KNU/KNLA-PC တပ်ဖွဲ့၏ လက်နက်များကို BGF သိမ်းယူ

KNU/KNLA-PC တပ်ဖွဲ့၏ လက်နက်များကို BGF သိမ်းယူ

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNU/KNLA-PC အဖွဲ့အစည်းမှ ဧပြီလ ၇ ရက်နေ့က ထုတ်ပယ်ခံလိုက်ရသည့် အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်ဦး ဆောင် သည့် တပ်ဖွဲ့ဝင်များ၏ လက်နက်များကို ယမန်နေ့က နယ်ခြားစောင့်တပ်(BGF)က သိမ်းယူသွားကြောင်း ခိုင်လုံသည့် သတင်းအရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ နေ့လည် ၁ နာရီဝန်ကျင်က အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင် နေထိုင် စခန်းချရာ နဘူးမြို့နယ်၊ ထလော့ကျေးရွာရှိ စခန်းသို့ BGF တပ်နယ် (၃) မှ တပ်နယ်မှူး ဗိုလ်မှူးစောမောင်ဝင်း ဦးစီးပြီး သွား ရောက် တွေ့ဆုံ ဆွေးနွေးကြပြီး လက်နက်များကို သိမ်းယူသွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် PC သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

၎င်းက “လက်နက်တွေ အကုန်လုံးသိမ်းလိုက်တယ်။ ဘယ်နှစ်လက်လောက်ရှိလဲတော့ သေချာမသိဘူး။ သူတို့ ပြောတာတော့ ယာယီသိမ်းတာပဲပေါ့။ သူတို့နယ်မြေရှင်းလင်းရေး ကိစ္စပြီးရင် ပြန်ပေးမယ်လို့တော့ ပြောတာပဲ။ လူတစ်ယောက်မှတော့ မဖမ်းဘူး။ သူတို့ ဗိုလ်လက်ကိုင်နဲ့ညှိပြီးမှသိမ်းတာ။ အခုက BGFက နယ်စပ်နေရာတွေ ကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာ” ဟု ကေအိုင်စီသို့ ပြောသည်။

လူမှုကွန်ရက် စာမျက်နှာများတွင် ဗိုလ်လက်ကိုင်ကို BGF မှ လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း ရေးသားဖော် ပြမှုများထွက်ပေါ်လာသော်လည်း အဆိုပါ လက်နက်သိမ်းယူမှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မပြုလုပ်ကြ ဘဲ KNU/KNLA-PC ဘက်မှ လက်နက်ကို ငြိမ်းချမ်းစွာပေးအပ်လိုက်ကြောင်း ၎င်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါ ထလော့ဖြစ်စဉ်နှင့်ပတ်သက်၍ KNU/KNLA-PC ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က “ အဲဒီဟာက ဖြစ်နိုင်ခြေဘယ်လောက်ရှိလဲ။ အနည်းနဲ့အများတော့ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်လာရတာလဲ ဖြစ်လာ တဲ့အခြေခံ အကြောင်းအရင်း၊ နှစ်ဦးနှစ်ဖက်က ဘယ်လိုတွေ ပြောဆိုဆွေးနွေးမှုတွေရှိလဲဆိုတာက ကျနော်တို့ အကုန်လုံး နားမလည်သေးဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလ ၅ ရက်နေ့မှစ၍ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာရွှေကုက္ကိုလ်မြို့သစ်အနီးတွင် ကော်သူးလေ တပ်မတော်(KTLA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်ဖွဲ့ များအကြား ဖြစ်ပွားသော တိုက်ပွဲများတွင် KNU/KNLA-PC တပ်ရင်း(၇၀၈) တပ်ရင်းမှူးဒုတိယ ဗိုလ်မှူးကြီး စောကျော်ကရော နှင့် အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင် တို့နှစ်ဦးပါဝင်ခဲ့ကြောင်း သိရသည်။  

ထိုတိုက်ပွဲများအတွင် ပါဝင်သည့် ၎င်းတို့ တပ်မှူး နှစ်ဦးကိုလည်းအဖွဲ့အစည်း ဗဟို၏ညွှန်ကြားမှုများနှင့် တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို မလိုက်နာမှုဖြင့် အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်လိုက်ကြောင်း KNU/KNLA-PC က ထုတ်ပြန်ကြေညာထားသည်။  

အဆိုပါ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း BGF ဘက်မှ အထိအခိုက်အကျအဆုံးများခဲ့ပြီး လက်နက်တချို့လည်း သိမ်းဆည်းခံလိုက်ရသည်ဟု ကော်သူးလေအာမီ-KTLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သတင်း ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် BGF တပ်ဖွဲ့ဘက်မှ ပြန်လည်ပိတ်ဆို့တိုက်ခိုက်၊ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေခြင်းကြောင့် ဗိုလ်အယ် စေးဝါးဦးဆောင်သည့် KTLA တပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ပြီး ၎င်းတို့ တပ်ဖွဲ့ဝင်တချို့ကိုလည်း အသေဖမ်းဆီး ပစ်ခတ်ခံခဲ့ရကာ လက်နက်တချို့နှင့် မော်တော်ယာဉ်များပါ သိမ်းဆည်း ရမိကြောင်း BGF တပ်ဖွဲ့ ရိုက်ကူးထားသည့် ရုပ်သံအရ တွေ့ရှိရသည်။

အလားတူ ယနေ့တွင်လည်း မြဝတီမြို့အနီးရှိ မဲကနယ်ဒေသတွက် စစ်ကောင်စီဘက်မှ တိုက်လေယာဉ် ၂ စင်းဖြင့် လာရောက်ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးကုန်းနေရာများမှလည်း လက်နက်ကြီးများ ဆက်တိုက်ဆိုသလို ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

August 27, 2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသအနောက်ဘက်...
August 27, 2024
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့နေရာများအား...
August 26, 2024
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းနှင့် စစ်ဆေးရေးဂိတ်...
August 26, 2024
ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ စစ်ရေး/အုပ်ချုပ်ရေး စိုးမိုးထားသည့် မြို့များတွင် အပစ်ရပ်...