မလိုအပ်က ပြည်သူများ ခရီးမသွားရန် ရေး ပကဖ မေတ္တာရပ်ခံ

မလိုအပ်က ပြည်သူများ ခရီးမသွားရန် ရေး ပကဖ မေတ္တာရပ်ခံ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ရေးအရှိန် တစ်စစ မြင့်တက်လာနေသည့် အတွက် ပြည်သူများအနေဖြင့် မလို အပ်ဘဲ ခရီးမသွားကြဖို့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် မဖြစ်မနေ ခရီးသွားရပါက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ တားစီးစစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံပေးရန် ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ဇွန်လ ၁၅ ရက်နေ့က မေတ္တာရပ်ခံထုတ်ပြန်ပြောဆိုထားသည်။

အရေးပေါ် လူနာတင် ယာဥ်များအနေဖြင့်လည်း ညပိုင်းတွင် အရေးပေါ်မှအပ သွားလာခြင်းမပြုရန်နှင့် မော်လ မြိုင်သို့ အဆန်တက်ပြီး ညအချိန်မတော် ပြန်ဆင်းတာမလုပ်ရန်၊ ၁ နာရီ ၈၀ ကီလိုမိုင်ထက် ပိုမမောင်းရန်လည်း မေတ္တာရပ်ခံထားသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အမှတ် (၆) တပ်မဟာကလည်း ဇွန်လ ၁၅ ရက်နေ့မှ စပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ် အမှတ် ၈ လမ်းမကြီးတလျှောက်တွင် သွားလာနေသော ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် KNLA မှ ရပ်တန့် စစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံရန် ထုတ်ပြန်ထားသည်။

ခရီးသွားပြည်သူများ၊ မော်တော်ယာဥ်များ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပစ္စည်းများကို မတင်ဆောင်ရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူ စီးနင်းလိုက်ပါခြင်း လုံးဝမပြုလုပ်ရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ က သတိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအကြား စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေပြီး  ခရီးသွားလာရန် အတွက်လည်း ထိတ်လန့်ကြောက်ရွံ့နေကြကြောင်း ဒေသခံများက ပြောသည်။

“ရေးလမ်းတလျှောက်မှာ သွားလာရတာ မလုံခြုံဘူး။ ပစ်ခတ်မှုတွေလည်း ခနခနဖြစ်နေတော့ တိုက်ပွဲနဲ့ပဲ ကြုံရ မလား။ တားဆီးစစ်ဆေးတာတွေနဲ့ ကြုံရမလား။ အဲလိုစိုးရိမ်စိတ်နဲ့ သွားလာနေရတာ။ အိမ်ကနေထွက်ပြီးဆို ဘုရားတနေရတယ်။ ပြည်သူတွေက  နှစ်ဖက်စလုံးကို ကြောက်နေရတယ်လေ။ အဲလိုအခြေအနေဖြစ်နေတယ်။ လုံခြုံမှုမရှိဘူး” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် စစ်ကောင်စီ ယာဥ်တန်းများ မကြာခဏ ပစ် ခတ် တိုက်ခိုက်ခံရလေ့ရှိသည့် အပြင် အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့် ဖြစ် စဥ်လည်း ဆက်တိုက်ရှိလာခဲ့သည်။

ရေး - သံဖြူဇရပ် ကားလမ်းတွင် နှစ်ဖက်တိုက်ပွဲအကြား လူထိခိုက် သေဆုံးမှုရှိခဲ့သလို နှစ်ဖက်တပ်ဖွဲ့တို့ ပစ်ခတ်မှုကြောင့်လည်း လူထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

မော်လမြိုင် - မြိတ် လမ်းတလျှောက်တွင် KNLA နှင့် PDF တို့ ထိုးဖောက်ထိန်းချုပ်လှုပ်ရှားနေပြီးဖြစ်သည့်အတွက် ခရီးသွားပြည်သူလူထုများ ထိခိုက်နစ်နာ ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ် သည်ဟုလည်း ထုတ်ပြန်ထားကြသည်။

ပြည်သူများ အနေဖြင့်လည်း တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးနိုင်ရေး အတွက် ပူးပေါင်းပါဝင်ပေးရန် လည်း မေတ္တာရပ်ခံထုတ်ပြန်ထားသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...