“အခုဖြစ်နေတဲ့ကိစ္စက ဘာသာရေးလူမျိုးရေးကိစ္စမဟုတ်ဘူး၊ နယ်မြေလုနေတာ”

“အခုဖြစ်နေတဲ့ကိစ္စက ဘာသာရေးလူမျိုးရေးကိစ္စမဟုတ်ဘူး၊ နယ်မြေလုနေတာ”
by -
ဟင်္သာမီဒီယာ
မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးနှင့် တွေ့ဆုံခြင်း။ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ARSA နဲ့ ပတ်သက်ပြီး မွန်ပြည်နယ်အတွင်း လုံခြုံရေး ကျိုးပေါက်မှုမရှိစေရန်၊ တရားဥပဒေစိုးမိုးရေး အားကောင်းစေရန်အတွက် အစီအမံများ အပြည့်အဝ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးနှင့် တွေ့ဆုံမေးမြန်းမှုအား ဟင်္သာမီဒီယာမှ ဖော်ပြလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် ARSA အဖွဲ့နဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတိပေးထုတ်ပြန်ချက်ထဲမှာ မွန်ပြည်နယ်ပါဝင်တဲ့အတွက် လုံခြုံရေးအစီအမံတွေ ဘယ်လိုစီစဉ်ဆောင်ရွက်ထားပါသလဲ။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦး။ ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်လည်း မီဒီယာတွေနဲ့ တွေ့ပြီးပြောတော့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အပြည့်အဝဆောင်ရွက်ထားပြီးဆိုတဲ့အကြောင်းပြောထားတာပေါ့။ နိုင်ငံတော်က ကြေညာချက်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်တွေ မလာခင်ကတည်းက မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုံခြုံရေးအစည်းအဝေးခေါ်ပြီတော့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေနဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ လုံခြုံရေးအစီအမံတွေ ကြိုပြီးလုပ်ထားတယ်။
တို့ပြည်နယ်အတွင်းမှာ မလိုလားအပ်တဲ့ လုံခြုံရေးကျိုးပေါက်စေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေ၊ ရခိုင်ပြည်နယ်က ဖြစ်တဲ့ပြဿနာတွေက ကိုယ့်ပြည်နယ်အတွင်း ကူးစက်မလားစေဖို့ ကြိုတင်ပြီးတားဆီးကာကွယ်မယ့် အစီအမံတွေ အစည်းအဝေးမှာ ဆောင်ရွက်ထားပြီးပြီ၊ မြို့နယ်အလိုက်သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေကိုလည်း လိုအပ်တဲ့အစီအမံတွေချပြပြီး ဆောင်ရွက်ခိုင်းထားတယ်။

ဟင်္သာမီဒီယာ။ ။ ပြည်နယ်အတွင်းမှာရှိတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေကို ဘယ်လိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ထားပါသလဲ။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦး။ ။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကလည်း ကိုယ့်မြို့နယ်မှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးတွေလည်း လုပ်ဆောင်ထားပြီးဖြစ်တယ်။ ကျွန်တော် လုံနယ်ဝန်ကြီး အနေနဲ့လည်း နေ့နေ့ညည ဒီကိစ္စတွေကိုပဲ ဆောင်ရွက်နေတယ်။
တစ်ဖက်ကလည်း ဘာသာရေးအဖွဲ့ အစည်းတွေနဲ့ ပုံမှန်တွေ့ဆုံပြီးတော့ ပြည်နယ်အေးချမ်းသာယာရေးအတွက  ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှုတွေလည်း စဉ်ဆက်မပြတ်လုပ်ဆောင်နေပါတယ်။ ဘာသာပေါင်းစုံညီညွှတ်ရေးအဖွဲ့တွေ့ဆုံဖို့နဲ့ အစ္စလာမ်ဘာသာဝင်နဲ့ ပတ်သက်တဲ့ ခေါင်းဆောင်ပိုင်းတွေ တွေ့ဖိ့ုထပ်ခေါ်ထားတယ်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်က ကုန်းလမ်းနဲ့ ပင်လယ်ရေလမ်းကြောင်းတွေဆီကနေ အကြမ်းဖက်သမားတွေ ဝင်ရောက်လာမှု မရှိစေရေးအတွက် စစ်တိုင်းဌာနချုပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရတယ်၊ ဘယ်လိုတွေ ပူးပေါင်းဆောင်ရွက်ထားပါသလဲ။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦး။ ။ ကိုယ့်ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အေးချမ်းတည်ငြိမ်ရေးထိခိုက်စေမယ့် လူတွေ ဝင်ရောက်မလာနိုင်ဖို့အတွက်ကိုလည်း ကုန်းလမ်းအရရော ရေလမ်းအရရော တားဆီးရှာဖွေထိန်းသိမ်းမယ့် အစီအစဉ်တွေ ဆောင်ရွက်ထားတယ်။

