ရခိုင်ပြည်သူများ လွတ်မြောက်နယ်မြေ၏အရသာကို ခံစားနေကြရပြီဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ပြော

ရခိုင်ပြည်သူများ လွတ်မြောက်နယ်မြေ၏အရသာကို ခံစားနေကြရပြီဟု AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်ပြော

ရက္ခိုင့်တပ်တော်(AA)၏ တော်လှန်ရေးသက်တမ်း ၁၄ နှစ်တာကာလအတွင်း ရခိုင်ပြည်တွင်း လွတ်မြောက်နယ်မြေအတိုင်းအတာတစ်ခုထိရရှိခဲ့ပြီး ရခိုင်ပြည်သူတို့ အနေဖြင့် လွတ်မြောက်နယ်မြေ၏ အရသာကိုခံစားနေကြရပြီဟု ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ပြောသည်။

ယမန်နေ့ ဧပြီလ ၄ ရက်၊ ည ၇ နာရီက အွန်လိုင်းမှပြုလုပ်ခဲ့သည့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)နှင့် "လွတ်မြောက်နယ်မြေအကြောင်း အမေးအဖြေ" အစီအစဉ်တွင် ဒေါက်တာညိုထွန်းအောင်က ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။

"၁၄ နှစ်တာကာလမှာဆိုလို့ရှိရင် ရခိုင်ဒေသရဲ့တစ်စိတ်တစ်ပိုင်းမှာဆိုလို့ရှိရင် လွတ်မြောက်နယ်မြေတွေ အတိုင်းအတာတစ်ခုထိရရှိလာပြီလို့ ပြောလို့ရပါတယ်။ အခု ၁၄ နှစ်တာကာလကို ကျော်ဖြတ်ပြီးတဲ့ အချိန်မှာတော့ ရခိုင်လူမျိုးတွေအနေနဲ့ လွတ်မြောက်နယ်မြေဆိုတဲ့အရသာရော၊ လွတ်မြောက် နယ်မြေတွေကို အတိုင်းအတာတခုထိရရှိခဲ့ပြီဖြစ်ပါတယ်" ဟု ပြောသည်။

လက်ရှိ ရခိုင်ဒေသတွင် မလွတ်မြောက်ဘဲကျန်ရှိနေသည့် နယ်မြေများကိုလည်း လွတ်မြောက်နယ်မြေအဖြစ်ရရှိရန် ရက္ခိတလမ်းစဉ်နှင့်အတူ ကြိုးပမ်းဆောင်ရွက်နေကြောင်း ဒေါက်တာညိုထွန်းအောင်က ဆက်ပြောသည်။

"ရခိုင်မှာလည်း တချို့နေရာတွေမှာ မလွတ်မြောက်သေးတဲ့နယ်မြေတွေရှိတယ်။ ကျနော်တို့ အနေနဲ့ကတော့ အဲဒီနေရာတွေကို ဆက်လက်လွတ်မြောက်ဖို့ ရက္ခိတလမ်းစဉ်နဲ့အတူတူ ဆက်လက်ကြိုးစားဆောင်ရွက်နေတယ်"ဟု ပြောသည်။

လွတ်မြောက်နယ်မြေဆိုသည်မှာ နယ်စပ်ဒေသများမဟုတ်ဘဲ မိမိတို့လူမျိုးနေထိုင်ရာ ဘူမိနက်သန်မြေပင်ဖြစ်သည်ဟု ဆိုသည်။

ရခိုင့်တော်လှန်ရေးခေါင်းဆောင်ကြီးများအနေဖြင့်လည်း ရခိုင်ဒေသလွတ်မြောက်ရန် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့သော်လည်း အခြေအနေအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ကြောင်း၊ လက်ရှိ ULA/AA ၏ ၁၄ နှစ်တာ တော်လှန်ရေးသက်တမ်းတွင် ရခိုင်ပြည်တွင် လွတ်မြောက်နယ်မြေများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သူက ဆက်ပြောသည်။

ရခိုင်ပြည်တွင် လွှမ်းမိုးထိန်းချုပ်နိုင်သည့် လွတ်မြောက်နယ်မြေများရရှိထား၍ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပြင် ပညာရေး၊ ကျန်းမာရေးကဏ္ဍများကို လွတ်လပ်စွာဆောင်ရွက်နိုင်လာကြောင်း ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောသည်။

