သိမ်ဇရပ်တွင် လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံး၊ လေးဦးထိခိုက်ဒဏ်ရာရ

သိမ်ဇရပ်တွင် လက်နက်ကြီးကျည်စထိမှန်၍ အမျိုးသမီးတစ်ဦးသေဆုံး၊ လေးဦးထိခိုက်ဒဏ်ရာရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၁)ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ် ဇရပ်မြို့၊ ရွာလေးကွက်သစ်တွင် စစ်ကောင်စီက ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်စထိမှန်၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကေအဲန်ယူ သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ ဖြစ်စဉ်က ဇွန်လ (၁၆) ရက်နေ့၊ ညပိုင်းတွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုနေ့ည ၇ နာရီခွဲဝန်းကျင်က သိမ်ဇရပ်နယ်မြေရဲစခန်းမှ ၆၀ မမ လက်နက်ကြီး ငါးလုံးအား ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ ရွာလေးကွက်သစ် (၈)လမ်းသို့ ‌လေးလုံး‌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် မအေးအေး နွယ် အမည်ရှိ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကျည်စထိမှန်သေဆုံး၍ အသက်(၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနှင့်ကျန်ရှိ ဒေသခံ(၃)ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာအသီးသီး ရရှိခဲ့သည်ဟု ကေအဲန်ယူ သထုံခရိုင် မိတ်ဖက်‌ ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

“ကျန်တဲ့လက်နက်ကြီးတစ်လုံးက ဒေသခံတစ်ယောက်အိမ်နားကျပေမယ့် မပေါက်ကွဲဘူး။ ဒီ‌နေ့ မနက်ကျတော့ မှ သိမ်ဇရပ် ‌အမြှောက်တပ် အမတ(၃၁၀)က လာစစ်ဆေးပြီး ပြန်သိမ်းယူသွားပြီ။ စစ်တပ်လက်အောက်ခံ တချို့က ကျနော်တို့ KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ပစ်တာပါဆိုပြီး မနေ့ညကတည်း ရွာထဲလိုက်ဖွပေမယ့် သိတဲ့သူတွေကသိကြတယ် စစ်တပ်ကပစ်တာပါ” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား သိမ်ဇရပ်ဆေးရုံသို့ ပို့ဆောင်ကုသမှုပေးထားရကြောင်း သိမ်ဇရပ် လူမှုကူညီရေး အဖွဲ့ထံမှ သိရသည်။ ထို့အတူ အဆိုပါပစ်ခတ်မှုသည် စစ်တပ်ဘက်မှ ပစ်ခတ်ခြင်း‌ဖြစ်ပြီး နေအိမ်နှစ်အိမ်ကြား ကျရောက်ပေါက်ကွဲသဖြင့် မိသားစုနှစ်စု ထိခိုက်ရခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

တချိန်တည်းတွင် သိမ်ဇရပ်အခြေစိုက် အမြှောက်တပ်ရင်း -အမတ (၃၁၀)မှလည်း ၁၂၀ မမ လက်နက်ကြီး နှစ် လုံးပစ်ခတ်ခဲ့သဖြင့် ကျောက်တန်းလေးနှင့်ကျောက်မိုင်း ဝန်းကျင်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု တစ်စုံ တစ်ရာမရှိကြောင်း ဗိုလ်မှူးစောကျော်မြင့်က ဆိုထားသည်။

အလားတူ လက်ရှိအချိန်ထိ စစ်ကောင်စီ၏ သိမ်ဇရပ်နယ်မြေရဲစခန်း၊ အမတ-၃၁၀၊ ခြေလျင်တပ်ရင်း ခမရ-၂၀၇ တို့မှ လက်နက်ကြီးများဖြင့် အရပ်သားနေထိုင်ရာ ကျေးရွာများသို့ နေ့စဉ်ရက်ဆက် ပစ်ခတ် တိုက်ခိုက် လျက်ရှိ သဖြင့် ဒေသခံများထိခိုက်သေဆုံးခြင်း၊ နေအိမ်ပျက်စီးခြင်း၊ အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေကြေခြင်း များလည်း ဆက်လက်ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်များအရ သိရသည်။

စစ်ကောင်စီ အာဏာသိမ်းယူပြီးချိန်မှ ယခု ၂၀၂၃ခုနှစ် မေလအထိ သထုံခရိုင်အတွင်း လက်နက် ကိုင်ပဋိပက္ခ များကြောင့် အရပ်သား (၂၄) ဦးသေဆုံးပြီး (၈၃) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ၏ မှတ်တမ်းကောက်ခံပြုစုထားချက်အရ သိရသည်။

Most read this week

November 8, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူခရိုင်၊ မောင်နွဲ့ကြီးကျေးရွာအုပ်စု၊...
November 8, 2024
စစ်တပ်အာဏာသိမ်းပြီးစ အချိန်ကတည်းက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု-...
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း။
November 7, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက...
November 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ကရင်နီပြည်နယ်စပ်မှစ၍ သူးမွဲထအထိ...