ကုန်းလမ်းအရဆိုရင် မွန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေဘက်ကနေ ဝင်ရောက်လာမယ့် လမ်းတွေမှာလည်း ပူးပေါင်းရှာဖွေတားဆီးဖို့ အခုမှမဟုတ်ဘူး အရင်ကတည်းက ကြိုတင်စီမံဆောင်ရွက်ထားတယ်။ ခုဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါကျတော့ အရင်ကထက်ပိုပြီး လိုအပ်တဲ့အပိုင်းတွေ ထပ်ပြီးဖြည့်တင်းဆောင်ရွက်ထားပြီးဖြစ်တယ်။
ပင်လယ်နဲ့ ဆက်စပ်နေတဲ့ ပြည်နယ်ဖြစ်တဲ့အတွက်ကြောင့် ပင်လယ်ကမ်းခြေနဲ့ ဆက်စပ်နေတဲ့မြို့နယ်တွေ ပင်လယ်ကမ်းခြေမှာရှိနေတဲ့ ရွာတွေကိုလည်း ကိုယ်တိုင်သွားရောက်ပြီးတော့ ဖြစ်စဉ်တွေချပြရှင်းလင်းပြီး လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေ ကြိုတင်သတင်းလက်ဦးမှုရယူနိုင်ရေးအတွက် ဆောင်ရွက်ပေးထားတယ်။

မနေ့ကဆိုရင် ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်၊ ဆယ်ပလာရွာနားမှာ လိုင်းပေါ်မှာတက်နေတာ၊ တင်နေကြတာက လွဲမှားတဲ့ဟာတွေ ဒါတွေက မလိုလားအပ်တဲ့ဟာတွေပေါ့၊ ဘင်္ဂါလီပါတဲ့လှေ သုံးစီးပဲ ရောက်နေသလိုလို ကုန်းပေါ်ပဲရောက်နေပြီး ပုံစံလိုလို တက်နေတာတွေရှိတယ်၊ အမှန်တစ်ကယ် မြေပြင်ဖြစ်စဉ်က ဆယ်ပလာရွာကနေမှ ရေလုပ်ငန်းရေလုပ်သားတွေက ပင်လယ်ပြင်ထွက်တဲ့အချိန်မှာ စက်လှေအကြီးတစ်စီးတွေ့တယ်၊ ကျောက်ချထားတယ်၊ ရွာရဲ့အနောက်တောင်ဘက်မှာရှိနေတယ်၊ မသင်္ကာဘူးဆိုပြီးတော့ ပြောတာ။

အဲဒီသတင်းကို ညနေ ၆ နာရီမှာ သတင်းရလို့ ချက်ချင်းလိုက်သွားပြီး စိစစ်ခဲ့တာပေါ့။ပြီးတော့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ကို တင်ပြပြီးတော့ တပ်မတော်ပိုင်းကလည်း ရေတပ်က ပင်လယ်ပြင်စိုးမိုးရေးတပ်ဖွဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးတော့မှ ညတွင်းချင်း စိစစ်ခဲ့တယ်။ စိစစ်တွေ့ရှိခဲ့တာတော့ ပြည်သူတွေထင်နေသလို မဟုတ်ပါဘူး။
တပ်မတော်ကလည်း ပင်လယ်ပြင်စိုးမိုးရေးအတွက် ဖိဖိစီးစီးအလေးထားဆောင်ရွက်နေတယ်။ သတင်းရတာနဲ့ ချက်ချင်း တာဝန်ရှိသူတွေနဲ့ သွားရောက်စိစစ်တယ်၊ လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေ ထပ်ပြီးတော့မှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ ဌာနေပြည်သူ့စစ်တွေ မီးသတ်တပ်ဖွဲ့တွေ ရပ်မိရပ်ဖတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေလုပ်ပေးခဲ့တယ်။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတော့ အခုကိစ္စနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ရော အဆင်ပြေမှုရှိပါ့မလား။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦး။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဒီကိစ္စဘာမှဆက်နွယ်ပတ်သက်မှုမရှိဘူးပါဘူး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ထည့်ပြီးပြောစရာလည်း ဘာမှမရှိပါဘူး။

