Published
Saturday, September 23, 2017
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ(မဟာရန်ကုန်) ဥက္ကဌ အငြိမ်းစားပါမောက္ခ မန်းရွှေပြည်အေးနှင့် တွေ့ဆုံခြင်း
“လူထုက အလံတင်တာ အရမ်းစိတ်ဝင်စားတာ။ အလံဆိုတာ လူမျိုးတမျိုး၊ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုတယ်လေ။ ဒါကြောင့် ဒီဟာက အထွဋ်အမြတ်ပဲ။”
လာမည့် ဒီဇင်ဘာ ၁၈ရက်နေ့တွင် ကျရောက်မည့် ၂၇၅၇ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးအတွက် နှစ် ၅၀ ကျော်ကြာ ဖွဲ့စည်းထားသည့် နှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဌ အငြိမ်းစားပါမောက္ခမန်းရွှေပြည်အေးနှင့် တွေ့ဆုံကာ နှစ်သစ်ကူးပွဲတော်ကျင်းပရန် ပြင်ဆင်လုပ်ဆောင်နေပုံ၊ ကော်မတီ သမိုင်းကြောင်းများနှင့် ပတ်သက်၍ ကေအိုင်စီက မေးမြန်းထားခြင်း ဖြစ်ပါသည်။
မေး ။ ။ ပထမဦးဆုံးအနေနဲ့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီ (မဟာရန်ကုန်) ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကို ရှင်းပြပေးပါ။
ဖြေ။ ။ ဗဟိုကော်မတီ ပေါ်ပေါက်လာပုံအကြောင်းကို ပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်ပေါ့။ ၁၉၆၄ခုနှစ်မှာ ကရင်နှစ်သစ်ကူးနေ့ကို သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း ၁ရက်နေ့အစား တပို့တွဲလဆန်း ၁ရက်နေ့ကို ပြောင်းရွှေ့သတ်မှတ်ဖို့ တချို့က ကြိုးပမ်းဆောင်ရွက်လာခဲ့တယ်။ ဒါတွေကို သမိုင်းဖြစ်စဉ်တစ်ခုအနေနဲ့ ပြန်ပြောတာပါ။ အငြင်းပွားဖို့ မဟုတ်ဘူး။
အဲ့ဒီအချိန်တုန်းက ဘယ်အခြေအနေထိ ဖြစ်လာသလဲဆိုရင် ပြည်တွင်းမှာ နှစ်သစ်ကူးပွဲကို ဘယ်နေရာမှ မလုပ်ရဲ လောက်တဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ အဲ့လိုဖြစ်လာတော့ မဖြစ်တော့ဘူးဆိုပြီးတော့ နှစ်သစ်ကူးပွဲတော်မတိုင်ခင် ၁၆ရက် အလိုမှာ ရန်ကုန်က ကရင်အမျိုးသားတွေ စုစည်းပြီးတော့ အထက-၂ အလုံ (ယခင် ဘရေတန်ကျောင်း)မှာ လူထုအစည်းအဝေး တစ်ရပ်ကို ခေါ်တယ်။ အဲ့နှစ် ၂၇၀၄ခုနှစ်၊ ကရင်မျိုးသားနှစ်သစ်ကူးပွဲကျင်းပရေး ဗဟိုကော်မတီကို စတင်ဖွဲ့စည်းခဲ့တယ်။
