နဘူးဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

နဘူးဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ နဘူးမြို့နယ်၊ ရန်ကုတ်ကျေးရွာအုပ်စု ဇော်ဟဲကျေးရွာတွင် နေထိုင်သူ အသက် (၄၀) နှစ်အရွယ်ရှိ စော‌ကျော်ဒါးဘိုဆိုသူသည် ကော့ကရိတ်-မြဝတီလမ်းဟောင်း ဒေါင်း ကျယ်စေတီဘေးရှိ ဝါကလုကျိုးနေရာတွင် မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း နီးစပ်သည့် ဒေသခံ များက ပြောသည်။

ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်း (၃)နာရီကျော် အချိန်တွင် စောကျော်ဒါးဘိုသည် မိသားစု စားဝတ်နေရေးအတွက် ဒညင်းသီး၊ သစ်ချသီးရှာဖွေရန် တောင်ပေါ်သို့ သွား ရောက်ရာတွင် မည်သည့် အဖွဲ့ကထောင်ထားမှန်းမသိရသည့် မြေမြှုပ်မိုင်းနင်းမိပြီး ညာဘက် ခြေထောက်‌ အရိုး ကြေကာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရ ကြောင်း KNU၏ နဘူးမြို့နယ် တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြောသည်။

”မိသားစု စားဝတ်နေရေး အဆင်မပြေလို့ ရှာဖွေ စားသောက်နေရတယ်။ အဲ့လိုနဲ့ မိုင်းနင်းမိတယ်။ ခြေထောက် တစ်ဖက်နဲ့ ပြန်လာတယ်။ ဘယ်သူထောင်ထားတယ် မသိဘူး။ သူ့ကို ရွာထဲက အဒေါ်တစ်ယောက်တွေ့လို့ ရွာ သားတွေကို အကူအညီ ပြန်တောင်းပြီး ဆေးရုံ‌ဆေးခန်း ပို့ရတယ်” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

၎င်း မိုင်းနင်းမိရာ နေရသည့် ရွာနှင့် ၂ နာရီကြာ လမ်းလျှောက်ရသည့် နေရာတွင်ရှိပြီး မိုင်းနင်းမိပြီးနောက် စော ကျော်ဒါးဘိုသည် ရွာစပ်နားအထိ ရောက်အောင်ပြန်လာခဲ့ပြီးနောက် ဒေသခံအမျိုးသမီးကြီးတစ်ဦးတွေ့ရှိ၍ ဒေသခံရွာသားများ၏ အကူအညီဖြင့် ပိုင်ကျုံမြို့နယ်ရှိ နော်သခီးကျေးရွာ ဆေးခန်းသို့ ကူညီပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ နော်သခီး ဆေးခန်းတွင် ဆေးကုသမှု ခံယူနေစဉ် သွေးလိုအပ်မှုရှိသောကြောင့် ဒေသခံလူငယ်တစ်ဦးမှ သွေးလှူပေး မည့်သူကို ကူညီရှာဖွေပေးခဲ့ပြီး လက်ရှိတွင် ဆေးခန်းအတွင်း ဆက်လက်ကုသရန် ဆေးပစ္စည်း မလုံ လောက်မှုကြောင့် လှိုင်းဘွဲမြို့နယ်ရှိ ကေအဲန်ယူ၏ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန (KDHW) ဆေးရုံသို့ လွှဲ ပြောင်းပေးလိုက်ပြီး ဖြစ်ကြောင်း အကူအညီပေးသူ လူငယ်တစ်ဦးက ပြောသည်။

၎င်းက ”မနေ့ကသွေးလိုတော့ နော်သခီးဆေးခန်းကအကူညီတောင်းလာတော့ လူနှစ်ယောက်ရှာပြီးတော့ သွေး သွား လှူလိုက်တယ်။ ဆေးခန်းမှာ မပြည့်စုံလို့ ကားရှာပြီး မော်ပယ်ခို ဆေးရုံကို ပို့လိုက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဒေသခံမိုင်းနင်းမိရာ နေရာဖြစ်သည့် ဝါကလုကျိုးနေရာ အနီးတွင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြား စောင့် (BGF) တပ် စခန်းတစ်ခုရှိကြောင်း ဒေသခံများက ပြောဆိုပြီး ယခုနင်းမိသည့် မိုင်းသည် မည်သည့် အဖွဲ့ အစည်းက ထောင်ထားသည်ကို ကေအိုင်စီ - ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပေ။

ထို့အတူ ကော့ကရိတ်မြို့အနီး ကော့နွဲကျေးရွာနှင့် ကော့ကရိတ်မြို့အဝင်လမ်းများတွင် စစ်ကောင်စီတပ်နှင့် ၎င်း ၏ လက်အောက်ခံ (BGF)တို့ တပ်စခန်းချထားသော ကျေးရွာများအနီးတွင် မြေမြှုပ်မိုင်းအများအပြား ထောင် ထားခြင်းကြောင့်လည်း နေရပ်မပြန်ရဲသေးသည့် ဒေသခံအများအပြားရှိကြောင်း ဒေသခံများက ပြောဆိုသည်။

မိုင်းနင်းမိသူ စောကျော်ဒါးဘိုသည် မိသားစု စားဝတ်နေရေးအတွက် ကျေးရွာအနီးနားရှိ တောတောင်များတွင် မိုး တွင်းကာလ မျှစ်ချိုးရာသီဖြစ်၍ မျှစ်နှင့်ဒေသထွက် တောတွင်း သီးနှံများကို ရှာဖွေရောင်းချပြီး သားသမီး ၅ ဦး နှင့် ဇနီးသည်ကို ရှာဖွေလုပ်ကျွေးနေသူ တစ်ဦးဖြစ်ကြောင်း နီးစပ်သူဆွေ‌မျိုးများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလက သံတောင်မြို့နယ် သပြေညွှန့်ကျေးရွာနေ အမျိုးသမီးတစ်ဦးသည်လည်း တောတွင်း ထင်းသွားခုတ်စဥ် မိုင်းနင်းမိ၍ ဘယ်ဘက် ခြေထောက်ပြတ်ထွက်ကာ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိ ခဲ့ပြီး ဆေးကုသမှုခံယူနေ‌ရသည့် ဖြစ်စဉ်မျိုး ရှိခဲ့သည်။

Most read this week

November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...
November 26, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်အတွင်းရှိ ကရင့်တပ်ဖွဲ့များက အုပ်ချုပ်နေသည့်...