ဟင်္သာမီဒီယာ ။ ။ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုတွေကို အသိပေးချင်တဲ့ အကြောင်းအရာများရှိရင် မျှဝေပေးပါဦး။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦး။ ။ ဒါကတော့ ရှင်းပါတယ်၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ပြည်သူတွေအတွက်လုပ်တာ၊ ပြည်သူတွေကိုယ်တိုင်က သိရှိနားလည်ဖို့လိုတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူတွေက ဘာသိဘာသာ မနေဖို့လိုတယ်၊ မျိုးချစ်စိတ်ဓာတ်ရှိဖို့လိုတယ်၊ အသိစိတ်ဓာတ်ရှိဖို့လိုတယ်၊ ဥပမာပြောရရင် တစ်ဖက်အိမ်မှာ လူဆိုးသူခိုး ဂျပိုးက ဝင်ပြီးတော့မှ ပြဿနာတက်နေတဲ့အချိန်မှာ ငါ့အိမ်မဟုတ်ဘူး၊ ငါ့နဲ့မဆိုင်ဘူး ဆိုပြီး နေရင်တော့ နောက်တစ်ခါကျရင် ကိုယ့်အလှည့်ဖြစ်လာမှာပဲ။ ဘာသိဘာသာမနေဖို့ ကိုယ်ကိုယ်တိုင် လုံခြုံရေးအသိ သတိရှိရှိနဲ့နေဖို့လိုတယ်။

ရာဇဝတ်မှု မှုခင်းဖြစ်စဉ်ဖြစ်ရပ်တွေမှာ ဖြစ်နေတာကလည်း ပြစ်မှုကျူးလွန်ဖို့အတွက် အကွက်ကျကျစီမံပြီး ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေရှိ သလို ကျူးလွန်ခံရတဲ့ လူကိုယ်တိုင်တောင်မှ မိမိကိုယ်မိမိလုံခြုံရေးကို ပေါ့သိပေါ့ဆနေလို့ ကျူးလွန်မယ့်သူကို ဖိတ်ခေါ်တဲ့ပုံစံမျိုးကြောင့် ဖြစ်သွားလို့ ရာဇဝတ်မှုဖြစ်တဲ့ဟာမျိုးတွေလည်းရှိတယ်။

ဥပမာဆိုကြပါစို့ ညအချိန်မတော် မိန်းကလေးတစ်ယောက်ထဲ အိမ်အပြင်ထွက်သွားဖို့သင့်လား၊ မသင့်ဘူးဆိုရင် မိန်းကလေးတစ်ယောက်ထဲထွက်သွားမယ်ဆိုရင် ရာဇဝတ်မှုဖြစ်လာဖို့ ရာခိုင်နှုန်းအများကြီး ဖြစ်သွားနိုငတာ်ပေါ့။ အဲဒါဘာဖြစ်လဲဆိုရင် ရာဇဝတ်မှုဖြစ်ဖို့ ကျူးလွန်မယ့်လူကို အခွင့်အရေးပေးသလို ဖိတ်ခေါ်သလိုဖြစ်မယ်ပေါ့။

ကိုယ့်ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက် အေးချမ်းတည်ငြိမ်ရေးရှိစေဖို့ နိုင်ငံသူနိုင်ငံသားအားလုံးက အသိစိတ်ဓာတ်ရှိရှိနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုတယ်။ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမှာလဲဆိုရင် ကိုယ်ကိုယ်တိုင်က လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ကို သိရှိဖို့ သတိရှိဖို့လိုတယ်။

အဲတော့ စကားပုံလည်းရှိတယ်၊ တစ်ယောက်ထဲသွားရင် သေလူ၊ နှစ်ယောက်သွားရင် ရှင်လူ၊ သုံးယောက်သွားရင် လောင်းကျော်တယ်၊ မသွားသင့် မသွားထိုက်တဲ့နေရာ တစ်ယောက်ထဲသွားတာအန္တရာယ်ရှိတာပဲ၊ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ သတိဝီရိယရှိနေဖို့လိုတယ်။

