ရခိုင် ရိုးမနှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့ မိုင်း ဖြင့် တိုက်ခိုက်ခံရပြီး ဗိုလ်အဆင့်ရှိသူ တစ်ဦး အပါအဝင် ၄ ဦး သေဆုံးသွားသည်။
မတ်လ ၂ ရက် နေ့က အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ နတ်ပုတီး တောင်ကျော ရိုးမအတွင်းနယ်မြေစိုးမိုးရေး အတွက် စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ စွန်ရဲနီ နွေဦးတော်လှန်ရေး အောင်ဆန်းတပ်ရင်း (Red Falcon PDF ) က တိုက်မိုင်း ကြိုတင်ထောင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်သည်။
မဲဇလီကုန်းမြို့ ဒေသခံတစ်ဦး က “နတ်ပုတီး တောင်ကျောဘက်က ပေါက်ကွဲသံနဲ့ သေနတ်သံတွေကြားရတယ်။ နောက်တော့ အင်္ဂပူဘက်က လူနာတင်ကားတွေ ရောက်လာပြီး ဒဏ်ရတဲ့သူတွေကို တင်သွားကြတယ်။ အရာရှိ တစ်ယောက် အပါအဝင် လေးယောက် သေတယ်” ဟု အတည်ပြုပြောသည်။
နတ်ပုတီး တောင်ကျောဘက်ကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်ဖွဲ့က မယ်ဇလီကုန်းတွင် အထိုင်ချကာ နယ်မြေစိုးမိုးရေး လုပ်နေသော တပ်ဖွဲ့ဖြစ်ကာ စစ်ကြောင်းထိုးသည့် အဖွဲ့တွင် တပ်ဖွဲ့ဝင် ၂၃ ဦးဝန်းကျင်ရှိပြီး ၁၂ ခန့်သာ ဒဏ်ရာမရဘဲ ပြန်လည်ဆုတ်ခွာလာသည်ဟု မျက်မြင်တွေ့ရှိသော ဒေသခံအချို့က ပြောသည်။
မတ်လ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဖြင့် တိုက်ခိုက်ခံရသော သစ်တော နေရာပတ်လည်ကို စစ်ကောင်စီ၏ ရဟတ်ယာဉ် ၂ စီးက ဝေဟင်မှ PDF များအား ရှာဖွေနေပြီး အင်္ဂပူမြို့နယ်အတွင်းရှိဘန့်ဘွေးကုန်းနှင့် ကွင်း ကောက် အကြားရှိ ပုသိမ်-မုံရွာ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့များက ပိတ်ဆို့ စစ်ဆေး နေသည်ဟု ဆိုသည်။
စစ်တပ်က စစ်ကြောင်း ထိုးလာသည့် လမ်းကြောင်းမှာ စွန်ရဲနီ နွေဦးတော်လှန်ရေး အောင် ဆန်းတပ်ရင်းက တိုက်မိုင်းဆင်ထားသည်ကို နင်းမိခဲ့ပြီး သေနတ်သံများမှာ စစ်တပ်ဘက်က ပြန်လည် ပစ်ခတ်ခြင်း ဖြစ်သည်ဟု Red Falcon PDF ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားရှိသည်။
Red Falcon PDF က တာဝန်ရှိသူ ဗိုလ်သူရိန် က “မတ်လ ၁ ရက်နေ့ က မကျဉ်းပင် ချောင်းဖျားမှာ စခန်းချ ညအိပ်ပြီး နောက်တစ်နေ့မနက် ခြေလျင်တောနင်း တာမှာ ထောင်ထားတဲ့ တိုက်မိုင်းကို တည့်တည့် နင်းမိတာ” ဟု ပြောသည်။
Red Falcon PDF အောင်ဆန်းတပ်ရင်းက တိုက်မိုင်းဆင် တိုက်ခိုက်ခြင်းခံရသော စစ်ကောင်စီ တပ်ဖွဲ့သည် ခုံကြီးရွာအုပ်စု၊ မကျီးပင်ကွင်းကျေးရွာကို မတ်လ ၁ ရက်နေ့က စစ်ကားကြီးတစ်စီးဖြင့် ရောက်ရှိလာပြီး နောက် ရိုးမတောထဲကို ခြေလျင် ချီတက်သွားသည့် အဖွဲ့ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။