အဲ့အချိန်တုန်းက အဖူးတို့သိရသလောက်ဆို နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ရက်က ကပ်နေပြီး။ ဘဏ္ဍာရေး အခက်အခဲ ရှိတယ်။ ဒါပေမဲ့ မဟာရန်ကုန် နယ်နိမိတ်အတွင်းရှိ ကရင်အမျိုးသားတစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှုကြောင့် ၂၇၀၄ခုနှစ်မှာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို စုစည်းညီညွှတ်စွာ တစ်ခုတည်းသော ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို (အင်းစိန်မြို့ နယ်ရှိ) မဟာဆေးဝင်္ကဘာ၊ အာလိန်ငါးဆင့် ကျောင်းဝင်းအတွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
မေး ။ ။ ဗဟိုကော်မတီက ပွဲတော်ကျင်းပရေးနဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့မူဝါဒတွေကို အကျယ်တဝင့် ရှင်းပြပေးစေချင်ပါတယ်။
ဖြေ။ ။ ဗဟိုကော်မတီအနေနဲ့ နှစ်သစ်ကူးပွဲတော် ကျင်းပရေးအတွက် အဓိက အခြေခံကျတဲ့ အချက် ၅ချက်ကို လက်ကိုင်ထားပါတယ်။ ဒါတွေကတော့ ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားလူမျိုးစုံ စည်းလုံးညီညွတ်ရေးကို ရှေးရှုကျင်းပရန်။ အဓိကအချက်ကတော့ ဤနေ့ရက်သည် ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သောကြောင့် - ပုဂ္ဂိုလ်ရေးအရ အမြတ်ထုတ်ခြင်း၊ - ဘာသာရေးအရ အမြတ်ထုတ်ခြင်း၊ - စီးပွားရေးအရ အမြတ်ထုတ်ခြင်း၊ - လူတန်းစားအရ အမြတ်ထုတ်ခြင်း၊ - နိုင်ငံရေးအရအမြတ်ထုတ်ခြင်း အလျင်းမပြုဘဲ အမျိုးသား အသိစိတ်ဓာတ်ဖြင့် ရိုင်းပင်းကူညီကျင်းပဖို့ပါ။
နိုင်ငံရေးအမြတ်ထုတ်မှုမရှိရဘူး ဆိုတဲ့နေရာမှာ ဥပမာအားဖြင့် နှစ်သစ်ကူးပွဲတော်ကို KPP က ဦးဆောင်တယ်။ NLD က ဦးဆောင်တယ် ဒီလိုမရှိဘူး။ တို့က ဒီလိုနိုင်ငံရေးပါတီက ဦးဆောင်တဲ့ နှစ်သစ်ကူးမဟုတ်ဘူး။ နိုင်ငံတော်က ကျင်းပပေးရတဲ့ နှစ်သစ်ကူးမဟုတ်ဘူး။ ကိုယ့်ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကိုယ့်ကရင်အမျိုးသားကပဲ ကျင်းပမယ်။ ဒီဟာက အဓိကပဲ။
မေး ။ ။ အခု ဗဟိုအလုပ်အမှုဆောင်ကော်မတီမှာ နိုင်ငံရေးပါတီက လူတွေပါနေတာတွေ့ရတယ်။ အဲ့အခြေအနေလေးလည်း ပြောပြပါဦး။