ဟင်္သာမီဒီယာ။ ။ အကြမ်းဖက်သမားတွေ ဝင်ရောက်မလာဖို့ ပြည်သူတွေက ဘယ်လိုအချက်တွေကို သိထားဖို့လိုပါလဲ၊

ဗိုလ်မှူးကြီး ဝင်းနိုင်ဦး။ ။ မသင်္ကာစရာလူဖြစ်စေ၊ ဖောက်ခွဲဖျက်စီးနိုင်မယ့်ပစ္စည်းမျိုးဖြစ်စေတွေ့ခဲ့ရင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေဆီ အကြောင်းကြားဖို့လိုတယ်၊ မသင်္ကာဘူးဆိုတဲ့ ပစ္စည်းကိုတွေ့လျက်သားနဲ့ အကြောင်းမကြားဘူးဆိုရင် တကယ်တမ်းပေါက်ကွဲစေတတ်တဲ့ ပစ္စည်းမဖြစ်ရင် ဘာမှမဖြစ်ဘူး၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းဖြစ်နေမယ်ဆိုရင် အနီးအနားမှာရှိတဲ့ လူတွေအများပြည်သူတွေအတွက် အန္တရာယ်ရှိတယ်၊ ဒီလိုပဲ မိမိပတ်ဝန်းကျင်မှာ မသင်္ကာတဲ့လူတွေရင် ချက်ချင်းပြောပေးဖို့လိုတယ်။

မိမိရပ်ကွက်ထဲက လူမဟုတ်ဘူး၊ တွေ့နေမြင်နေကြသူမဟုတ်ဘူးဆိုရင် မသင်္ကာစရာပဲ၊ မျက်နှာစိမ်းတွေ့လည်းဘယ်သူ့မှ မပြောဘူး၊ မသင်္ကာတဲ့လူတွေ့လည်း ဘာမှမပြောဘူးဆိုရင်တော့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့မှ သက်ဆိုင်တဲ့အဖွဲ့အစည်းက မသိရင် သို့မဟုတ် အဲဒီလိုမှ မပြောရင် ပြည်နယ်အစိုးရအနေနဲ့ လုပ်ထားတဲ့ လုံခြုံရေးအစီအမံတွေ အပင်ပန်းခံပြီး လုပ်ထားတာတွေဟာ အကျိုးဖြစ်ထွန်းသင့်သလောက် ဖြစ်ထွန်းမှာမဟုတ်ဘူး။

တစ်နည်းအားဖြင့် ပြောရရင် လုံခြုံရေးကျိုးပေါက်မှုအားနည်းချက်တွေဖြစ်လာနိုင်တာပေါ့၊ လုံခြုံရေးအစီအမံတွေလုပ် တယ်ဆိုတာပိုသွားတယ်ဆိုတာမရှိပါဘူး၊ ဖြစ်စဉ်အကြောင်းအရာတစ်ခုခုဖြစ်လာမှ ထလုပ်လို့ရတဲ့ကိစ္စမဟုတ်ဘူး၊ ပစ္စည်းအရောင်းအဝယ်က ဒီတစ်ခါရောင်းလို့ ရှုံးသွားတယ်ဆိုရင် နောက်တစ်ခါမြတ်အောင် ပြန်ရောင်းလို့ရတယ်၊ လုံခြုံရေးစည်း ကျိုးပေါက်ပြီးဆိုရင် ဆုံရှုံးမှုပဲရှိတယ်။

