“တိုက်ပွဲ လုံးဝ မဖြစ်တော့ဘူးဆိုတဲ့ အာမခံချက်ပေးရင် ကျမတို့ အိမ်ပြန်မယ်”

“တိုက်ပွဲ လုံးဝ မဖြစ်တော့ဘူးဆိုတဲ့ အာမခံချက်ပေးရင် ကျမတို့ အိမ်ပြန်မယ်”

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် နိုဝင်ဘာလ ၂၆ ရက်နေ့မှစပြီး လူသားချင်းနာမှုကို အခြေခံကာ အပစ်အခတ် ရပ်စဲထားသည်။ ယင်းကြောင့် လက်ရှိကာလအတွင်း နယ်မြေတည်ငြိမ်နေသည်ဟုဆိုကာ စစ်ကောင်စီက ရခိုင်နှင့် ပလက်ဝမြို့နယ်တို့မှ စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ဖိအားပေးမှုများ ရှိနေသည်။

စစ်ဘေးရှောင်များမှာ မိမိနေရပ်သို့ ပြန်ချင်ကြသော်လည်း လက်တွေ့တွင် မလွယ်ကူနိုင်သေးပေ။ ယင်းကြောင့် စစ်ဘေးရှောင်များ၏ လက်ရှိအခက်အခဲများ၊ အိမ်ပြန်လျှင်ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး  ပလက်ဝမြို့နယ်၊ စိမ်ညှင်းဝကျေးရွာမှ ထွက်ပြေးလာပြီး စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ ဝိဘဇ္ဇဝါဒီ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် စခန်းတာဝန်ခံ မသဲသဲနုကို DMG က တွေ့ဆုံမေးမြန်းထားသည်။

DMG။      ။စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာရတဲ့အကြောင်းနဲ့ လမ်းခရီးမှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ပြောပြပါအုံး။

TTN။       ။ကျမတို့ရွာမှာ တိုက်ပွဲတွေ ဖြစ်တယ်။ ပြီးရင် ရွာကို လေယာဉ်တွေနဲ့ ဗုံးတွေကြဲတာကြောင့် စစ်ဘေးရှောင်လာရတာပါ။ ရွာကနေ ထွက်ပြေးလာရတဲ့ဖြစ်စဉ်မှာ ကျမအနေနဲ့ လူတွေရော၊ ပစ္စည်းတွေရော ဆုံးရှုံးမှုတွေနဲ့ ဒုက္ခတွေအများကြီး ကြုံခဲ့ရတယ်။ နေမယ့်နေရာလည်း မရှိဘူး။ ဒါကြောင့် စစ်ဘေးရှောင်စခန်းတွေကိုပဲ ရောက်လာတာ။

ရွာကနေထွက်ပြေးလာတဲ့အခါ ကျမတို့ ပထမဆုံး ဆမီးမြို့ဘက်ကို သွားတယ်။ ကျမမှာ ၁၀ လအရွယ် ကလေးတစ်ယောက် သေဆုံးသွားတယ်။ သားလေးက ချွေးထွက်လွန်တာ ဝမ်းသွားတာတွေကြောင့် ဆုံးသွားတယ်။ အဲဒီကနေပြီး ဆမီးမြို့မှာလည်း အဆင်မပြေတော့ ကျောက်တော်ဘက်ကိုလာတယ်။ လမ်းမှာ ၇ ရက်အထိ နေ့ရောညပါ ကားတတန်၊ ခြေလျင်တမျိုး နားလိုက်၊ခရီးဆက်လိုက်နဲ့ လာခဲ့ရတယ်။ ပြီးမှ ကျောက်တော်မြို့နယ်က လိပ်မရွာကိုရောက်တယ်။ လိပ်မရွာမှာ ၃ လနေခဲ့တယ်။ အဲဒီမှာ စစ်သားတွေက လာပြီးမေးတာ၊ စစ်ဆေးတာရှိတယ်။ အိမ်ထောင်စုတွေ စစ်ဆေးတယ်။ ဒါကြောင့် အဲကနေတစ်ဆင့် ကျောက်တော် ကယ်ဆယ်ရေးစခန်းမှာ နေလို့ရမလားဆိုပြီး လာတယ်။ ကျောက်တော်စခန်းမှာလည်း လူတွေ လက်မခံတော့ဘူးလို့ပြောတော့ စစ်တွေကိုလာတယ်။  စစ်တွေကိုလာတော့ ဆရာတော်(ဝိဘဇ္ဇဝါဒီ ဘုန်းကြီးကျောင်း)ကို ဆက်သွယ်ပြီး ဒီကိုရောက်လာတာပါ။

