မရှိဆင်းရဲသည့်ကြားက မုန်တိုင်းသင့်ပြည်သူများသည် ကယ်ဆယ်ရေးပစ္စည်းများကို ငွေပေးပြီး ထုတ်ယူနေရ

မရှိဆင်းရဲသည့်ကြားက မုန်တိုင်းသင့်ပြည်သူများသည် ကယ်ဆယ်ရေးပစ္စည်းများကို ငွေပေးပြီး ထုတ်ယူနေရ

ရခိုင်ပြည်နယ် မုန်တိုင်းသင့် နေရာအနှံ့အပြားတွင် စစ်ကောင်စီက ထောက်ပံ့ပေးနေသည့် ကယ်ဆယ်ရေး ပစ္စည်း ကို သွားရောက်ထုတ်ယူရာတွင် ငွေကြေး တောင်းခံမှုများ ရှိနေ၍ မရှိဆင်းရဲသားများ အနေဖြင့် အခက်ကြုံ နေရသည်ဟု ကျေးရွာသားများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်‌ကျေးရွာတွင် လေဘေးသင့်သူများကို အကူအညီပေးသည့် ဆန်နှင့် အိမ်မိုး သွပ်ပြားများ ထုတ်ယူရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကြေးပေးနေရသည်ဟု ရွာသားတစ်ဦးက နိဉ္စရာ ကို ပြောသည်။

“ဆန်နို့ဆီဗူး ၁၂ ဗူးကို ပိုက်ဆံ ၅၀၀ ပေးပြီးယူရပါတယ်။ ပိုက်ဆံမပေးရင် ဆန်ထုတ်မပေးဘူး။ ပြီးရင် သွပ် (သံဖြူ) တစ်ချပ်ကို ပိုက်ဆံ ၅၀၀၀ ပေးပြီး ယူရတယ်။ လမ်းစရိတ်အတွက် ပေးရတာတဲ့။ ပိုက်ဆံရှိတဲ့သူ ယူနိုင် ပေမယ့် လက်ထဲပိုက်ဆံမရှိတဲ့သူက မယူနိုင်ဘူး။ တချို့ မိသားစုတွေက မုန်တိုင်းနဲ့ အကုန်ဆုံးရှုံးသွားတာ။ ထမင်းစားရဖို့တောင် အနိုင်နိုင်ဖြစ်နေရတဲ့အထဲ  ဒီပိုက်ဆံတွေ ဘယ်လို လုပ်ပြီးတတ်နိုင်မှာလဲ” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးကံထွန်းမောင်အား နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ အစိုးရမှ ထောက်ပံ့ရာတွင် သယ်ယူပို့ဆောင်ခ စရိတ် မပါဝင်သဖြင့် ကျေး ရွာသားများထံမှ ကောက်ခံရခြင်း ဖြစ်သည်ဟု ပြောသည်။

“ကျွန်တော်တို့မှာ ဒီပစ္စည်းတွေကို ရွာကို သယ်ဖို့အတွက် ကားငှားရပါတယ်။ ကားခကလည်း တစ်စီးကို  ၁သိန်း၊ အလုပ်သမားခတွေ ရှိပါတယ်။ ပထမ တစ်ခေါက် ဆန် ၂၅အိတ်ကို လူဦးရေ မပြည့်တဲ့အတွက် အပြင်က ဆန် တစ်အိတ်ကို ၉၅၀၀၀နဲ့  နှစ်အိတ် ဝယ်ပြီးတော့ ဝေငှပြီး ပေးလိုက်တယ်။ အဲဒီ ကုန်ကျစရိတ်အတွက် သွပ် (သံဖြူ) တစ်ချပ်ကို ၅၀၀၀ ကျပ်စီ ပေးကြလို့ ပြောထားပါတယ်။ နောက်ထပ်ရောက်တဲ့ သွပ် (သံဖြူ)တွေကို တော့ တစ်ချပ်စီကိုတော့ ၁၀၀၀ စီပါ။ တာပေါ်လင်စ တစ်စစီကိုတော့ ၃၀၀၀ စီတောင်းတယ်။ လမ်းစရိတ် အတွက်‌ တောင်းတာပါ။ ရပ်မိရပ်ဖတွေနဲ့ ညှိနှိုင်းပြီး လုပ်တာပါ” ဟု ပြောသည်။

အချို့ကျေးရွာများတွင် မုန်တိုင်းသင့် ပြည်သူများလက်ထဲ ငွေတစ်ထောင်ကျပ်ပင် မရှိကြ၍ စစ်ကောင်စီက ထောက်ပံ့ပေးသည့် ပစ္စည်းများအပေါ်  သယ်ယူပို့ဆောင်ခ မပေးဆောင်နိုင်၍ မယူနိုင်သူများလည်း ရှိနေသည်ဟု မုန်တိုင်းသင့် ပြည်သူများက ပြောသည်။

