၎င်းတို့အတွက် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအနီးတွင် “မြိုယုရွာ”အမည်ဖြင့် ကျေးရွာ သစ် တစ်ခုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပြည်နယ် စစ်ကောင်စီက နေရာချပေးခဲ့သည်။  

လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နေရာသစ်ကို ရွေးချယ်ခဲ့သော်လည်း လက်တွေ့မှာ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေကြရသည်ဟု မြိုတိုင်းရင်းသားများက ပြော သည်။

“ကျနော်တို့ ဘဝအာမခံချက် မရှိတော့သလို  ခံစားရတယ်” ဟု မြိုတိုင်းရင်းသားတစ်ဦးက ပြောသည်။

မြိုတိုင်းရင်းသားများမှာ ရခိုင်ပြည်အတွင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ မောင်တော စသည့် မြို့နယ်များတွင် နေထိုင်နေကြပြီး လူဦးရေ သောင်းဂဏန်းသာ ရှိသည့် တိုင်းရင်းသားမျိုး နွယ်စု တစ်စု ဖြစ်သည်။

ပုံစာ - ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် မှတ်တမ်းတင်ထားသော မြိုယုရွာက ကလေးမိခင်တစ်ဦး။

Most read this week

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်သားများ မီးရှို့သွားသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာမှ ပျက်စီးနေသည့် နေအိမ်အချို့။
November 1, 2024
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်မှ ပြောင်းချောင်းနှင့် ချင်းကုန်းကျေးရွာကို...
October 31, 2024
ရခိုင်ပြည်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ်...
October 31, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာကို ယမန်နေ့ အောက်တိုဘာ ၃၀...
October 30, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏...