လူမျိုးရေး ပဋိပက္ခ သတိပြုရန် လူမျိုးစု ခေါင်းဆောင်များ သတိပေး

လူမျိုးရေး ပဋိပက္ခ သတိပြုရန် လူမျိုးစု ခေါင်းဆောင်များ သတိပေး

ပင်လောင်းမြို့နယ်၊ နန်းနိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို အကြောင်းပြုပြီး ပအိုဝ်း နှင့် ကရင်နီ တိုင်းရင်းသားများ အကြားတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် လုပ်ဆောင်နေမှုများကို သတိပြုကြရန် ပအိုဝ်းနှင့် ကရင်နီ ခေါင်းဆောင်များက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နန်းနိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သံဃာ တော်များနှင့် ဒေသခံများအား စစ်တပ်က သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ကို ကရင်နီ တော်လှန်ရေး အင်အားစုများက သတ်ဖြတ်ခဲ့သယောင် ဝါဒဖြန့် ရေးသား ပြောဆိုမှုများသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်လာနိုင် သည့်အတွက် အထူးသတိပြုကြရန် ပအိုဝ်းနှင့် ကရင်နီ ခေါင်းဆောင်များက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကရင်နီ အတိုင်ပင်ခံကောင်စီ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က “ဒီ နမ့်နိန်းမှာ ဖြစ်ပွားခဲ့တဲ့အပြစ်မဲ့ ပြည်သူ တွေကို ပြည်သူ တွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို အကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်ပြီးတဲ့ နောက်မှာ ကရင်နီ လက်နက်ကိုင်တွေက သတ်ဖြတ်လိုက်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှု ပြဿနာဟာ ကျနော်တို့ လူမျိုးတစ် မျိုး နဲ့အကြား ထင်မြင်လွဲမှားမှုတွေကို ဖြစ်စေပြီး လူမျိုးရေး တင်းမာတဲ့ အခြေအနေ ဖြစ်ပွားစေနိုင် တဲ့အတွက် ကျနော်တို့ ညီအစ်ကို ကရင်နီ ပအိုဝ်း တိုင်းရင်းသားလူမျိုးတွေက လွန်စွာ အရေးကြီး တာဝန်ရှိသလို တိုက်ရိုက် သက်ဆိုင်နေတာဖြစ်ပါတယ်” ဟုပြောသည်။

ကရင်နီနှင့် ပအိုဝ်း တိုင်းရင်းသားများသည် ရှေးယခင်ကတည်းက တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ နေထိုင်လာ ခဲ့ကြသည့် သူများနည်းတူ ယခုတွင်လည်း စစ်တပ်၏ ဝါဒဖြန့်မှုများကြောင့် ချစ်ခင်ရင်းနှီးမှုကို အပြိုကွဲမခံကြရန်၊ တစ်ဖက်နှင့် တစ်ဖက် ထင်ယောင်ထင်မှားစွပ်စွဲ ပြောဆိုခြင်းများ မပြုလုပ်ကြရန်နှင့် ကျူးလွန်သူများကို အပြစ် ပေး အရေးယူနိုင်သည့်အထိ အတူတကွ လုပ်ဆောင်ကြမည်ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။

ပအိုဝ်း အမျိုးသား ဖက်ဒရယ် ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ကလည်း စစ်တပ်၏ ဝါဒဖြန့်မှုကို မယုံကြရန် နှင့် ဝါဒဖြန့်မှုကြောင့် ကရင်နီနှင့် ပအိုဝ်း တိုင်းရင်းသားများကြားရှိ မိသားစု စိတ်ဓာတ်ကို အပြိုကွဲ မခံကြရန် ပန်ကြားထားသည်။

“ကျနော်အနေနဲ့ ဒီနေရာကနေ ပန်ကြား ချင်တာကတော့ ပအိုဝ်းပြည်သူတွေရော၊ ကရင်နီပြည်သူ တွေရော၊ ဒီစစ်ကောင်စီရဲ့ လိမ်ညာဝါဒဖြန့် တာတွေကို ဒါတွေကို မယုံကြဖို့လိုတယ်။ နောက်တစ်ခုကတော့ ကျနော်တို့ ကရင်နီနဲ့ ပအိုဝ်းကြားမှာရှိတဲ့ ကျနော်တို့ မိသားစုစိတ်ဓာတ်ကို အပြိုကွဲမခံပဲနဲ့ မိသားစု စိတ်ဓာတ်ကို ဆက် လက် စောင့်ရှောက်ဖို့ လိုတယ်ဆိုတာကို ကျနော်တင်ပြချင်ပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။

ပြီးခဲသည့် မတ်လ ၁၃ ရက်နေ့က စစ်ကောင်စီ လက်အောက်ခံ သတင်းစာများနှင့် ရုပ်မြင်သံကြားများတွင် နန်း နိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သံဃာတော်များ အပါအဝင် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုသည် ကရင်နီလက်ကိုင် အဖွဲ့အစည်းများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝါဒဖြန့် ပြောဆို ထားသည်။

ထို့အပြင် စစ်တပ်ထောက်ခံသူများနှင့် အမျိုးသားရေး လှုပ်ရှားသူများကလည်း လူမှုကွန်ရက် စာမျက်နှာများတွင် ထိုသို့ ဝါဒဖြန့် ပြောဆို ရေးသားမှုများကို ထပ်ဆင့် ဖြန့်ဝေနေကြသည်။

ခွန်မြင့်ထွန်းက “ဒီကနေ့ စစ်ကောင်စီဟာ လူမျိုး တစ်မျိုးနဲ့ တစ်မျိုးအကြားမှာ ပဋိပက္ခတွေကို ဖန်တီးသလို လူ မျိုးရေး ပဋိပက္ခကို ဖန်တီးသလို ဘာသာတစ်ခုနဲ့ တစ်ခုအကြားမှာ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးသလိုပဲ ကျ နော်တို့ တိုင်းရင်းသား လူမျိုးစု တစ်ခုတည်းမှာကို ပင်လျှင် ကျနော်တို့ ပဋိပက္ခတွေ မတူကွဲပြားတဲ့ အုပ်စုတွေ အကြားမှာ ပဋိပက္ခတွေကို ဖန်တီးနေတာ ဖြစ်ပါတယ်” ဟုပြောသည်။

စစ်တပ်သည် တိုင်းရင်းသားများအကြားတွင် လူမျိုးရေး၊ ဘာသာရေးများကို အခြေခံပြီး လူမျိုးတစ်မျိုးနှင့် တစ်မျိုး ပဋိပက္ခဖြစ်အောင်၊ လူမျိုးတူ အဖွဲ့များအကြားတွင်လည်း ပြိုကွဲအောင် ယခင်ကတည်း လုပ်ဆောင်ခဲ့ သည့်နည်းတူ ယခုလည်း ထိုသို့ လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့အတူ လက်ရှိတွင်လည်း နမ့်နိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို အခြေခံ၍ စစ်တပ်၏ ဝါဒဖြန့် ရေးသား ပြောဆို ဖြန့်ဝေမှုများသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖြစ်ပွားလာနိုင်သည့်အတွက် မယုံကြည်ကြရန်နှင့် သတိပြုကြရန် ပအိုဝ်း နှင့် ကရင်နီ ခေါင်းဆောင်များက ပြည်သူများကို တိုက်တွန်းတောင်း ဆိုထားသည်။

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...