ပေါက်တောပြင် ကျေးရွာတွင် အိမ်ခြေ ၄၀၀‌ ကျော်ရှိပြီး၊ လူဦးရေ ၂၂၀၀ ကျော်ခန့် နေထိုင်ကြကာ မုန်တိုင်း ကြောင့် အိမ်ခြေ ၃၀၀ ကျော် ပျက်စီးခဲ့သည်။ အဆိုပါ ကျေးရွာကို အစိုးရအဖွဲ့မှ အိမ်ထောင်စု ၃၀၀ ကျော် အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်နို့ဆီဗူး ၁၂ ဗူး နှင့် ဆန်မထောက်ပံ့ပေးသည့် အိမ်ထောင်စုများကို ခေါက်ဆွဲ ထုပ်များ ထောက်ပံ့ပေးသည်ဟု ဆိုသည်။

ပေါက်တောပြင်ကျေးရွာအတွက် စစ်ကောင်စီမှ ဆန်အိတ် ၄၆ အိတ်၊ အိမ်မိုးသွပ်ပြား (သံဖြူ) ၉၅ ချပ်၊ တာပေါ် လင်ကိုက် ၆၀၀၊ မာမီးခေါက်ဆွဲထုပ် အနည်းငယ်တို့ ထောက်ပံ့မှုရရှိထားကြောင်းလည်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးကံထွန်းမောင်က နိရဉ္စရာကို‌ ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ရဟတ်တောင်ကျေးရွာတွင်လည်း စစ်ကောင်စီမှ ထောက်ပံ့ပေးသည့် ရိက္ခာ များမှာ လုံလောက်မှုမရှိသည့်အတွက် မဲစနစ်ဖြင့် ခွဲဝေယူနေရပြီး မဲလိပ်တစ်လိပ်အတွက် အိမ်တစ်အိမ်လျှင် ၁၅၀၀ ကျပ်စီ ကျေးရွာအုပ်ချုပ်ရေးမှူးအား ပေးရသည်ဟု ရဟတ်တောင် ကျေးရွာသားတစ်ဦးက ပြောသည်။

“အထက်က ချပေးတာနဲ့ မလုံလောက်တော့ တစ်အိမ်ကို မဲလိပ်တစ်လိပ်ကျစီ မဲနှိုက်ရတယ်။ အဲ့ဒီမဲလိပ်မှာ ရမယ့် ပစ္စည်းနာမည် ရေးထားတယ်။ တစ်ခုစီပဲရတာပါ။ မဲလိပ်တစ်လိပ်ကို ပိုက်ဆံ ၁၅၀၀ ပါ။ ဆန်၊ ဆား၊ ဆီ၊ သွပ်(သံဖြူ)၊ တာပေါ်လင်စ၊ အဝတ်ထည့်တဲ့ပုံးတွေပေါ့။ စားသောက်နေ ထိုင်ရေးကတော့ အားလုံးက အခက် အခဲပါပဲ” ဟုပြောသည်။

ရဟတ်တောင်ကျေးရွာတွင် အိမ်ခြေ ၁၇၀ ခန့်ရှိပြီး၊ လူဦးရေ ၈၀၀ ကျော်ခန့် နေထိုင်ကြကာ မုန်တိုင်းကြောင့် အိမ်ခြေ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးမှုရှိခဲ့သည်ဟု ၎င်းပြောသည်။

စစ်ကောင်စီက ကယ်ဆယ်ရေးပစ္စည်းများ ကျေးရွာများအထိ ထောက်ပံ့ပေးလာသော်လည်း ထောက်ပံ့ရာတွင် သယ်ယူပို့ဆောင်ခ မပါသဖြင့် မုန်တိုင်းသင့်ပြည်သူများက ကျခံနေရသောကြောင့် ငွေကြေးမတတ်နိုင်သူ အများ စုက အခက်အခဲ ဖြစ်နေကြသည်ဟု ဆိုသည်။

အလားတူ ပေါက်တောမြို့နယ်တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ဘုန်းတော်ကြီး ကျောင်းများအတွက် သွပ် ပြားများ ထုတ်ပေးရာတွင်လည်း သွပ်ပြားတစ်ချပ်အတွက် ကျပ် ၁၀၀၀ နှင့် အလုပ်သမားခ ကျပ် ၅၀၀ ပေးနေရသည်ဟု သတင်းများထွက်ပေါ်နေသည်။

မေလ ၁၄ ရက်နေ့က စစ်တွေမြို့ကို ဗဟိုပြု၍ တိုက်ခတ်ခဲ့သည့် အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များတွင် လူနေအိမ်များနှင့် စာသင်ကျောင်းများ အပါအဝင် ဘုန်းတော်ကြီးကျောင်းများလည်း ပျက်စီးခဲ့ပြီး သန်းနှင့်ချီသည့် ဒေသခံများမှာ ယခုအချိန်အထိ ပျက်စီးသွား သည့် နေအိမ်များကို ပြုပြင်နိုင်ခြင်း မရှိသေးကြသေးပေ။

Most read this week

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...