ဖြေ။ ။ ဗဟိုကော်မတီက ကိုယ့်အမျိုးသား နှစ်သစ်ကူးတစ်ခုတည်းအတွက် သွားနေတာ။ တို့အထဲမှာ ဒီလိုစည်းရုံးရေး လာ လုပ်လို့ မရဘူး။ သူ ဟိုပါတီဝင်တယ်။ ဒီပါတီဝင်တယ် ဒါသူတို့ကဏ္ဍ။ နှစ်သစ်ကူးကတော့ နှစ်သစ်ကူးပဲ လာလုပ်ပါ။ ဟိုပါတီဝင် မို့လို့ ဒီပါတီဝင်မို့လို့ ‘ပ’ထုတ်လိုက်တာများလာရင် အားကိုးရမဲ့သူ မရှိတော့ဘူး။ ပါတီထဲကို ရောက်သွားတဲ့သူတွေကလည်း တို့ ကော်မတီဝင်တွေပဲ သွားကြတာ။ ဥပမာ ကေပီပီဥက္ကဌ စောထွန်းအောင်မြင့် သူက အရင်က တို့ကော်မတီမှာ ဥက္ကဌလုပ်ခဲ့တာပဲ။ ဒါဖြင့်ရင် သူ့ကို ကော်မတီဝင်အဖြစ်တော့ မထည့်တော့ဘူး။ သူ့ကို ပထုတ်လိုက်တာ မဟုတ်ဘူး။ လူကြီးတဦးအနေနဲ့ နာယက ထဲမှာ ထားတယ်။ ပစ်ပယ်လိုက်တာ မဟုတ်ဘူး။ ရှုပ်ထွေးမှာစိုးလို့။ ပါတီအသွေးအရောင်တွေနဲ့ ဒီအထဲထဲမှာ ရှုပ်ထွေးပြီးတော့ ပြိုကွဲသွားမှာစိုးလို့။ ဒါကြောင့် နိုင်ငံရေးအမြတ်မထုတ်ရဘူးဆိုတာ အဲ့ဒီကိစ္စပဲ။ ကြိုတင်ပြီးတော့ ရှောင်ရင်တော့ ကောင်းတာပေါ့ ကွာ။
မေး ။ ။ အခု အာလိန်ငါးဆင့်ကျောင်းတိုက်ဝင်းမှာ နေရာအခက်အခဲဖြစ်လာတာကို တွေ့ရတယ်။ အစဉ်အလာအရ အာလိန် ငါးဆင့်မှာ ဆက်လုပ်ချင်သူတွေနဲ့ သင့်တော်မဲ့နေရာ ပြောင်းလုပ်ချင်သူတွေလည်း ရှိတယ် ကြားတယ်။ ဒီအခြေအနေကိုလည်း ရှင်းပြပေးပါဦး။
ဖြေ။ ။ အခု အခြေအနေက အာလိန်ငါးဆင့်ကျောင်းမှာ ကျင်းပဖို့ နေရာအခက်အခဲရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အခြေအ နေ၊ အချိန်အခါ ရာသီဥတုကိုကြည့်လိုက်တော့ မသင့်တော်သေးဘူး။ တခြားနေရာမှာလုပ်ရင် ပိုစည်ကားမယ်၊ ကျယ်ပြန့်မယ်။ သို့ရာတွင် လုံခြံုရေးပိုင်းကရော ဘယ်လိုရှိမလဲ။ ဒီအပိုင်းက စိတ်မချရဘူး။ မလုံခြံုရင် ဘာမှလုပ်လို့မရဘူး။ နေရာကျဉ်းလို့ လူနည်းသွားမယ်။ သို့သော် နှစ်သစ်ကူး ချောချောမွေ့မွေ့၊ အောင်အောင်မြင်မြင် ဖြစ်ဖို့က အဓိကဖြစ်တယ်။ စည်ကားသိုက်မြိုက် လူအထင် ကြီးဖို့က ဒုတိယ ဦးစားပေးပါ။ လုံခြံုရေးက ပထမ ဦးစားပေးပါ။
ဒါကြောင့်မို့လို ဒီလိုတိုတောင်းတဲ့အချိန်အတွင်းမှာ ဘယ်နေရာကိုပြောင်းမယ်ဆိုတာ လောလောဆယ် အစီအစဉ် မရှိသေးဘူး။ ဒါ ပြီးခဲ့တဲ့အပတ် အစည်းအဝေးမှာလည်း ဆွေးနွေးထားတယ်။ ရှိနေတဲ့နေရာလေးမှာ ပိုပြီးတော့ တင့်တယ်အောင် လုပ်မယ်လို့ စဉ်းစားထားတယ်။ ရှင်းရှင်းပြောရရင် အခုလုပ်နေကျနေရာက မသင့်တော်တော့ဘူး။ အကောင်းဆုံးကတော့ သီးသန့်ကွင်းတခု၊ နေရာတစ်ခုရှိရင် အကောင်းဆုံးပဲ။ ထားပါတော့ ဒီနှစ် တခြားနေရာ ထွက်လုပ်မယ်။ အစိုးရကလည်း ခွင့်ပြုတယ်။ နောက်နှစ်ကျတော့ အကြောင်း အမျိုးမျိုးနဲ့ ထွက်လုပ်တဲ့နေရာကို ခွင့်မပြုတော့ဘူးဆိုရင် တို့ ဟိုးနေရာ ပြေးလုပ်၊ ဒီနေ ရာ ပြေးလုပ်နဲ့ ဖြစ်ကုန်မယ်။
