ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲက မြေရှား သတ္ထုတူးဖော်နေသည့် လုပ်ငန်းရှင်များကို ဖေဖော်ဝါရီလကုန်မှာ အပြီး ထွက်ခွာပေးဖို့ ဒေသခံများ ထပ်မံစာပို့ တောင်းဆိုထားသည်ဟု ပြောသည်။
ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အင်ဘာပါရွာသားတွေက သူတို့ဒေသထဲ တရုတ်လုပ်ငန်းရှင် မြေရှားသတ္ထုတူးဖော် နေခြင်းများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံးထားကာ အပြီးပိုင် ထွက်ခွာပေးဖို့ လုပ်ငန်းရှင်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို တောင်းဆိုထားသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “စာထဲမှာ ကျနော်တို့ ရေးထားတာတော့ ဒီလ ၂၈ ရက်နေ့ပေါ့။ နောက်ဆုံးထားပြီး အလုပ်ခွင် ထဲက စခန်းထဲက အကုန်လုံး အလုပ်သမားတွေရော ဒီကိုယ်စားလှယ်တွေရော လောပန်းတွေရော အကုန်လုံး သူတို့ ပို့ထားတဲ့ စက် ကိရိယာတွေ အကုန်လုံး နောက်ဆုံး ရပ်ထားပြီး ပြန်ဖို့ ကျနော်တို့ အဲ့လိုရေးပြီးမှ ပို့ထား ပါတယ်” ဟု ပြောသည်။
KIO/KIA ထိန်းချုပ်နယ်မြေဖြစ်သည့် အင်ဘာပါကျေးရွာနှင့် အနီးအနားကျေးရွာများရှိ ဒေသခံများက တရုတ် လုပ်ငန်းရှင်များမြေရှား သတ္ထု တူးဖော်မှုနေခြင်းကို ရပ်တန့်ပေးဖို့ အကြိမ်ကြိမ် တွေ့ဆုံ တောင်းဆိုခဲ့ကြသော် လည်း ဆက်လက်လုပ်ဆောင်မည့် အနေအထားများ မြင်တွေ့နေရသောကြောင့် ယခုကဲ့သို့ ထပ်မံ စာပေးပို့ တောင်းဆိုရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သတ္ထုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ သစ်တောပြုန်းတီးမှု၊ မြစ်ချောင်းများ ပျက်စီးလာသည့် အပြင် သောက်သုံးရေပါ အခက်အခဲရှိလာနေပြီး တောနေတိရိစ္ဆာန်များအတွက်ပါ အန္တရာယ်ဖြစ်လာနိုင်ခြင်း ကြောင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ပြောသည်။
ဒေသခံတစ်ဦးက “အခုကန့်ကွက်နေတာက အစိုးရကို ကန့်ကွက်တာမဟုတ်ဘူး။ အစိုးရရဲ့ လုပ်ငန်းတွေကိုလည်း ကန့်ကွက်နေတာ မဟုတ်ဘူး။ ဒါမြေရှားသတ္ထုတူးဖော်ခြင်းက ကျနော်တို့အတွက် မကောင်းဘူး။ အဲ့ဒီတစ်ခု တည်းကိုပဲ ကျနော်တို့ ကန့်ကွက်တာပါ ရှိပါတယ်။ ရည်မှန်းချက်ကတော့ ကျနော်တို့ နေတဲ့နေရာက အဓိက လုပ်စားနေတာက တောင်ယာတွေ၊ လယ်တွေစိုက်၊ သစ်သီးတွေစိုက်ပြီးမှ ကျနော်တို့ ကလေးတွေကိုလည်း ကျောင်းထားတာ။ အစစ အရာရာ ကိုယ်လိုချင်တာ ဖြည့်စွက်ပေးတာက အဲ့ဒီအရာတွေပဲ။ အဲ့ဒါကြောင့် အဲ့ဒါ တွေ ပျက်စီးသွားမှာကို လည်း မလိုလားဘူး။ အဲ့ဒါတွေကို ကျနော်တို့ ထိန်းသိမ်းရမယ်ဆိုပြီးတော့ ကျနော်တို့ ကန့်ကွက်တာ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိ မြေရှား တူးဖော်မှု လုပ်ကိုင်နေသည့် နေရာများက လူထုနေထိုင်သည့် ကျေးရွာများနှင့် တစ်မိုင်ခန့်သာ ကွာဝေးသည့် နေရာတွင် ရှိနေခြင်းဖြစ်ပြီး အင်ဘာပါ၊ ဒိန်ဆိန်းပါ၊ ကျိန်လပ်ပါ၊ လနပါ၊ ဖာလျန်ကျေးရွာ၊ စမတ်ယန်၊ ဂျန်ခုတ်ကျေးရွာ အစရှိသည့် ကျေးရွာများအနီးတွင် လုပ်ကိုင်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုသို့သော အခြေအနေများကြောင့် ဒေသခံလူထု၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သည့် သစ်ကြား သီး၊ ချဉ်စော်ခါးသီး၊ လက်ဖက်၊ ကော်ဖီနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို ထိခိုက်လာသည်ဟု ဆိုကြ သည်။ ရေရှည်တွင် မြေရှားသတ္ထုတူးဖော်မှုများကြောင့် ဌာနေတိုင်းရင်းသားများ၏ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လုပ်ငန်းများ၊ မြေယာများ ထိခိုက်ပျက်စီးကာ စားဝတ်နေရေးပိုင်း အခက်အခဲဖြစ်လာမည်ကို စိုးရိမ်နေ ကြသည်။ ဒေသခံများက KIO ဗဟိုအထိ ဆွေးနွေးတိုင်ကြားမှုများ လုပ်ခဲ့ပြီးနောက် မြေရှားတူးဖော်မှုကို ရပ်တန့်ပေးမည်ဆို သည့် သတင်းများကြားခဲ့သော်လည်း တရားဝင်စာထုတ်ကာ ရပ်တန့်ခိုင်းခြင်းမျိုး မရှိသေးဘူးဟု ရွာသားများက ပြောသည်။
မံစီမြို့နယ်ထဲက ဒီမြေရှားသတ္ထုတူးဖော်မှုများကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် အင်ဘာပါကျေးရွာ အနီး စမ်းသပ်တူးဖော်ရန် ရောက်ရှိလာပြီးနောက် ဒေသခံများက စက်တင်ဘာ ၁၄ ရက်နေ့မှ စတင်ကာကန့် ကွက်ခဲ့ကြသည်မှာ ယနေ့အချိန်ထိဖြစ်သည်။ အင်ဘာပါကျေးရွာနှင့် အနီးအနားကျေးရွာများက ဒေသခံများအားလုံးသည် ၎င်းတို့၏ ဒေသအတွင်း မြေရှား သတ္ထုတူးဖော်မှုများ မရပ်တန့်မချင်း ဆက်လက်ကန့်ကွက်သွားမည်ဟု သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာန ကို ပြောသည်။