ရခိုင်ပြည်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ငါးဖမ်းဘုတ်နှင့် ငါးဖမ်းစက်လှေ အများအပြား နစ်မြုပ်ပျက်စီး သွားခဲ့သည့်အတွက် ရေလုပ်ငန်းကို ပြန်လည်ထူထောင် လုပ်ကိုင်နိုင်ရန်အတွက် ငွေကြေး အရင်းအနှီး ထောက်ပံ့ မှုများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
ပျက်စီးဆုံးရာတွင် ငါးဖမ်းပိုက်၊ ငါဖမ်းကရိယာ၊ စက်လှေ၊ ငါးဖမ်းဘုတ်များ ဖြစ်ကြပြီး ငွေကြေးအားဖြင့် သိန်း ရာချီ၍ ဆုံးရှုံးမှုရှိခဲ့သည်ဟု ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ စက်လှေများကို ပြုပြင် တည်ဆောက်ပေးနေ သည့် လက်သမားဆရာ ကိုဆံနီက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
“ပျက်စီးသွားတာက တစ်ရွာလုံးဘဲ။ ငါးဘုတ်တွေပျက်စီးကုန်တာ။ အခုက ငါးဖမ်းဘုတ်ရှိရင်၊ ငါးဖမ်း ပိုက် မရှိ ဘူး။ ပိုက်ရှိရင်၊ ဘုတ်မရှိကြတော့ဘူး။ ဘုတ်ရော၊ ပိုက်ရော ဘာမှ မရလိုက်တဲ့ သူတွေလည်း ရှိတယ်။ ကျွန်တော်က ဘုတ်ပြင်တယ်။ အခုက ဘာဘုတ်ကို ပြင်နိုင်အုံးမလဲ။ ကိုယ့်အိမ် ပျက်စီးတာကို အရင်လုပ်နေရ တယ်။ ဘုတ်သမားတွေမှာလည်း အခု ထောက်ပံ့ကြေးတွေနဲ့ စားနေကြရတာ။ ဘုတ်သမားတွေမှာလည်း အားလုံးအခက်အခဲပါ။ ရေခူတွေ၊ နေလှမ်းငါးခြောက်တွေ အများကြီး ဆုံးရှုံးသွားတာတွေ ရှိတယ်။ တချို့ဆိုရင် သိန်းရာနဲ့ချီပျက်စီးသွားတာတွေရှိတယ်” ဟု ပြောသည်။
ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာတွင် ရေလုပ်ငန်းကို အဓိက မှီခို၍ လုပ်ကိုင်စားသောက်နေကြသည့် ကျေးရွာ တစ်ခုဖြစ်ပြီး ၎င်းကျေးရွာတွင် အိမ်ခြေ ၄၅၀ကျော်ရှိပြီး၊ လူဦးရေ ၂၀၀၀ကျော်ခန့် နေထိုင်ကြကာ ငါးဖမ်းစက် လှေများ ပျက်စီးသွားသဖြင့် ရွာသားအများစုမှာ အလုပ်လက်မဲ့ ဖြစ်နေကြသည်။
“မုန်တိုင်းကြောင့် တစ်ရွာလုံးနီးပါး ပျက်စီးသွားခဲ့တယ်။ အိမ်တွေ၊ ငါးဖမ်းလှေတွေ အကုန်လုံးဘဲ။ ပြန်လည် ထူ ထောင်ရေးအတွက် အရစ်ကျနဲ့ ငွေကြေးထောက်ပံ့မှုတွေ ရရှိနိုင်မယ်ဆိုရင်ကောင်းမယ်။ နဂိုအတိုင်း ပြန်လည် ထူထောင်နိုင်ဖို့က တစ်ဖြည်းဖြည်းလုပ်သွားရင် အဆင်ပြေနိုင်ပါတယ်” ဟု ကိုဆံနီက ဆက်ပြောသည်။
အလားတူ ပေါက်တောမြို့နယ်၊ ပြိုင်းတောင်အုပ်စု၊ စိုးမဲကျီကျေးရွာတွင်လည်း မုန်တိုင်းကြောင့် စက်လှေများ ရေနှင့် မျှောပါသွားသလို ပျက်စီးမှု အများအပြား ရှိခဲ့သည့်အတွက် ရေရှည်ရပ်တည်နိုင်ရန် အလွန်အခက်အခဲ ဖြစ်နိုင်သည်ဟု ကျေးရွာသားတစ်ဦးဖြစ်သူ ဦးထွန်းရွှေက နိရဉ္စရာကို ပြောသည်။
