တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိပ်ဖူးကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံပျူစောထီးအဖွဲ့နှင့် ကော့သောင်းမြို့အခြေစိုက် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျေးရွာအတွင်းနေထိုင်သူ ဒေသခံ ရာချီနီးစပ်ရာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရသည်။
ခမောက်ကြီးမြို့၊ ဆိပ်ဖူးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်ကျော်ဝင်းနှင့် ဒုခေါင်းဆောင် မြင့်အောင်တို့ကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဧပြီလ ၁၆ရက်နေ့တွင် သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နှစ်ဖက်အပြန်အလှန်ထိတွေ့ တိုက်ခိုက်မှုဖြစ် ပေါ်ခဲ့ သောကြောင့် ကျေးရွာနေပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်းခဲ့ရခြင်ဖြစ်ကြောင်း People Defense Organization-Tanintharyi Division မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခုလိုပြောသည်။
“သွားရောက်ပစ်ခတ်ခဲ့တာကတော့ နှစ်ဦးပါ။ ပစ်ခတ်မှုတွေဖြစ်ပြီးတော့ သေနတ်တွေလည်းသိမ်း ဆည်းရမိခဲ့ပါတယ်။ ကျေးရွာဒေသခံတွေကတော့ ပစ်ခတ်မှုတွေအတွင်း ထိုင်းဘက်ကို ရှောင်သွားရ တာမျိုးတွေရှိတယ်။ အခုကြားရသလောက်တော့ တချို့တွေကတော့ ပြန်လာနေထိုင်ကြပြီး။” ဟု ကေအိုင်စီသို့ ပြောသည်။
ပစ်ခတ်မှုအတွင်း ဆိပ်ဖူးကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦးသေဆုံးခဲ့ပြီး ၎င်းတို့ကိုင်ဆောင်သော AK 47 သေနတ်နှစ်လက်၊ AK ကျည် ၁၁၉ တောင့်၊ ပစ္စတို ၁ လက်၊ ကျည်ကာ ၄ ထည်၊ ယူနီဖောင်း ၂ စုံ၊ ဆုံလည် ဂက်(စ်)သေနတ်တစ်လက်၊ ကျည်ဘောက် ၅ ခုနှင့် ဓားများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လလယ်ပိုင်းကလည်း ကော့သောင်းမြို့နယ် ဝိုင်းဒင်ကျေးရွာတွင် အာဏာသိမ်းစစ် ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု များဖြစ်ပေါ်ခဲ့သောကြောင့် ဒေသခံ ၅၀၀ ကျော် ထိုင်းဘက်ခြမ်းကို ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ရသေး ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်များအရ သိရသည်။