မေး ။ ။ ဒီနှစ်သစ်ကူးပွဲမှာ အခြားဒေသက ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတွေနဲ့ မတူတဲ့ တမူထူးခြား အစီအစဉ်တွေက ဘာတွေရှိပါသလဲ။ ပွဲလာ ပရိဿတ်တွေက ဘယ်လိုနေရာတွေက လာရောက်ဆင်နွဲကြပါသလဲ။ ထူးထူးခြားခြားတော့ မရှိဘူး။ အရင်အတိုင်းပဲ လုပ်မယ်။ ဒီဇင်ဘာ ၁၇မှာ နှစ်သစ်ကူးအကြိုဖွင့်ပွဲလုပ်မယ်။
ဖြေ။ ။ ၁၈ရက်နေ့ မှာ နှစ်သစ်ကူး အခမ်းအနားလုပ်မယ်။ အဲ့ညမှာ ဒုံးပြိုင်ပွဲရှိမယ်။ နောက်ဆုံးညမှာတော့ ဆုပေးပွဲနဲ့ ပိတ်ပွဲလုပ်မယ်။ လာမဲ့နှစ်သစ် ကူး အခမ်းအနားကို အာလိန်ငါးဆင့်ကျောင်းတိုက်ဝင်းမှာပဲ လုပ်ဖို့ လျာထားတယ်။ အားကစားပွဲကို အင်းစိန်မီးရထား ဘောလုံး ကွင်းမှာ လုပ်မယ်။ ဒီနှစ်တော့ နာမည်ကြီး ကရင်ရိုးရာ လက်ဝှေ့သမားတွေပါဖို့ စီစဉ်နေတယ်။ အခု နှစ်သစ်ကူးပွဲနေရာက အရင် ကလောက် မကျယ်တော့ဘူး။ နှစ်သစ်ကူး အလံတင်အခမ်းအနားကို အများပြည်သူက အရင်နှစ်ကလောက် မတွေ့ရတော့ဘူး။ မတွေ့ရတော့ သူတို့မှာ ကြည်နူးမှု၊ ချမ်းမြေ့မှု၊ သူတို့နှလုံးသားထဲမှာ သာယာမှုမရှိဘူး။ ဒါကို အတွင်းကနေ ပရိုဂျက်တာနဲ့ ထိုးပြီး တော့ အလံတင်အခမ်းအနားကို ပိတ်ကားထောင်ပြီး တိုက်ရိုက်ပြမယ်။ လောလောဆယ်တော့ အိုင်တီနည်းပညာကို သုံးပြီး တော့ လုပ်မယ်လို့ ယာယီအားဖြင့် စဉ်းစားထားတယ်။
ဖြစ်နိုင်မယ်ဆိုရင်တော့ သီးသန့်တစ်နေရာ လွတ်လွတ်လပ်လပ် လုပ်ချင်တာပေါ့။ လူထုက အလံတင်တာ အရမ်း စိတ်ဝင်စားတာ။ အလံဆိုတာ လူမျိုးတမျိုး၊ နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုတယ်လေ။ ဒါကြောင့် ဒီဟာက အထွဋ်အမြတ်ပဲ။ တချို့ဆို အလံတင်အခမ်းအနားပြီးရင် ပြန်သွားကြရော။ ဟောပြောပွဲ အခမ်းအနားကို ဆက်တောင် နားမထောင်တော့ဘူး။ အခမ်းအနား ကျတော့လည်း တို့က တနှစ်လာလည်း ဒါပဲပြောတာဆိုတော့လေ။ ဒါကလည်း တို့ကိုပြောလို့ မရဘူး။ ဒီလောက်ပဲ ပြောသင့်လို့လေ။ မဟုတ်ရင် အမျိုးမျိုးထင်သွားလိမ့်မယ်။ စည်းရုံးရေးထိခို်က်တယ်တို့ ဘာတို့ပေါ့။