“ရွာသားတွေက ရေလုပ်ငန်းနှင့် တောင်ယာကို မှီခိုပြီး လုပ်စားနေကြတာပါ။ ငါးဖမ်းလှေတွေ၊ ခရီးသည်တင် လိုင်းဘုတ်တွေ အကုန်လုံးပျက်စီးကုန်တယ်။ လှေတွေက ဒီရေနဲ့ အတူ မျောပါသွားတာလည်း ရှိတယ်။ သောင် တင်လို့ ကွဲပြဲပြီး ပြန်တွေ့တာတွေလည်း ရှိတယ်။ တောင်ယာစိုက်ပျိုးသူတွေမှာလည်း သီးနှံခင်းတွေ အများကြီး ပျက်စီးသွားကြတယ်။ လက်ရှိ မိသားစုတွေ စားဝတ်နေရေးအတွက် တော်တော် အခက်အခဲရှိတာပေါ့။ ပြီးရင် မုန်တိုင်းနဲ့ ပျက်စီးသွားတဲ့ အိမ်တွေကို တစ်နိုင်တစ်ပိုင် စုပေါင်း လုပ်နေကြရတယ်” ဟု ပြောသည်။
ပေါက်တောမြို့နယ်၊ ပြိုင်းတောင်အုပ်စု၊ စိုးမဲကျီကျေးရွာတွင် အိမ်ထောင်စု ၄၀၀ကျော်ရှိပြီး၊ လူဦးရေ ၁၀၀၀ ကျော် နေထိုင်ကြသည်ဟု ၎င်းကပြောသည်။
အလားတူ ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် စစ်တွေမြို့၊ ကျေးတောရွာမနှင့် ကျေး တောပိုက်ဆိပ်တွင် မုန်တိုင်းကြောင့် စက်လှေနှင့် ငါးဖမ်းပိုက် အများအပြား ပျက်စီးဆုံးရှုံးသွားခဲ့သည်ဟု ကျေး တောရွာမက စက်လှေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးအောင်သာကျော်က နိရဉ္စရာကိုပြောသည်။
“ငါးဖမ်းပိုက်တွေက တော်တော့်ကို ဆုံးရှုံးသွားတယ်။ လှေတွေလည်း ရေနဲ့ မျှောပါသွားတယ်။ ပြန်မရတာလည်း ရှိတယ်။ ကျိုးပဲ့ပြီး ပြန်တွေ့တာလည်း ရှိတယ်။ စက်တွေလည်း ပျက်စီးသွားတယ်။ ပိုက်တစ်လက်(တစ်ဖုံ) ကို ပိုက်ဆံ ၅သိန်း၊ ၆သိန်းလောက်ရှိတယ်။ ကျေးတော ပိုက်ဆိပ်ဘက်မှာတော့ အကုန်လုံး ပျက်စီးကြတယ်။ အနည်းနဲ့ အများပဲ ရှိတယ်။ ဦးလေးမှာတော့ လောလောဆယ်တော့ ကျန်ခဲ့ဟာတွေကို နည်းနည်း ပြုပြင်ပြီးတော့ လုပ်စားနေတယ်။ မလုပ်ရတဲ့ သူတွေက အများကြီး ရှိသေးတယ်” ဟု ပြောသည်။
ကျေးတောပိုက်ဆိပ်မှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး စစ်တွေ-ရွှေမင်းဂံ ဆင်းလမ်းဘေးတွင်ရှိကာ ကျေးတောရွာမ မှာလည်း အိမ်ခြေ ၂၈၀ ခန့်ရှိပြီး စစ်တွေမြို့ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်းတွင် တည်ရှိသည်ဟု ဆိုသည်။
