ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်၊ ကဇူးယန်နဲ့ ဂါးရာယန်ကျေးရွာက နေရပ်ပြန်စစ်ရှောင်ဒေသခံတွေ အမှီပြုရတဲ့ ဒဘတ်ချောင်းမှာ ရွှေတူးဖော်တာတွေ အလွန်အကျွံ လုပ်နေကြတဲ့အတွက် သက်ဆိုင်ရာက လာ ရောက် တားဆီးပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒေသခံရွာသားတွေ မဟုတ်ဘဲ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားမြို့နယ်ဘက်က လာကြတဲ့ သူတွေနဲ့ တရုတ်လုပ်ငန်းရှင် တွေဟာ ရှရော်ကန် (ဒေသအခေါ်) အထက်နားဘက်မှာ ဖောင်ကြီးတွေနဲ့ ရေငုတ်ကျင်းတွေနဲ့ ရွှေကျင်နေကြတာ ဖြစ်တယ်လို့ ဒဘတ်ယန်ကျေးရွာနေ ဒေသခံအမျိုးသမီး တစ်ဦးကပြောပါတယ်။
“ရွာသားတွေက မတူးဘူး။ ကျွန်မတို့ စစ်ရှောင်နေစဉ်ကာလအတွင်း မြေတွေကုန်သွားပြီ။ လယ်ကွင်းကြားတွေ၊ ရွာကနေ ၃/၄ မိုင်လောက်သွားရတဲ့ နေရာတွေမှာ ရွှေတူးနေကြတယ်။ အခုက ကျွန်မတို့ မြေနေရာတွေကို ပြောင်းဆန်အောင် လုပ်ပစ်လိုက်ပြီ။ တစ်ဖက်မှာက ငှက်ပျောကုမ္ပဏီဝင်တယ်။ လယ်ကွက်တွေမှာက ရွှေတူး တဲ့သူတွေဝင်တယ်” လို့ ဆိုပါတယ်။
မတ်လအတွင်း ပြုလုပ်ခဲ့တဲ့ ရွာအစည်းအဝေးတစ်ခုမှာ အခုလိုရွှေတူးဖော်တာနဲ့ ပတ်သက်ပြီး ဒဘတ်ယန်ကျေး ရွာ အုပ်ချုပ်ရေးမှူး ပြောပြချက်အရ ရွှေတူးဖော်ကြတဲ့ ကုမ္ပဏီတွေက အထက်ကခွင့်ပြုချက်နဲ့ လက်မှတ်တွေ ရရှိပြီး လာရောက်တူးဖော်ကြတာ ဖြစ်တဲ့အတွက် ရွာ ၃ ရွာက ပြည်သူတွေအနေနဲ့ ကန့်ကွက်လို့မရတဲ့ အခြေ အနေကို ရောက်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ကုမ္ပဏီတွေ မဝင်သေးတဲ့ မြေနေရာတွေမှာ ဒေသခံတွေအနေနဲ့ အမြန်ဆုံးအခင်းတွေ သွားရောက် ပြုလုပ်ပြီး လက်ဦးမှုရယူထားတာဟာ ရွာမြေကို ကာကွယ်နိုင်မှာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာ သားတွေကို အကြံပြုပြောဆိုတယ်လို့လည်း ဆိုပါတယ်။
အထက်ကခွင့်ပြုချက်ဆိုပြီး ရွှေတူးဖော်တဲ့ သူတွေဟာ ရွာ ၃ ရွာစလုံးကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းမှာ သုံးစွဲဖို့ ဆိုပြီး ကျပ်သိန်း ၁၀၀ စီပေးအပ်ခဲ့တယ်လို့ ကြားသိရကြောင်း အထက်ပါ ဒဘတ်ယန်ကျေးရွာ အမျိုးသမီးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောဆက်ပါတယ်။
“ရွှေတူးလို့ ပျက်စီးသွားတဲ့ဟာကို ရွှေတူးဖော်ရေးကုမ္ပဏီတွေ ပေးတဲ့ငွေနဲ့ ပြန်လုပ်မယ်ပြောတာ အခုထိ လမ်းလုပ်တာလည်း မတွေ့မိသေးဘူး။ ဘယ်မှာ ဘာလုပ်သလဲဆိုတာ မသိဘူး” လို့ ဆိုပါတယ်။