မေး ။ ။ ဗဟိုကော်မတီက ကရင်နှစ်သစ်ကူးကျင်းပရေးအပြင် အခြားဘာလုပ်ငန်းစဉ်တွေကိုပါ ဆောင်ရွက်နေတာ ရှိပါသလဲ။ ဘဏ္ဍာရေး အခြေအနေကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ကော်မတီအနေနဲ့က စာပေယဉ်ကျေးမှု သင်တန်းဆင်းပွဲတွေ တက်ရောက်တာရှိတယ်။ ပန်းတနော် စာယဉ်သင်တန်း ဆင်းပွဲ၊ မွန်ပြည်နယ် ပေါင်မြို့နယ် ဆင်ရွာ နွေရာသီ ကရင်စာပေစုပေါင်း သင်တန်းဆင်းပွဲတွေ သွားတယ်။ ဗဟိုကော်မတီကိုယ် စားလှယ်အနေနဲ့သွားတာ ကေအိုင်စီ နှစ် ၂၀ပြည့် အခမ်းအနားလည်း တက်ခဲ့သေးတယ်လေ။ နောက် စင်ကာပူမှာလုပ်တဲ့ နှစ် သစ်ကူးပွဲတော်ကို သွားရောက် ဟောပြောတာတွေလည်း ရှိတယ်။
ငွေကြေးပိုင်းကတော့ အလှူငွေရတာနဲ့ အရင် အဆက်ဆက် ရံပုံငွေ ကျန်တာတွေကို အသုံးပြုပြီးနှစ်စဉ် အစည်းအဝေး မှာ အစီရင်ခံတယ်။ လူထုအစည်းအဝေးမှာ အစီရင်ခံတာပါ။ မနှစ်က အသုံးစရိတ် ကျပ်သိန်း ရ၀၀ကျော် ရှိတယ်။ ဒီနှစ်လည်း ဒီဝန်းကျင်ပဲ ခန့်မှန်းတယ်။ ဒီထက်လည်း များသွားဖို့ရှိတယ်။
မေး ။ ။ အရင်က ရန်ကုန်တိုင်းဒေသကြီးမှာ ဗဟိုကော်မတီက နှစ်စဉ်ကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်နဲ့ ရွာအလိုက်လုပ်တဲ့ ပွဲတော်တွေပဲ ရှိတယ်။ ဒါပေမဲ့ ၂၀၁၀ နောက်ပိုင်း ကရင်ရေးရာဝန်ကြီးတွေက နှစ်သစ်ကူးပွဲတော်တွေ သီးခြား ဦးဆောင်ကျင်းပ လာတာမျိုးလည်း ရှိခဲ့တယ်။ ဗဟိုကော်မတီနဲ့ အပြိုင်သဘောမျိုးလေးတွေ ဖြစ်လာတဲ့အပေါ် ဥက္ကဌရဲ့ အမြင်ကိုလည်း ပြောပြ ပေးပါ။
ဖြေ။ ။ နှစ်သစ်ကူးပွဲတော်ကို ဖြစ်နိုင်ရင် အိမ်တိုင်းမှာလုပ်ရင်တောင် တို့က ကြိုက်တယ်။ ဗဟိုကော်မတီကတော့ သမိုင်းမှတ် တိုင် ဖြစ်တယ်။ ဘယ်လောက်အများကြီးလုပ်နေပါစေ။ တို့ကော်မတီအနေနဲ့က သမိုင်းမှတ်တိုင်ဖြစ်တဲ့အတွက်ကြောင့် လုပ်ကို လုပ်ရမယ်။ လူဘယ်နှစ်ယောက်ပဲရှိရှိ၊ ဘာမှမလုပ်နိုင်တော့လို့ အခမ်းအနားတစ်ခုပဲ ကျင်းပနိုင်ကျင်းပနိုင်၊ သမိုင်းမှတ်တိုင်က သမိုင်းမှတ်တိုင်ပဲ။ ပြောရမယ်ဆိုရင်တော့ သစ်ပင်ခုတ်မယ်ဆို အကိုင်းလေးတစ်ကိုင်း ထားခဲ့ရတယ်။ နတ်နေကိုင်းပေါ့။ ဗဟို ကော်မတီဆိုတာ နတ်နေကိုင်းပါ။ ပြာသိုလဆန်း ၁ရက်ရဲ့ နောက်ဆုံး နတ်နေကိုင်းဟာ ဗဟိုကော်မတီပဲ။ ဒီကနေပြီးတော့မှ မြစ် ဝကျွန်းပေါ် ဘယ်နှစ်မြို့နယ် စုပေါင်းနှစ်သစ်ကူး လုပ်တယ်။ ဘယ်မှာ ဘယ်လို၊ ဘာအဆင့် စုပေါင်းလုပ်ကြတယ်ဆိုတာက နောက်မှ ထွက်ပေါ်လာတာ။