ယခုကဲ့သို့ မုန်တိုင်းကြောင့် ရခိုင်တွင် ရေလုပ်ငန်းများ အကြီးအကျယ်ထိခိုက် ပျက်စီးသွားမှုနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်အောင် ရခိုင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာန ယာယီပြည်နယ်မှူး ဦးအောင်တင်စောအား ဆက်သွယ် မေးမြန်းကြည့်ရာတွင် ပျက်စီးဆုံးရှုံးမှုများအား မြို့နယ်အလိုက် ကောက်ယူနေတုန်းဖြစ်နေသည့်အတွက် စာရင်း များကို အတည်မပြုနိုင်သေးဟု ပြောသည်။
“စာရင်းတွေက အတည်မပြုနိုင်သေးဘူး။ မြို့နယ်တွေကလည်း ကောက်နေတုန်းဆိုတော့လေ။ မြို့နယ်အလိုက် မေးကြည့်လိုက်ပါ။ ကျွန်တော်အနေနဲ့ အသေးစိတ်စာရင်းကို အတည်မပြုနိုင်သေးလို့ပါ ” ဟု ပြောသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရေလုပ်ငန်း ပြန်လည် ထူထောင်ရေးအတွက် အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်း လုပ်ဆောင်နေကြကာ အမြန်ဆုံးလည်ပတ်နိုင်ရန်အတွက်လည်း ငွေကြေးအရင်းအနှီးများ လိုအပ်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာန စစ်တွေခရိုင်မှူး ဦးထွန်းသိန်းကလည်း နိရဉ္စရာကို ပြောသည်။
“ ပြန်လည် ထူထောင်ရေးတွေက အစိုးအဖွဲ့တွေရော အကုန် ဝိုင်းဝန်းပြီး လုပ်နေကြပါတယ်။ ပျက်စီးမှုအခြေ အနေ၊ စာရင်းကောက်နေတုန်းမို့လို့ အတိအကျတော့ မသိရသေးဘူး။ အမြန်ဆုံး လည်ပတ်နိုင်အောင် လုပ်ရမှာ ပေါ့။ ၃ ပတ်လောက်ပဲ ရှိသေးတဲ့အတွက် အရင်အတိုင်း ပြန်မလည်ပတ် နိုင်သေးပါဘူး။ အရင်အတိုင်း ပြန်လည် နိုင်ဖို့ဆိုရင် ငွေကြေးတွေ၊ အရင်းအနှီးတွေ လိုအပ်ပါတယ်” ဟုပြောသည်။
ရခိုင်တွင် မုတ်သုန်မိုး စတင်ဝင်ရောက်လာပြီဖြစ်သဖြင့် မုန်တိုင်းအတွင်း ပြိုပျက်သွားသည့် နေအိမ်အဆောက် အအုံများကို ပြန်လည် ပြုပြင်တည်ဆောက်ခြင်းကို အဓိက လုပ်ကိုင်နေကြရပြီး ရေလုပ်ငန်းကို မလုပ်နိုင်သေး သဖြင့် ပင်လယ်ကမ်းနီးကျေးရွာများရှိ မိသားစုအများအပြား စားသောက်ရေး အခက်အခဲဖြစ်ပေါ်လျက်ရှိသည် ဟုလည်း ၎င်းတို့က ပြောသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်စာရင်းတွင်မူ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် ရခိုင်တွင် လူပေါင်း ၁၁၅၆၇၉၆ ဦး ထိခိုက်ခဲ့ပြီး သေဆုံးသူ ၁၄၈ ဦးရှိကြောင်း၊ ဒဏ်ရာရ ၆၂ ဦးရှိကာ ပျက်စီးခဲ့သည့် အဆောက်အအုံပေါင်း ၂၄၁၀၇၁ ခုရှိကြောင်း၊ ယာဉ်အပျက်အစီး (ရေယာဉ်+ကား) ၇၁၆ စီး၊ သေဆုံး တိရစ္ဆာန် ၂၇၆၁၇ ကောင်နှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုး သိန်းပေါင်း ၄၈၉၈၆ သိန်း ရှိကြောင်း ဖော်ပြထားသည်။