DMG။         ။လက်ရှိမှာရော မိသားစုဝမ်းရေးကို ဘယ်လိုဖြေရှင်းနေကြလဲ။

TTN။         ။မိသားစုတွေအနေနဲ့ အထောက်အပံ့ရရှိတာတွေနဲ့ လုံလောက်တယ်လို့တော့ မဟုတ်ပါဘူး။ ကျန်းမာရေး၊ စားစရိတ်၊ နေစရိတ်၊ ကျောင်းစရိတ်နဲ့ အားလုံးအဆင်မပြေပါဘူး။ အဲဒါတွေကို ဘယ်လိုဖြေရှင်းနေရလဲဆိုတော့ အလုပ်ရှိတယ်ဆိုရင် အပြင်ထွက် အလုပ်တွေလုပ်တယ်ပေါ့။ အလုပ်တွေမရှိတဲ့ အချိန်ဆိုရင် ကိုယ့်မှာပါလာတဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချပြီးတော့ စားနေရတယ်။

DMG။         ။လက်ရှိမှာရော ဘယ်အဖွဲ့အစည်းတွေက ထောက်ပံ့တာတွေရှိလဲ။

TTN။         ။WFP က စားနပ်ရိက္ခာ ထောက်ပံ့တာပေါ့။ တစ်လကို တစ်ယောက်ကို ငွေ ၂၁၀၀၀ ကျပ်စီပေးတယ်။ ပြီးရင် အိမ်မှုပစ္စည်းတွေဆိုလို့ရှိရင် LWF က ထောက်ပံ့ပေးတယ်။ ပြီးရင် CNI ကလည်း အမျိုးသမီးလစဉ်သုံးတွေ ထောက်ပံ့တယ်။ အိမ်သာတွေ ဘာတွေလည်း ထောက်ပံ့တယ်။ LWF က နေအိမ်အဆောင်တွေ လုပ်ပေးတယ်။ MAUA ကလည်း အဆောက်အဦတွေ လုပ်ပေးတယ်။ ဒါပေမယ့်လည်း လုံလောက်တယ်လို့တော့ မဟုတ်ပါဘူး။ ဘာဖြစ်ဖြစ် သူတို့ကျေးဇူးကြောင့်နဲ့ ကိုယ်တို့က စားနေရတာပေါ့။ သူတို့ကိုလည်း အခုလိုထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

DMG။      ။စခန်းမှာ ခိုလှုံနေသူတွေက ဘယ်ဒေသကတွေက ထွက်ပြေးလာကြတာလဲ။ အသက်အရွယ် အပိုင်းအခြားနဲ့ဆိုရင် ဘယ်လိုရှိကြလဲ။

TTN။       ။ဒီစခန်းမှာ ရသေ့တောင်မြို့နယ်၊ မင်းပြားမြို့နယ်၊ ပလက်ဝမြို့နယ်၊ ကျောက်တော်မြို့နယ်တို့က ရှိတယ်။ လက်ရှိမှာ အိမ်ထောင်စု ၉၃ စုနဲ့ လူဦးရေ ၅၁၅ ယောက်ရှိတယ်။ သက်ကြီးရွယ်အိုတွေတော့ ရှိတယ်။ ဒါပေမယ့် ကလေးတွေက ပိုများတယ်။ ယောင်္ကျားနဲ့ မိန်းမှာတော့ မိန်းမက ပိုများတယ်။

DMG။        ။လက်ရှိ အပစ်အခတ်ရပ်စဲထားတယ်ဆိုတော့ နေရပ်ပြန်ဖို့ကို ဘယ်လို သဘောထားရှိလဲ။

TTN။         ။နေရပ်ကိုတော့ ပြန်လို့ရရင် ပြန်ချင်တာပေါ့။ ဒါပေမယ့် တိုက်ပွဲတွေ ရပ်ဆိုင်းထားတယ်ဆိုပေမယ့် တစ်သက်လုံး ရပ်ဆိုင်းထားတာမဟုတ်တော့ မပြန်ရဲဘူးလေ။ တကယ်တမ်း ပြန်ရမယ်ဆိုရင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့တော့လိုတယ်။ လမ်းပန်းဆက်သွယ်ရေးတွေကိုလည်း လုပ်ပေးရမယ်။ နယ်မြေရှင်းလင်းမှု၊ မိုင်းရှင်းလင်းမှုတွေလည်း လုပ်ပေးရမယ်။ ပြီးရင် စားဝတ်နေရေးကအစ လုပ်ပေးရမယ်။ အခုဆိုရင် ကျမတို့မှာ အိမ်တွေအကုန်လုံး မီးရှို့ခံလိုက်ရတော့ အိမ်လည်းမရှိတော့ဘူး။ ဘယ်မှာ သွားနေရမှာလဲ။ ရွာကလည်း ခြုံတောတွေဖြစ်နေပြီ။ အနီးအနားတောင်တွေဆိုရင်လည်း တိုက်ပွဲဖြစ်နေတဲ့နေရာလေ။ ဘယ်လိုသွားပြီး လုပ်စားရဲမှာလဲ။ နယ်မြေတွေရှင်းလင်းပြီး တိုက်ပွဲတွေ လုံးဝရပ်စဲသွားပြီးမှ ကျမတို့ အိမ်ပြန်ရဲမှာ။

