စစ်ကောင်စီအား ထောက်ခံသည့် လူနည်းစုက အင်းလေးရေပေါ် သင်္ကြန်ပွဲတော် ကျင်းပရန် စီစဉ်နေသည်ဟု ဒေသခံများက ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်တွင် ပြုလုပ်မည့် ရေပေါ်သင်္ကြန်ပွဲတော်မှာ စစ်ကောင်စီ ထောက်ခံသည့် လူနည်းစုကသာ စီစဉ်ကျင်းပခြင်းပြီး လူထု၏ သဘောထားမပါဘူးဟု ဒေသခံများ က ပြောသည်။
အဆိုပါ ရေပေါ်သင်္ကြန်ပွဲတော်အား အင်းလေးဒေသ၊ နန်းပန်မြို့၏ ရေပြင်ပေါ်ရှိ ခေတ်ဆန်းယဉ် ရေကစား မဏ္ဍပ် (Innlay Cultural Heritage Trust Complex)တွင် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့ အထိ ၄ ရက် ကြာ ကျင်းပသွားမည် ဖြစ်သည်။
Justice Movement For Community- Innlay အဖွဲ့အစည်းကို တည်ထောင်သူ(Founder) ဒေါ်ယုလှိုင်သင်းက “ကိုယ်ကျိုးစီးပွားကိုပဲ ကြည့်တတ်တဲ့ အင်းသားလူမျိုးစုနဲ့ အကြမ်းဖက်အုပ်စုတွေက ပေါင်းပြီးတော့မှ ဒီလိုမျိုး ပွဲကို လုပ်တယ်လို့ မြင်တာပေါ့နော်။ အရင်က အင်းလေးမှာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်။ အခုချိန် မှာက အင်းလေးဒေသ အရမ်းကို အေးချမ်းနေပြီ။ တည်ငြိမ်ပြီ။ အရမ်းကို ပျော်စရာ ကောင်းနေပြီ ဆိုတာမျိုး တမင် သက်သက် ဖန်တီးနေတာပေါ့နော်။ ဒီဟာရဲ့ အကျိုးဆက်က လူတွေရဲ့စိတ်ကို အာရုံပြောင်းသွားအောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ တော်လှန်ရေး လုပ်နေတဲ့သူတွေအားပျော့သွားအောင် အကွက်ဆင်ပြီး လုပ်တာ လို့လည်း မြင်တယ်” ဟု ပြောသည်။
ရေပေါ်သင်္ကြန်ပွဲတော်ကို ကျင်းပရန် စီစဉ်နေသူများမှာ စစ်ကောင်စီ လက်ဝေခံ အင်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ ခေတ်ဆန်းယဉ် ကြာ၊ ပိုးချည်နှင့် ယက္ကန်းရုံ၊ စစ်ကောင်စီ အမာခံထောက်ခံသည့် လုပ်ငန်းရှင်များကသာ စီစဉ် ကျင်းပကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အင်းလေးဒေသတွင် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများမှာ နေ့နေ့ညည အရပ်သားများအပေါ် အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နေသည့်အပြင် ဒေသတွင်း ကာကွယ်ရေး တပ်ဖွဲ့များနှင့်လည်း အချိန်မရွေး တိုက်ပွဲများ ထဖြစ်ပွားနိုင်သောကြောင့် စိုးရိမ်နေရသည်ဟု ဆိုသည်။ ထို့ကြောင့် အင်းလေးဒေသခံများမှာ ပွဲတော်ရက်များကိုလည်း စိတ်ဝင်စားနိုင်ခြင်း မရှိဘဲ လူနည်းစုကသာ စီစဉ် ကျင်းပသည့် ရေပေါ်သင်္ကြန်ပွဲတော်က လူထုကို ကိုယ်စားမပြုနိုင်ဘူးဟု ပြောသည်။