လာမည့် ဧပြီ ၁၀ ရက်သည် ရက္ခိုင့်တပ်တော်(AA)ဖွဲ့စည်းထူထောင်ခြင်း ၁၄ နှစ်မြောက်နေ့ဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စတင်ဖွဲ့စည်းချိန်က တပ်ဖွဲ့ဝင် ၂၆ ဦးနှင့် သေနတ်တလက်သာရှိခဲ့သည်ဟုလည်း ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုထားသည်။

ယင်းသို့ တော်လှန်ရေး၏ ခက်ခဲကြမ်းတမ်းမှုများကို ဆယ်စုနှစ်တစ်ခုကျော် ကြာကျော်ဖြတ်ပြီး လက်ရှိရခိုင်ဒေသတွင် တပ်ရင်းတစ်ခုစီ၌ အင်အား ၃၀၀ နှင့်အထက်ရှိသည့်တပ်ရင်းပေါင်း ရာနှင့်ချီ ဖွဲ့စည်းထားနိုင်ပြီဟုလည်း  ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

ရက္ခိုင့်တပ်တော်(AA)သည် ၂၀၁၄ ခုနှစ်တွင် ရခိုင်ပြည်သို့ စတင်ဝင်ရောက်ခဲ့ပြီး  ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ အမ်းမြို့နယ်များနှင့် မြန်မာ- အိန္ဒိယ နယ်စပ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ်တို့တွင် အဓိက လှုပ်ရှားတိုက်ပွဲဝင်ခဲ့သည်ဟု သိရသည်။

မြန်မာစစ်တပ်နှင့် အပစ်ရပ်တန့်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ရခိုင်ပြည်တွင် ၄င်း၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးများကို ကျယ်ကျယ်ပြန့်ပြန့် ပုံဖော်လုပ်ဆောင်လာပြီး ရခိုင်လူထုအနေဖြင့်လည်း ULA/AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကိုယုံကြည်အားကိုးကာ တိုင်တန်းလာကြောင်း သိရသည်။

လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရ  တကျော့ပြန်တိုက်ပွဲများရပ်နားထားချိန် တွင်လည်း ရက္ခိုင့်တပ်တော်(AA)စစ်သည်တော်များက ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားမြို့နယ်များတွင် စစ်ဘေးရှောင်များနှင့် ဒေသခံလယ်သမားများ၏ စပါးရိတ်သိမ်းမှုတွင် ကူညီဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

အလားတူ အပစ်ရပ်ထားစဉ် စစ်ကောင်စီက စစ်ရှောင်များအားနေရပ်အတင်းပြန်ပို့ခြင်း၊ တပ်ရင်းစခန်းများသို့ စစ်သည်လက်နက်ရိက္ခာ ဖြည့်တင်းမှုများကို လုပ်ဆောင်နေသော်လည်း AA အနေဖြင့် ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတားများတည်ဆောက်ဖွင့်လှစ်ခြင်းတို့ကို လုပ်ဆောင်နေသည်ကို တွေ့ရသည်။

မတ်လ ၂၅ ရက်က ရသေ့တောင်မြို့နယ်တွင်  သရက်ချောင်းတံတားနှင့် ကာမေချောင်းတံတားကို ULA/ AA မှ တာဝန်ရှိသူများက ဖွင့်လှစ်ခဲ့သည်။

ဇန်နဝါရီလ ၂၅ ရက်ကလည်း ULA/AA ဦးဆောင်တည်ဆောက်ခဲ့သည့် ရသေ့တောင်မြို့နယ် လိုင်ဂွင်ချေတံတားကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

Most read this week

September 7, 2024
သံတွဲမြို့နယ်မှ အရေးပါသည့် နောက်ဆုံးလက်ကျန် ရေတပ်စခန်းတစ်ခုဖြစ်သည့် မောင်ရွှေလေး ရေတပ်ကို...
September 6, 2024
ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် တိုက်ပွဲ ပြင်းထန်နေခဲ့စဉ် (ဇူလိုင်လ)အတွင်း ရွှေဇား‌...
September 5, 2024
ဧရာဝတီတိုင်းမှ ရခိုင်ပြည်  ဂွမြို့နယ်သို့ ဆန်သယ်ယူခွင့်ကို ဩဂုတ်လ တတိယအပတ်ခန့်က စပြီး...