ပဲခူးတိုင်း ဒေသကြီးတွင် တစ်ရက်တာအတွင်း ပျူစောထီးခေါင်းဆောင် ၂ ဦးအား နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ဒေသအတွင်း စစ်ရေးလှုပ်ရေးနေသည့် PDF အင်အားစုများက ပြောသည်။
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ လက်ပံခုံရွာအနီးရှိ မြေနီလမ်းမကြီးတွင် မတ်လ ၁၀ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်က စစ်ကောင်စီ လမ်းပြ သတင်းပေး ပျူစောထီးခေါင်းဆောင် ၁ ဦးအား ပစ်ခတ် ရှင်းလင်းခဲ့သည်ဟု သဲကုန်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း- ၃၆၀၂ (TPDF) တာဝန်ရှိသူများက ပြောသည်။
TPDF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ပြည်သူတွေ တိုင်ကြားချက် ရရှိတာ ကြာပါပြီ။ အခွင့် မသာတော့ အခုမှပဲ Mission (စစ်ဆင်ရေး) ဖော်ဆောင် ဖြစ်တာပေါ့။ သူတစ်ယောက်တည်း ပြန်လာတဲ့ အချိန်ကို စောင့်ပြီး ပစ်တာ ၃ ချက်ပဲ ပစ်လိုက်ရတယ်။ ပွဲချင်းပြီးပဲ” ဟု ပြောသည်။
၎င်းသည် သစ်ပုတ်ကျေးရွာတွင် နေထိုင်သူ အသက် ၅၀ အရွယ် ဦးအောင်ဝင်းဌေး ဖြစ်ပြီး စစ်ကောင်စီက ပြုလုပ်သည့် ညောင်နီပင်အုပ်စု ရှစ်လုံးတိုက်တွင် ပျူစောထီး သင်တန်းကို တက်ရောက်ဖူးသူဟု ဒေသခံများက ဆိုသည်။
ထို့အပြင် တာဝါတိုင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် ပူးပေါင်း၍ သစ်မှောင်ခို လုပ်ကိုင်ခြင်း၊ စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းများ ကောက်ယူပေးခြင်း၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများကို စစ်ကောင်စီထံ သတင်းပေးခြင်း၊ လောင်းကစားဝိုင်းများ ပြု လုပ်၍ စစ်ကောင်စီထံ ဆက်ကြေးပေးသွင်းခြင်း စသည့် အကြောင်းအရာများကြောင့် ပစ်ခတ် ရှင်းလင်းခဲ့ ခြင်း ဖြစ်သည်ဟု TPDF မှ တာဝန်ရှိသူများက ပြောသည်။
သတ်ပုတ်ကျေးရွာနေ အမျိုးသား တစ်ဦးက “သူက အုပ်ကြီးတို့ ရာအိမ်မှူးတို့ကို ကြိုးကိုင်နေတာ။သူပြီးရင် အကုန်ပြီးတယ်။ သစ်ဝယ်သလိုလို ဘာလိုလိုနဲ့ PDF အကြောင်းတွေ စုံစမ်းတတ်တယ်” ဟုပြောသည်။
အဆိုပါ စစ်ဆင်ရေးအား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ သဲကုန်းမြို့နယ် တပ်ရင်း -၃၆၀၂ နှင့် ပေါင်းတည်မြို့နယ် တပ်ရင်း ၃၆၀၁ တို့ ပူးပေါင်းဖော်ဆောင်ခဲ့ပြီး အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ သည် ဟု ပူးပေါင်းအဖွဲ့တာဝန်ရှိသူများက ပြောသည်။
အလားတူ ယင်းနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်တွင်ပင် ကဝမြို့နယ်၊ သရက်ကုန်းဈေးတွင် ပျူစောထီး ခေါင်း ဆောင်တစ်ဦးအား ဆက်ကြေးကောက်ခံနေစဉ် ဝင်ရောက်ပစ်ခတ် ရှင်းလင်းခဲ့သည်ဟု ကဝမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (KPDF)မှ တာဝန်ရှိသူများက ပြောသည်။
KPDF မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “သေနတ် တကားကားနဲ့ ပြပြီး ပြည်သူကို ခြိမ်းခြောက်တယ်။ စစ် တပ်တွေနားသွားပြီး နေ့နေ့ညည သတင်းပေးတယ်။ ၂လုံး၊ ၃လုံး၊ ကြက်ဝိုင်း၊ ဖဲဝိုင်း အကုန်လုပ်ပြီး စစ်ကောင် စီကို ဆက်ကြေးပေးတယ်။ သူ့ကိုမှ မရှင်းရင် တော်လှန်ရေး ရှေ့ဆက်မရတော့လို့ လုပ်လိုက်တာပါ” ဟု ပြော သည်။
ပစ်ခတ်ခံရသူ ပျူစောထီးခေါင်းဆောင်မှာ သရက်ကုန်းကျေးရွာနေ အသက် ၅၀ အရွယ် ဦးတင်မြင့်အောင် ဖြစ်ပြီး သေနတ်ဖြင့် ၃ ချက်တိတိ ဖြစ်ခတ်ခံရပြီးနောက် အခင်းဖြစ်သည့် နေရာ၌ပင်ပွဲချင်းပြီး သေဆုံးခဲ့သည်။
ဦးတင်မြင်အောင် သေဆုံးပြီးနောက် သရက်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ရောက်ရှိလာပြီး ကျေးရွာအတွင်း ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါစစ်ဆင်ရေး ဖော်ဆောင်ပြီးနောက်တွင် KPDF တပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့ပြီး စစ်ကောင်စီ ထောက်တိုင် မှန်သမျှကို ဆက်လက် ပစ်ခတ် ရှင်းလင်းသွားမည်ဟု သတိပေးထားသည်။