ဒဘတ်ချောင်းတစ်လျှောက်မှာ တချို့က တဲထိုးပြီး ရွှေကျင်တဲ့သူတွေရှိသလို ချောင်းပေါ်မှာ ဖောင်နဲ့ မျှောပြီး ရေငုတ်ကျင်းတူးတဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပြီး အဆိုးဆုံးက ဖောင်နဲ့ တူးတဲ့သူတွေဟာ ကျောက်တွေကို ရေလယ်မှာ ပုံထားတဲ့အတွက် ချောင်းပျက်စီးတာတွေ ဖြစ်နေတာပါ။
ဒါ့အပြင် ရေလယ်ခေါင်မှာ တူးနေကြတာဖြစ်လို့ ချောင်းကမ်းပါးပြိုတာမျိုးတွေအထိ ဖြစ်နေတဲ့အတွက် ဒဘတ် ယန်ကျေးရွာဘက်က လယ်နဲ့ ခြံမြေတွေတင်မက ကဇူးယန်ကျေးရွာဘက်ခြမ်းက လယ်နဲ့ ခြံမြေတွေလည်း ပြို ကျတာတွေ ဖြစ်နေတယ်လို့ ကဇူးယန်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“လိမ္မော်သီးခြံမြေတွေ၊ ကမ်းပါးတွေ ပြိုကျသွားတယ်။ သူတို့က ဘက်ဟိုးတွေနဲ့ ရေလယ်မှာ တူးနေတဲ့အတွက် သူများတွေရဲ့ မြေနေရာတွေ၊ တမင်ဘက်ဟိုးနဲ့ မကုပ်ပေမဲ့ ရေလယ်မှာတူးထားတဲ့ အရှိုန်တွေနဲ့ ပါသွားတယ်။ ရေကြီးရင်က ကမ်းပါးတွေပြိုလာတယ်။ အဲဒီလိုဖြစ်နေတယ်” အထက်ပါအမျိုးသမီးက ရှင်းပြပါတယ်။
ဒဘတ်ယန်ကျေးရွာဘက်ခြမ်းကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ရွှေတူးဖော်ကြတဲ့အပြင် ရွာသားတွေ စစ်ရှောင်နေတဲ့ ကာလအတွင်းမှာလည်း ချောင်းတစ်လျှောက်က ဒေသခံတွေရဲ့ မြေတွေအားလုံးကို ရွှေတူး လိုက်ကြတဲ့အတွက် တွင်းတွေကြီးဖြစ်ကုန်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။
အခုချိန်ဟာ ပြန်လည်ထူထောင်ရေးကာလဖြစ်တာကြောင့် ဒေသခံတွေက ချောင်းရေကို တစ်ကိုယ်ရေသန့်ရှင်း ရေး အတွက်သာမက ချက်ပြုတ်ရာတွေမှာလည်း သုံးစွဲနေကြရတာပါ။ သို့သော် အထက်ဘက်မှာ ရွှေတူးဖော်နေ တဲ့ အတွက် ရေတွေနောက်နေတဲ့အပြင် စက်သုံးဆီတွေပါ ရောနှောနေလို့ အဆင်မပြေမှုတွေ ဖြစ်နေပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကျေးရွာလူကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ပိတ်ပင်ထားတဲ့အတွက် ဒေသခံတွေက ရွှေမတူးကြပေမယ့် တခြားဒေသက လူတွေက ဝင်ပြီး လုပ်နေကြတယ်လို့ ကဇူးယန်ကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
အခု ရွှေဝင်တူးနေကြတဲ့ ရွာတွေက မြစ်ကြီနား-ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာ တည်ရှိပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ စစ်တပ်တို့အကြားက ၂၀၁၁ ခုနှစ်က တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ၁၀ နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။