ဗန်းမောက် တစ်ပတ်တာတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်တစ်ဦးအပါအဝင် ၄၀ ခန့်သေဆုံး

ဗန်းမောက် တစ်ပတ်တာတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်တစ်ဦးအပါအဝင် ၄၀ ခန့်သေဆုံး
ဒေသကာကွယ်ရေး Banmauk Revolution-BR တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု
ဒေသကာကွယ်ရေး Banmauk Revolution-BR တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားမှု

စစ်ကိုင်း– ကချင်နယ်စပ် ဗန်းမောက်မြို့နယ်တွင် စစ်ကောင်စီ ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်တို့ကြား တစ်ပတ်တာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဗိုလ်တစ်ဦး အပါအဝင် အကျအဆုံး ၄၀ ဝန်းကျင်ထိ ရှိခဲ့သည်။

“တိုက်ပွဲကတော့ မနေ့ကထိ ဖြစ်နေတာ နားလိုက်ဖြစ်လိုက်နဲ့ တစ်ပတ်ကျော်ပြီ။ မနေ့ကဆို သူတို့ဘက်က အထိ နာတော့ ည ၉ နာရီလောက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်။ သူတို့ဘက်က ဒီတိုက်ပွဲမှာ ၄၀ ထက်မနည်း ကျဆုံးနိုင်တယ်။ ကျနော်တို့ဘက်ကလည်း ထိခိုက်ကျဆုံးမူတွေရှိတယ်။ အတည်တော့မပြုနိုင် သေးဘူး” ဟု Banmauk Revolution-BR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မေလ ၁၈ ရက်နေ့မှ စတင်ပြီး မေလ၂၅ ရက်နေ့အထိ ကြောင်လည်ကျေးရွာ အနီးတစ်ဝိုက်တွင် ပြင်းထန်စွာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီ နှင့် SNA ပူးပေါင်းတပ်များ တပ်စွဲထားသော စခန်းကို KIA နှင့် PDF ဘက် မှ သိမ်းပိုက်နိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့နောက် မေလ ၂၅ ရက်နေ့ စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခဲ့သောကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိကြောင်း ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။

“လေယာဥ်ဗုံးကြဲမူက နောင်ကန်နားတစ်ဝိုက်ကိုကျတယ် အရပ်သားနှစ်ဦးသေဆုံးတယ်။ နောင်ကန်ကျေးရွာ သား နှစ်ဦးပါ ၆၆ နှစ် နဲ့ ၃၃ နှစ်ရှိပြီလို့ သိရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ကျန်နေသေးသည့် စစ်ကောင်စီ ပူးပေါင်းတပ်အဖွဲ့များသည် ကြောင်လည်ကျေးရွာအနီးရှိ ဘုရား တောင်တွင် တပ်စွဲထားသည်ဟု Banmauk Revolution-BR အဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အင်းတော်မြို့နယ် မှ ဗန်းမောက်ဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ စစ်ကြောင်းကိုလည်း ABSDF တပ်မှ မေလ ၂၂ ရက် နှင့် မေလ ၂၃ ရက် နှစ်ရက်ဆက်တိုက် ဖြတ်တောက်တိုက်ခိုက်နေသောကြောင့် လက်ရှိချိန် အထိလည်း အင်းတော် – ဗန်းမောက်လမ်းတွင် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစပြီး ဗန်းမောက်မြို့နယ်သို့ ရိက္ခာသယ်ယူခွင့်ကို စစ်တပ်က ကန့်သတ်ခဲ့သည်။

ယင်းကဲ့သို့ ကန့်သတ်လိုက်သည့်နောက် ဈေးဆိုင်များရှိ လက်ကျန်ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်နေပြီး အချို့ဆိုင်များတွင် ပစ္စည်းပြတ်လပ်သွားကာ ဈေးဆိုင်များ ပိတ်ခဲ့ရသည်။

အလားတူ လက်ရှိတွင် မိုဘိုင်းဖုန်းဘေလ်များ ဝယ်၍ မရတော့သည့်အပြင် စက်သုံးဆီများလည်း ပြတ်လပ်နေ ကာ ကြက်ဥတစ်လုံးလျှင် ကျပ် ၅၀၀၊ ဝက်သားတစ်ပိဿာကျပ် ၃ သောင်း၊ ကြက်သား တစ်ပိဿာ ၂ သောင်း ဝန်းကျင်အထိ ပေးကာ ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် မေလ ၅ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်တော့မည် ဖြစ်သဖြင့် မြို့နေပြည်သူ များအား တိမ်းရှောင်ရန် ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတိပေးခဲ့သည်။

ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက “ဟုတ်တယ် မေလ လဆန်းပိုင်းမှာ သတိပေးခဲ့တာ။ ဒီလို တိုက်ပွဲတွေ ပြင်းထန်လာမှာစိုးလို့ သတိပေးခဲ့တာ” ဟု ပြောသည်။

ယခုကဲ့သို့ နှစ်ဖက်ကြားတိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဗန်းမောက်မြို့နယ်ရှိ မံစီကြီး၊ မံလွန်၊ ကံကြီးကုန်း၊ ကြောင် လည်၊ နားပင်၊ မံထွန်ကျေးရွာများမှ ဒေသခံ ၅၀၀၀ ထက်မနည်းဘေးလွှတ်ရာသို့ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု Banmauk Revolution-BR အဖွဲ့ထံမှ သိရသည်။

၂၀၀၄ သန်းခေါင်စရင်းအရ ဗန်းမောက်မြို့နယ်တွင် လူဦးရေ ၂ သိန်းဝန်းကျင်နေထိုင်သည့် မြို့နယ်တစ်ခုဖြစ် သည်။

ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းမှ ကျေးရွာများတွင် စစ်ကောင်စီတပ်၊ SNA ပူးပေါင်းတပ် နှင့် KIA၊ PDF ပူးပေါင်းတပ်တို့အကြား တိုက်ပွဲကြောင့် ဒေသခံများမှာ မကြာခဏ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဗန်းမောက်မြို့နယ်သည် စစ်အုပ်ချုပ်ရေးစနစ် ထုတ်ပြန်ခံထားရသည့် မြို့နယ်ဖြစ်သည့်အပြင် ဖုန်းအင်တာနက် လိုင်း ဖြတ်တောက်ခံထားရသည်မှာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်သည်။

ထို့အပြင် လက်ရှိချိန်ထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ပြောသည်။

ကံပိုင်တည်- ဆဒုံးကားလမ်းပိုင်းမြင်ကွင်း
November 14, 2024
ကချင်ပြည်နယ် မြစ်ကြီးနား- ကံပိုင်တည်ကားလမ်းပိုင်း နိုဝင်ဘာလ ၆ ရက်နေ့စပြီး စစ်ကောင်စီတပ်က...
ပုံ- ကြွက်ဘေးသင့်သွားတဲ့ အင်ပါဘာဒေသ တောင်ယာစပါးခင်းများ
November 14, 2024
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါဒေသထဲက ရွာပေါင်း ၁၀ ဝန်းကျင်က...
November 12, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ...
ဖမ်းဆီးခံထားရတဲ့ လွတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်
November 11, 2024
ရှမ်းမြောက်၊ နမ္မတူမြို့နယ် တအာင်းတပ်မတော် TNLA ဖမ်းဆီးထားတဲ့ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...