ဟင်္သာမီဒီယာ။ ။ လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှုနဲ့ အရေးပေါ်သတိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်တာနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးရဲ့အမြင်လေးပြောပြပေးပါလား။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦး။ ။ အခုလိုမျိုး အခြေအနေမျိုးဆိုတာက အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေ ARSA နဲ့ ပတ်သက်လို့ရှိရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေရာကနေ အခုလိုမျိုး နိုင်ငံတော်အဆင့်က ထုတ်ပြန်တဲ့ကြေညာရတဲ့အထိ ဖြစ်လာတယ်ဆိုတော့ အရေးပေါ်အခြေအနေဖြစ်ပြီး၊ အရေးပေါ်အခြေအနေဆိုတာ မွန်ပြည်နယ်တစ်ခုတည်းမဟုတ်ဘူး၊ တစ်နိုင်ငံလုံးအတွက် ဖြစ်နေတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ကိစ္စဟာ ဘိုးစဉ်ဘောင်ဆက်နေခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေ ကိုယ့်ပြည်နယ်မှာ မနေရဲအောင် နေ့စဉ်နဲ့အမျှ နေ့စဉ်နီးပါးသတ်ဖြတ်နေတာ တရားဝင်ကြေညာပေးနေတာ အားလုံးအသိပဲဖြစ်တယ်။
“အခုဖြစ်နေတဲ့ကိစ္စက ဘာသာရေးလူမျိုးရေးကိစ္စမဟုတ်ဘူး၊ နယ်မြေလုနေတာ”ငါတို့တိုင်းရင်းသားတွေ မနေနိုင်အောင်လုပ်ပြီး သူ့တို့နေချင်လို့ လုပ်နေတာ၊ ပြီးတော့တစ်ဆင့်တက်ပြီးမှ နိုင်ငံရေးအရ တို့နိုင်ငံတည်ငြိမ်အေးချမ်းမှုကို မနာလိုစိတ်ရှိတဲ့ နိုင်ငံတွေ၊ တချို့ချို့သော ဘာသာရေးအဖွဲ့အစည်းတွေက နေပြီးတော့မှ သွေးထိုးမြှောက်ပင့်ပြီးနေတာဖြစ်တယ်”
နယ်မြေလုတာဘာဖြစ်သွားလဲဆိုရင် တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေတာ စော်ကားတာပဲဖြစ်တယ်။ နိုင်ငံတော်အစိုးရက နိုင်ငံရဲ့ရေထု လေထု မြေထု အကုန်လုံးကို ပိုင်ဆိုင်တယ်၊ နိုင်ငံတော်အစိုးရပိုင်ဆိုင်တဲ့အတွက် ရေထုလေထုမြေထု အချုပ်အခြာအာဏာကို ထိခိုက်စော်ကားတာ ဒီကိစ္စကိုမှ ခေါင်းစဉ်အမျိုးမျိုးတပ်ထားတဲ့ ပြည်ပအဖွဲ့တွေက ဒီအရေးကိစ္စကို ဘာသာရေးအသွင်မျိုး၊ လူမျိုးရေးအသွင်မျိုး ပြောင်းပြီးတော့ မြှောက်ထိုးပင့်ကော် လုပ်နေကြတယ်။
ဒါဟာ တစ်နိုင်ငံလုံး တစ်မျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်၊ အဲဒီရခိုင်ပြည်နယ်အရေးအခင်းဖြစ်လာပြီးဆိုတာနဲ့ အစောကြီးကတည်း မွန်ပြည်နယ်အစိုးရအဖွဲ့ ကတ်ဘိနက် အစည်းအဝေးမှာ တင်ပြပြီး လုံခြုံရေးအစီအမံတွေကြိုတင်စီစဉ်ဆောင်ရွက်ထားပါတယ်။ အခုချိန်မှာတော့ လိုအပ်တဲ့ အစီအမံတွေ ထပ်ပြီးဖြည့်ဆည်းဆောင်ရွက်ထားတာတွေရှိတယ်။

ဟင်္သာမီဒီယာ။ ။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေ ရေးသားနေကြတဲ့အပေါ်မှာရော ဝန်ကြီးဘယ်လိုမြင်ပါသလဲ။

ဗိုလ်မှူးကြီး ဝင်းနိုင်ဦး။ ။ မရေရာမသေချာတဲ့ ကိစ္စတွေတင်နေခြင်းဟာ အများပြည်သူအတွက်အကျိုးမရှိဘူး၊ ဆိုးကျိုးပဲဖြစ်လာနိုင်တယ်၊ ဆိုးကျိုးတွေဆိုတာက ပြည်သူတွေ ထိတ်လန့်ချောက်ချားကြရတယ်၊ ဒါကြောင့် မဟုတ်မမှန် မသေချာမရေရာတဲ့ သတင်းအခြေမြစ်ဌာနကနေပြီးမှ ပေးတဲ့သတင်းမဟုတ်ရင် ပြည်သူလူထုတွေ အထင်မှားစေအောင် မပြုလုပ်စေလိုဘူး။

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 6, 2024
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့...
August 6, 2024
“ဒီပုဒ်မ (၄၆) ဖက်ဒရယ်ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ် တွေဆိုင်ရာ အခြေခံမူ တွေအရ ဧရာဝတီ အမျိုး...