တော်လှန်ရေးအလွန်ကာလတွင် လက်နက်ဖြုတ်သိမ်းရေးကိစ္စရပ်သည် တိုင်းပြည်၏ အခြေအနေ များအရ အကြီးမားသော စိန်ခေါ်မှုမဖြစ်နိုင်ဟု NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်မှပြောသည်။
အနာဂတ်ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်ရာတွင် ယုံကြည်မှုသည် အရေးကြီးကြောင်းနှင့် NUG ကွပ်ကဲမှုအောက်ရှိ အဖွဲ့အစည်းများသည် အာဏာရှင်အောက်မှ လွတ်မြောက်လိုသော၊ လူ့အခွင့်အရေး တန်းတူညီမျှရလိုသော၊ ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်လိုသောစိတ်များ အပြည့်အဝရှိကြောင်း လည်း ဆိုသည်။
“ဒါကြောင့်မို့လို့ Local ခေါင်းဆောင်တွေကို ကျွန်တော်တို့ သေသေချာချာညှိနှိုင်းမယ်ဆိုရင် ဒီလိုပြဿနာ မျိုးတွေဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုမျိုးဖြစ်မှာ မဟုတ်ဘူး”ဟု ၎င်းက အခိုင်အမာပြော သည်။
ထို့ပြင် လက်နက်ဖြုတ်သိမ်းနိုင် ရေးအတွက် နိုင်ငံတကာမှအဖွဲ့အစည်းကြီးနှစ်ခုနှင့်လည်း ချိတ်ဆက်ကာ လုပ်ငန်းစဉ်များရေးဆွဲပြီးဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့က ဖက်ဒရယ်စနစ်ကိုသုံးမယ်ဆိုရင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာရော လက်နက်ကိုင်ထားတဲ့ Security Force တွေဟာလည်း Level အမျိုးမျိုးပေါ်လာမှာဖြစ်ပါတယ်။ ဒီထဲတွေမှာ ပါဝင်ဖို့ဖိတ်ခေါ် ခြင်းနဲ့သော်လည်းကောင်း၊ တခြားသော လက်နက်စွန့်ဖို့လုံလောက်တဲ့ မက်လုံးမျိုးတွေပေးပြီး အဆင့်ဆင့် လုပ်ရင်းနဲ့ နောက်ဆုံးအဆင့်မှာ တရားဥပဒေစိုးမိုးရေး ကိုလုပ်တာမျိုး။ ဒီလိုမျိုးလုပ်ငန်းစဉ်တွေကို စဉ်းစားပြီးဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဦးလွင်ကိုလတ်မှ ပြောသည်။
လက်နက်များကို စနစ်တကျတပ်ဆင်ပေးထားသကဲ့သို့ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက် ရှိ တပ်ရင်းတပ်ဖွဲ့များ၏တပ်ဖွဲ့ဝင်စာရင်းများ၊ လက်နက်တပ်ဆင်မှုစာရင်းများလည်း စနစ်တကျရှိသည် ဟု ဆိုသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ NUG ၏လက်အောက်တွင် တပ်ရင်းပေါင်း ၃၀၀ ကျော်ရှိနေပြီး၊ မြန်မာ နိုင်ငံ၏ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၀ တွင် ပြည်သူ့စစ်သဘော တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များလည်း ဖွဲ့စည်းထားပြီးဖြစ်သည်။
“ NUG အနေနဲ့က လက်အောက်ခံတပ်ရင်းတွေနဲ့ပတ်သက်ပြီး လက်နက်နည်းဥပဒေက သေချာပြဋ္ဌာန်း ထားပါတယ်။ ဒါကြောင့် ကြီးမားတဲ့ပြဿနာမဟုတ်ဘူးလို့ပြောတာပါ။ ဒါပေမယ့် တစ်ခုရှိတာက လက်ရှိ မှာ PDF တပ်ရင်းတပ်ဖွဲ့ပေါင်း ၅၀၀ လောက်ရှိထားတယ်လို့ ကျွန်တော်တို့သိရတယ်။ သို့ပေမယ့် NUG က အုပ်ချုပ်ပြီးလေ့ကျင့်သင်ကြားပေးထားတဲ့တပ်ရင်းက ၃၀၀ လောက်ပဲရှိတယ်လို့ ပြောထားတယ်။ ဒီတော့ ဒီတပ်ဖွဲ့တွေထဲမှာ NUG လက်အောက်ဝင်ရောက်ဖို့ လျောက်ထားဆဲအဖွဲ့တွေရှိသေးသလို၊ NUG ရဲ့ သဘောထားတွေကိုမနာခံဘဲ ရပ်တည်နေတဲ့တပ်ဖွဲ့တွေလည်း ရှိသေးတယ်။ ဒါတွေကို NUG ကသေချာ မလွှမ်းခြုံနိုင်ဘူးဆိုရင်တော့ တော်လှန်ရေးအလွန်ကာလမှာ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပြဿနာ တစ်ခုဖြစ်လာနိုင်ပါတယ် ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြသည်။
ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆရာစံကလည်း “ တော်လှန်ရေးပြီးရင် လက်နက် ပြန်အပ်ရမယ်၊ လက်နက်ပြန်အပ်ကြမယ်ဆိုတာ အသိရှိပြီး၊ လက်ခံထားကြပြီးသားပါ” ဟု ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၏ စကားကို ထပ်ဆင့်ထောက်ခံသည်။
အလားတူ အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီဘက်မှ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၎င်းတို့၏ လက် အောက်ခံပျူစောထီးများကိုစုဖွဲ့ပြီး လက်နက်တပ်ဆင်ပေးရန် လက်နက်ကိုင်ဆောင်ခွင့်မူကို ပြင်ဆင် ပြဋ္ဌာန်းခဲ့သည်။
“စစ်ကောင်စီက သူတို့ရဲ့အရပ်သားတွေကို တပ်ဆင်ပေးတယ်ဆိုတာလည်း တိုက်ခိုက်ရေး သေနတ်တွေ မဟုတ်ပါဘူး။ အရပ်သားသုံးတဲ့ ခြောက်လုံးပြူးတို့၊ ပစ္စတိုတို့တွေပဲများပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ အရပ်သားတွေကို တပ်ဆင်ပေးတဲ့ကိစ္စရပ်ဟာလည်း တော်လှန်ရေးအလွန်ကာလမှာ ပြသနာကြီးကြီး ဖြစ် မလာနိုင်ပါဘူး”ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။
စစ်ကောင်စီ၏မူအရ လိုင်စင်ဖြင့်ကိုင်ဆောင်ရမည့်သေနတ်များကို သာမာန်အရပ်သားများ လျောက်ထား ကိုင်ဆောင်နိုင်ပြီး ပါမစ်ဖြင့်ကိုင်ဆောင်ရမည့်လက်နက်များကိုမူ အစိုးရပိုင်သေနတ်အဖြစ် မှတ်ပုံတင်ရ မည်ဖြစ်သည်။
ထို့ပြင် ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ငြိမ်ရေးတို့အတွက် ဒေသ အလိုက် တရားဝင်ဖွဲ့စည်းထားသည့် လုံခြုံမှုအဖွဲ့အစည်း၊ သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့အစည်းနှင့် ပြည်သူ့စစ်အဖွဲ့အစည်းများကိုသာ ကိုင်ဆောင်ခွင့်ပြုရန် ဖြစ်သည်ဟု ဖော်ပြထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