ပြည်သူ့စစ်တွေ အသာတကြည်ဆုတ်ခွာသွားတဲ့ လန်ဆယ်ရွာက BGF နောက်ဆုံးတပ်စခန်းကို KIA သိမ်းပိုက်

ပြည်သူ့စစ်တွေ အသာတကြည်ဆုတ်ခွာသွားတဲ့ လန်ဆယ်ရွာက BGF နောက်ဆုံးတပ်စခန်းကို KIA သိမ်းပိုက်

ကချင်အထူးဒေသ ၁၊  ဆော့လော်မြို့နယ်အတွင်းက နယ်ခြားစောင့်တပ်(BGF) တပ်တွေရဲ့ နောက်ဆုံး လက်ကျန်တပ်စခန်း(လန်ဆယ်ရွာ)ကို KIA၊PDF ပူးပေါင်းတပ်တွေ မနေ့နိုဝင်ဘာလ ၁၀ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာချိန်မှာ ဒေသတွင်းက ပြည့်သူစစ်တပ်ဖွဲ့တွေဟာ တိုက်ခိုက်မှုမပြုလုပ်ဘဲ အသာတကြည်နဲ့ ဆုတ်ခွာပေးသွားတာလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"ကျွန်တော်တို့ KIA ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်လာတဲ့အချိန်မှာ ပြန်လည်ခုခံတာမျိုး မရှိဘူး။ အားလုံးက ထွက်သွားကြတယ်တဲ့။ အဲဒါကြောင့် နှစ်ဖက်ထိခိုက်သူမရှိ၊ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်ထိခိုက်မှုမရှိဘဲ ကောင်းမွန်စွာဝင်ရောက်သိမ်းပိုက်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။"လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲဒီနေရာဟာ ဦးတန်ဂူးတန်ဦးဆောင်တဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့အင်အား ၃၀ ဝန်းကျင်လောက် တပ်စွဲနေရာယူထားတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူ့စစ်အနေနဲ့ ပြန်လည်ခုခံတိုက်ခိုက်မှု မပြုလုပ်တာဟာ တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်းဖြစ်တဲ့အတွက်ကြောင့်လို့ မှတ်ချက်ပေးလိုကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ပြည်သူတွေကလည်း KIA ပူးပေါင်းတပ်တွေ ဝင်ရောက်လာချိန်မှာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတာတွေ့ရတာကလည်း တိုင်းရင်းသားညီအစ်ကို မောင်နှမတွေရဲ့ စည်းလုံးညီညွှတ်မှု တစ်ခုဖြစ်တယ်လို့လည်းမြင်မိကြောင်း ဆိုပါတယ်။

လတ်တလောမှာတော့ KIA ပူးပေါင်းတပ်တွေအနေနဲ့ အဲဒီဒေသမှာ နယ်မြေရှင်းလင်းရေးတွေနဲ့ လုံခြုံရေးတွေ လုပ်ဆောင်နေကြတယ်လို့လည်း သိရပါတယ်။

ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်း ဦးဆောင်အုပ်ချုပ်ခွင့်ရ ဒေသတွေဖြစ်တဲ့ ချီဖွေမြို့အရှေ့ဘက် ဂမ်ခွန်းကျေးရွာ၊ ဖီမော်ကျေးရွာအနီးမှာ တပ်ရင်း ၁၀၀၁၊ ပန်ဝါဒေသ လုပြည်ကျေးရွာအနီးမှာ ၁၀၀၂၊ ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့အနီး ဝေါ်ချုံးဒေသမှာ ၁၀၀၃ ဆိုပြီးတော့ တပ်ရင်း ၃ ရင်း ဖွဲ့စည်းနေရာချထားတာဖြစ်ပြီး ကချင်အထူးဒေသ(၁) အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ နယ်ခြားစောင့်တပ်အခြေစိုက်ရာ ပန်ဝါဌာနချုပ်အနီးက အမှတ် ၁၀၀၂ တပ်ရင်းကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး တစ်ဆက်တည်း ပန်ဝါမြို့ကိုပါ သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ ကန်ပိုက်တီမြို့အနီးက ၁၀၀၃ တပ်ရင်းသိမ်းပိုက်ခဲ့ပြီးတော့ နောက်ဆုံးကျန်ရှိနေတဲ့ ဖီမော်ကျေးရွာအနီးက ၁၀၀၁ တပ်ရင်းကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့မနက်မှာ ထပ်မံသိမ်းပိုက်လိုက်တာပါ။

စက်တင်ဘာလ နောက်ဆုံးအပတ်က စတင်ခဲ့တဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကချင်အထူးဒေသ ၁ ထိုးစစ်မှာ အထက်ပါကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်း သုံးရင်းစလုံးကို ၁ လလောက်အတွင်း သိမ်းပိုက်နိုင်ခဲ့တာပါ။

ဓါတ်ပုံ- လန်ဆယ်ရွာအား KIA မှ သိမ်းပိုက်ထားစဉ်။ Credit- Original Owner

Most read this week

January 22, 2025
ပုံစာ - ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အရာရှိ သင်တန်းဆင်းပွဲသို့ ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၃...
January 21, 2025
ကချင်ပြည်နယ်၊ မိုးကောင်းမြို့က စစ်ကောင်စီတပ်သားတွေဟာ မြို့အဝင်/အထွက် နေရာတွေမှာ နဂိုကထက်...
January 17, 2025
မြစ်ကြီးနား - ပူတာအို ကားလမ်း ပုံမှန်ပြန်လည်သွားလာလို့ရကတည်းက ပူတာအိုမြို့တွင်းမှာ...