DMG။        ။လက်ရှိမှာ နေရပ်ပြန်ဖို့အတွက် စစ်ကောင်စီက လာပြောတာတွေရှိလား။

TTN။        ။(၂၀၂၂ ဒီဇင်ဘာလ ပထမအပတ်က) (OSS)စုပေါင်းရုံးက မြို့နယ်ထွေအုပ်က စခန်းက တာဝန်ခံတွေကိုခေါ်ပြီး မေးခွန်းမေးတယ်။ နေရပ်ပြန်ချင်လား။ မဟုတ်လို့ရှိရင် သူတို့က ရွာပြန်မယ်ဆိုလို့ရှိရင် ပိုက်ဆံ ၅ သိန်းနဲ့ ဆန် ၁ လစာပေးမယ်။ ပြီးရင် ရွာမပြန်လို့ရှိရင် ကိုယ့်ဘာသာ ကိုယ်နေမလား။ သူတို့ထားတဲ့ နေရာမှာ နေမလားလို့ မေးတယ်။ ကျမ ကိုယ့်ရွာကိုပဲ ပြန်ချင်တာပေါ့။ ကိုယ့်ရွာကိုပဲ ပြန်မယ်လို့တော့ အဖြေပေးထားတယ်။

DMG။      ။နေရပ်ပြန်ရရင် ဘယ်လိုအခက်အခဲ ကြုံတွေ့ရမယ်လို့ထင်လဲ။

TTN။        ။အခက်အခဲတွေက အများကြီးရှိတယ်။ အစအဆုံးဆိုလို့ရှိရင် လမ်းပန်းဆက်သွယ်ရေးလည်း ဘာမှမရှိဘူး။ စက်လှေတွေ ဘာတွေဆိုရင်လည်း ချောင်းရေတိမ်တဲ့အတွက် ကျမတို့ရွာကို ဝင်လို့မရဘူး။ ကုန်းလမ်းကဆိုရင်လည်း တိုက်ပွဲဖြစ်ခဲတဲ့အတွက် ကားတွေဘာတွေ သွားလို့မရဘူး။ မိုင်းတွေဘာတွေ ရှိမှာပေါ့။ ဒီလို လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ စားရေးသောက်ရေးက ဘယ်လိုအဆင်ပြေမှာတုန်း။ ရွာကို ရောက်ရင်လည်း ကိုယ့်အိမ်မှာကို ဘယ်လိုနေရမလဲ။ အိမ်တွေဆောက်ပေးရမှာပေါ့။ ပြီးရင် စားစရိတ်တွေဘာတွေ အကုန်လုံးလုပ်ပေးရမှာပေါ့။ နောက်ဆုံး ကျမတို့ ဆုံးရှုံးသွားတဲ့ဟာတွေကို အကုန်လုံးမပေးနိုင်ရင်တောင်မှ တစ်ချို့တစ်ဝက်လောက် သူတို့(စစ်ကောင်စီ)ပေးရမှာပဲလေ။