ဒေါ်ယုလှိုင်သင်းက “စစ်ကောင်စီကို ထောက်ခံအားပေးတဲ့ လူတွေကတော့ အဲဒီပွဲကို သွားကြမှာပဲ။ အခုလို အချိန်မှာ အဘက်ဘက်ကနေပြီး စိုးရိမ်ပူပန် ကြောက်လန့်နေရတဲ့သူတွေ၊ ကုန်ဈေးနှုန်း ကြီးမားလို့ စားဝတ်နေ ရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့သူတွေ၊ ကိုယ့်မိသားစုဝင်ထဲက အဖမ်းခံထားရတဲ့သူတွေ၊ ဆွေမျိုးနီး စပ်သူတွေ၊ သေသွားတဲ့ လူငယ်တွေရဲ့ မိသားစုဝင်တွေ အဲဒါတွေကတော့ ဘယ်သွားနိုင်ပါ့မလဲ။ သူတို့ကိုလည်း တစ်ချက်တော့ ပြန်ကြည့်သင့်တာပေါ့နော်။ အင်းသားအချင်းချင်း အသားထဲက လောက်ထွက်တာပေါ့နော်” ဟု ဆက် ပြောသည်။
ခေတ်ဆန်းယဉ် ရေကစားမဏ္ဍပ်တွင် ၂၀၁၉ ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ကလည်း မြန်မာနိုင်ငံ၏ ပထမဆုံး ရေပေါ်သင်္ကြန်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ဖူးပြီး ထိုစဉ်က အင်း သားရိုးရာ နှစ်ကျိပ်ရှစ်ဆူ ဆွမ်းလောင်းပွဲနှင့် ရေပေါ်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကိုလည်း ပူးတွဲလုပ်ခဲ့ကြသည်။
သို့သော် ယခု စစ်ကောင်စီလက်ထက်တွင် ကျင်းပမည့် ရေပေါ်သင်္ကြန်မှာ ၎င်းတို့စစ်အုပ်စုကို ထောက်ခံသည့် သူ များကသာ ဦးဆောင်ကျင်းပမည် ဖြစ်သောကြောင့် အင်းသားလူမျိုးစု တစ်ခုလုံးနှင့် သက်ဆိုင်ခြင်း မရှိဘူးဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့ဟာသူတို့ လုပ်တာလေ။ ကျမတို့ အင်းသားလူမျိုးကို ကိုယ်စားပြုတယ်လို့ မထင်ဘူးပေါ့နော်။ အသိ အမှတ်လည်း မပြုနိုင်ဘူးပေါ့။ စစ်တပ်ကပေးတဲ့ အရိုးအရင်းလောက်ပဲ ကိုက်နေတဲ့ အင်းပါတီကိုလည်း ကျမ တို့ မထောက်ခံနိုင်ဘူးပေါ့။ ဘယ်သူမှလည်း သွားကြမှာ မဟုတ်ဘူးလေ။ သူတို့ လူတစ်စုနဲ့ပဲ အကျဉ်းချုံး လုပ် သွားမယ့် သဘောရှိတာပေါ့။”
အင်းလေးဒေသတွင် ၂၀၂၀ ခုနှစ်ကစတင်ပြီး ပြည်တွင်း ခရီးသွားများ သာမက ပြည်ပ ခရီးသွားများပါ လာ ရောက် လည်ပတ်ကြသည့် ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီပူဇော်ပွဲတော် အပါအဝင် ရိုးရာပွဲတော်များ မကျင်းပနိုင်သည်မှာ ၃ နှစ်ကျော်ရှိပြီဟု သိရသည်။
ထိုသို့ ရိုးရာပွဲတော်များ မကျင်းပနိုင်သည့်ကြားက စစ်ကောင်စီအား ထောက်ခံသည့် အုပ်စုက ရေပေါ်သင်္ကြန်ပွဲ တော် အတွက် ပြင်ဆင်နေသောကြောင့် ဒေသခံများကြားတွင် ဝေဖန် ပြောဆိုနေကြသည်။