ကချင်ပြည်နယ် မြောက်ပိုင်း ရွှေမှော်များတွင် လုပ်အားခကို မူးယစ်ဆေးဖြင့် ပေးချေ

ကချင်ပြည်နယ် မြောက်ပိုင်း ရွှေမှော်များတွင် လုပ်အားခကို မူးယစ်ဆေးဖြင့် ပေးချေ
ဓါတ်ပုံ - Crd (မချမ်းဘော့ Facebook) မချမ်းဘော့ဒေသအတွင်းက ရွှေလုပ်ကွက်တစ်နေရာ
ဓါတ်ပုံ - Crd (မချမ်းဘော့ Facebook) မချမ်းဘော့ဒေသအတွင်းက ရွှေလုပ်ကွက်တစ်နေရာ

ကချင်ပြည်နယ် မြောက်ဖျားပိုင်း၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်းရှိ ရွှေမှော်များတွင် လုပ်သားများအား လုပ်အားခအဖြစ် ငွေကြေးမပေးဘဲ မူးယစ်ဆေးဝါးများပေးကာ အလုပ်စေခိုင်းနေသည်ဟု ဒေသခံများက ပြော သည်။

မြန်မာနိုင်ငံရှိ အခြားသော ဒေသများမှ မချမ်းဘော့မြို့နယ်အတွင်း ရွှေမှော်များတွင် အလုပ်လာလုပ်နေသည့် ဗမာ၊ ရခိုင်နှင့် ရှမ်းလူငယ်များကို ဒေသတွင်းရှိ ရွှေတူးဖော်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်သူဌေးများက လုပ်အားခအား ငွေကြေးအစား မူးယစ်ဆေးဝါးများကို ပေးနေခြင်း ဖြစ်သည်ဟု ပြောသည်။

မချမ်းဘော့ဒေသခံတစ်ဦးက “တချို့တွေက ဟိုးအဝေးကြီး ရခိုင်ပြည်၊ အောက်ပိုင်းက သူတွေကိုခေါ်ယူပြီး၊ ဒီဘက်ရောက်သွားရင်တော့ ပြန်လည်း မပြန်တတ်တော့ဘူးလေနော်။ လွယ်လွယ်နဲ့တောင် ထွက်ပြေးလို့ မရ တော့ဘူးပေါ့။ ဆိုတော့ ပိုက်ဆံမပေးချင်ရင် ဘိန်းပေးပြီး အလုပ် လုပ်ခိုင်းတာ။

နောက်ပိုင်း ဘိန်းစွဲသွားရင် တော့ ပိုက်ဆံအစား ဘိန်းကိုပဲ ဆက်ပေးတော့တာမျိုး ပိုက်ဆံယူလို့လည်း မရတော့ဘူး။ အဲ့လိုမျိုးတွေ ရှိတယ် လို့ လောပန်းတွေ ကိုယ်တိုင် ပြောတာကြားခဲ့တယ်” ဟု ပြောသည်။

ပူတာအိုခရိုင်၊ မချမ်းဘော့ဒေသထဲတွက် ရွှေမှော် ၅၀ ကျော်ခန်ရှိနေပြီး၊ လုပ်ငန်းရှင်အများစုမှာ ရွှေတူးရေး လုပ် သားများကို ငွေကြေးအစား မူးယစ်ဆေးပေးကာ အလုပ်ခိုင်းစေနေပြီး၊ ဘိန်းဖြူ၊ ဘိန်းမဲနှင့် ရာမ (စိတ်ကြွဆေး) စသည့် မူးယစ် ဆေး အမျိုးအစားများကို အသုံးပြုနေသည်ဟု ဒေသခံရပ်မိရပ်ဖများက ပြောသည်။

မချမ်းဘော့ဒေသအတွင်းရှိ ရွှေတူးဖော်သည့် မှော်များထဲတွင် အလုပ်လုပ်ကိုင်နေသူ အများစုမှာ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်အပြင် မန္တလေး၊ စစ်ကိုင်း၊ မကွေး အစရှိသည့် နေရာများက လူငယ်များ ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။ ကချင်ပြည်နယ်အတွင်းမှ လုပ်သားများမှာ အနည်းသာရှိသည်ဟု ဆိုကြသည်။

အဆိုပါ ဒေသများက လူငယ်အလုပ်သမားများကို ခေါ်ယူပြီး လုပ်ငန်းရှင်များကိုယ်တိုင်က ၎င်းတို့အား မူးယစ် ဆေးစွဲအောင် အရင်ဆုံး ပေးသုံးပြီး စွဲသွားသော လုပ်သားများအား လုပ်ခအစား မူးယစ်ဆေးများကို ပေးကာ အလုပ်လုပ်ခိုင်းနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။

မချမ်းဘော့ ဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် ဖုန်းလိုင်းများလည်း ကောင်းမွန်စွာ မရရှိ သေးကြောင့် ရွှေမှော်များတွင် အလုပ်လုပ်ကိုင်နေသည့် လုပ်သားများမှာ နေရပ်ပြန်ရေးလည်း ခက်ခဲသည်ဟု ဒေသခံ ရပ်မိရပ်ဖများက ပြောသည်။ ဒေသတွင်း ရွှေတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသူ လုပ်ငန်းရှင်များမှာ မချမ်းဘော့ဒေသခံများမဟုတ်ဟု ဆိုကြသည်။ သို့သော် မည်သည့်ဒေသမှ ဖြစ်သည်ကိုမူ မသိရသေးပေ။

ထို့အပြင် လက်ရှိ ရွှေတူးဖော်ရေး လုပ်ကိုင်နေကြသည့် မချမ်းဘော့မြို့နယ်အတွင်းက နမ့်မှော်ထီဒေသသည် စစ်ကောင်စီ အုပ်ချုပ်သော နယ်မြေဖြစ်ပြီး လတ်တလောဖြစ်ပေါ်နေသည့် ငွေကြေးအစား မူးယစ်ဆေး ပေး ဆောင်နေသည့် ကိစ္စများနှင့် ပတ်သက်၍ လုပ်ငန်းရှင်များကို သက်ဆိုင်သူများမှ တစ်စုံတစ်ရာ အရေးယူခြင်း ဖြေရှင်းပေးခြင်းမျိုးတို့ မရှိဟု ဆိုကြသည်။

ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာအများစုတွင် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှ စတင်ကာ ဘိန်းစိုက်ခင်း အများအပြား စိုက်ပျိုးလာကြပြီး ဘိန်းရောင်းဝယ်ရေး လုပ်ကိုင်ကြသူများလည်း ပိုမိုများပြားလာသည်ဟု ပူတာအိုဒေသခံများက ပြောသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...