DMG။        ။နေရပ်ပြန်နိုင်ဖို့အတွက် ဘာတွေ တောင်းဆိုချင်တာရှိလဲ။

TTN။         ။ဘာတွေတောင်းဆိုချင်လဲဆိုတော့ တိုက်ပွဲလုံးဝကို မဖြစ်ဘူးဆိုတဲ့ အာမခံချက်ကတော့ လိုချင်တယ်။ အဲလိုဆိုမှ ပြန်မယ်။ ဘာလို့လဲဆိုတော့ နေရပ်ပြန်ပြီးတော့မှ နောက်ထပ် တိုက်ပွဲဖြစ်လာတယ်ဆိုရင် ကျမတို့ ဘယ်ကိုသွားပြီး ပြေးနေရမှာလဲ။ ကျမတို့မှာ ပြေးမယ့်နေရာမရှိတော့ဘူး။ အရင်ကဆိုရင် ကားလမ်းတွေရှိလို့ ပြေးလို့ရသေးတယ်။ အခု ကျမ ဘယ်ကိုမှ ထွက်ပြေးလို့မရတော့ဘူး။ အဲမှာ တစ်ခါတည်းသေသွားမှာ။ ဒီလူတွေက ထွက်ပြေးလာတယ်ဆိုကတည်းက မသေချင်လို့ထွက်ပြေးလာတာ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ။ မိုင်းနင်းလို့လည်း ဒဏ်ရာရတာတွေ၊ သေဆုံးတာတွေ  ကြားနေရတာပဲ။ အဲလို ဖြစ်သွားမှာကိုတော့ မလိုချင်ဘူး။

DMG။         ။လက်ရှိ စခန်းထဲမှာနေထိုင်တဲ့ အမျိုးသမီးတွေမှာ ဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ။

TTN။          ။စစ်ဘေးရှောင် အမျိုးသမီးတွေအနေနဲ့ အခက်အခဲတွေက အများကြီးရှိတာပဲလေ။ ယောင်္ကျားရှိသူတွေဆိုရင် နည်းနည်းပါးပါး ရှာကြံပြီးကျွေးတာကြောင့် စားရေးသောက်ရေး အဆင်ပြေသေးတယ်။ ယောင်္ကျားမရှိတဲ့ သူတွေဆိုရင် ပိုဆိုးတာပေါ့။ စစ်တွေမြို့မှာ အလုပ်တစ်ခုရမယ်ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ ဒါပေမယ့် လုံလုံလောက်လောက် ရှိတယ်လို့တော့ မဟုတ်ပါဘူး။ ချွေတာပြီးတော့ စားနေရတာပေါ့။ မိန်းမတွေကတော့ ဒုက္ခတွေအများကြီးပါပဲ။

DMG။         ။စစ်ဘေးရှောင်စခန်း တာဝန်ခံအနေနဲ့ တာဝန်ယူထားတဲ့သူတစ်ယောက်အနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံရလဲ။

TTN။        ။အခက်အခဲတွေတော့ ရှိတာပေါ့။ သူများတွေနဲ့ ပြောရဆိုရတဲ့အခါ အဆင်မပြေမှုလည်း ရှိတာပေါ့။ ဒါပေမယ့် ကျမက အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားပြီးတော့ လုပ်ခဲ့တာပေါ့။ အဖွဲ့အစည်းတွေနဲ့လည်း အဆင်ပြေအောင် လုပ်ပေးတယ်။ ပြီးရင် ဒီကလူတွေနဲ့လည်း အဆင်ပြေအောင် လုပ်ပေးရတာပေါ့။ အခက်အခဲတွေတော့ ရှိတာပေါ့လေ။

DMG။       ။ဖြည့်စွက်ပြီးတော့ ဘာများပြောချင်တာတွေရှိလဲ။

TTN။        ။ပြောချင်တာကတော့ သူတို့(စစ်ကောင်စီ) ပြန်ခိုင်းပေမယ့်လည်း ပြန်သင့်၊ မပြန်သင့်ဘူးဆိုတာ သူတို့ပဲ သိမှာပေါ့။ အဲဒါတွေကို သူတို့နည်းနည်းပါးပါးတော့ ဆင်ခြင်သင့်တယ်။ ကျမတို့ မပြန်ချင်တာ မဟုတ်ပါဘူး။ ဒီမှာရှိတဲ့ စစ်ဘေးရှောင်တွေအကုန်လုံး ကိုယ့်အိမ်ကိုယ်ပဲ ပြန်ချင်တယ်။ ဒါပေမယ့် အကုန်လုံးက ပြန်လို့မဖြစ်လို့သာ နေနေရတာ။ ကျမတို့နေရပ်ပြန်လို့ရှိရင် အိမ်တွေဘာတွေ ဆောက်ပေးရမှာ။ ရွာတွေ ဘာတွေ အကုန်လုံး မြို့နယ်တစ်နယ်လုံးကို မိုင်းအန္တရာယ်နဲ့ နယ်မြေရှင်းလင်းမှုတွေ လုပ်ပေးရမယ်။ ပြီးလို့ရှိရင် လုံးဝ တိုက်ပွဲမဖြစ်တော့ဘူးဆိုတဲ့ အာမခံချက်ပေးတယ်ဆိုရင် ကျမတို့ပြန်မယ်။

DMG။ ။အခုလိုဖြေကြားပေးတဲ့အတွက် မသဲသဲနုကို DMG က ကျေးဇူးတင်ရှိပါတယ်။

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...