အခုက ဘယ်လိုဖြစ်လဲဆိုတော့ တခြားကော်မတီတွေ၊ ရွာတွေ၊ မြို့တွေ စုပေါင်းလုပ်ပြီး ကျနော်တို့ထက် စည်ကားရင် စည်ကားပါစေ ဝမ်းသာတယ်။ တို့က လွှမ်းမိုးဖို့ မကြိုးစားဘူး။ တို့က သမိုင်းမှတ်တိုင်။ တို့က နတ်နေကိုင်း။ နတ်နေကိုင်းရှိခဲ့လို့ ဒါတွေ ပြန်တက်လာတာ။ ဒီအပင်ကြီးက ပြန်ဝေဆာလာတာ။ ဗဟိုကော်မတီ စဖွဲ့တဲ့ ၁၉၆၄ခုနှစ်မှာ တစ်နိုင်ငံလုံး ဘယ်သူမှ မလုပ်ရဲတော့ဘူး။ ဘယ်သူမှ မလုပ်တော့တဲ့အချိန်မှာ ဒီနတ်နေကိုင်းကျန်တယ်။ အဲ့ဒီကနေပြီးတော့ အညွှန့်တွေ ပြန်ပေါက်ပြီး ဝေဆာလာတာ တို့အနေနဲ့ ဝမ်းသာတယ်။ အခုနှစ်သစ်ကူးနီးလို့ ရန်ပုံငွေ အလှူခံထွက်ရင် မနှစ်က သိန်းခြောက်ဆယ်ရတယ်။ အရင်နှစ်က လေးဆယ်၊ ငါးဆယ် ဒီလို တဖြည်းဖြည်းများလာတယ်။ လူထုက သိတယ်။ ဒီကော်မတီက သူ့ဘာသာသူ ကျံု့သွားတာပဲဖြစ်ဖြစ်၊ ကျယ်ပြန့်တာပဲဖြစ် ဖြစ် ဖျောက်လို့မရဘူး။ မှတ်တိုင်ဖြစ်တယ်။
မေး ။ ။ အခုနောက်ပိုင်း နှစ်သစ်ကူးပွဲတော်တွေကို အစိုးရက ဘတ်ဂျက်ချပေးတာ တွေ့ရတယ်။ ဒီအပေါ် သုံးသပ်ပေးပါဦး။
ဖြေ။ ။ သူတို့ပေးမှ တို့က ကျင်းပရမဲ့ပွဲမဟုတ်ဘူး။ သို့ရာတွင် သူတို့ပေးတာကိုလည်း ဝမ်းသာတယ်။ ဥပမာအားဖြင့် ပညာသင် ဆုတွေ ပိုပေးနိုင်တယ်။ စာရင်းထဲမှာ ပါတယ်။ သိန်းသုံးဆယ်ပေးတယ်။ ဝန်ကြီးကမေးတယ်။ ဘယ်မှာ သုံးမလဲ။ ကျနော်တို့က ပညာရည်ချွန်ဆု ပေးမယ်။ ဒုံးပြိုင်ပွဲလည်း ဆုပိုပေးချင်တယ်လို့ မနှစ်က ပြောလိုက်တယ်။
သူတို့ လုပ်သင့်လုပ်ထိုက်လို့ လုပ်တဲ့အပိုင်းကို ကျနော်တို့ ဘာမှမကန့်ကွက်ပါဘူး။ သိန်း ၁၀၀ပေးလည်း ယူမှာပဲ။ သို့ရာတွင် အဲဒီပေးတဲ့ငွေကြောင့်သာလျှင် နှစ်သစ်ကူးကို ကျင်းပတာ မဟုတ်ဘူး။ မပေးခင်ကတည်းကိုက လုပ်နေတာ။ နှစ်ပြားရှိရှိ တစ်ပြားရှိရှိ၊ ရှိတာနဲ့ လုပ်မယ်။ ဒါကော်မတီရဲ့ခံယူချက်ပဲ။ ကိုယ့်အမျိုးသားပွဲ ကိုယ့်ဖာသာကိုယ် လုပ်မယ်။ ဘယ်သူအလှူ ငွေ လာထည့်ထည့် လက်ခံရမှာပေါ့။ အလှူရှိလို့ လုပ်တာတော့ မဟုတ်ဘူး။ ခင်ဗျားတို့ လှူချင်လှူ၊ မလှူလည်း ကိုယ့်ဖာသာ ကိုယ် လုပ်မယ်။
မေး ။ ။ ဗဟိုကော်မတီ ရေရှည် ဆက်လက်တည်ရှိဖို့ မျိုးဆက်သစ်လူငယ်တွေကို ဘာတွေများ တိုက်တွန်းမှာကြားချင်ပါသလဲ။
ဖြေ။ ။ လူငယ်တွေ အတိတ်ကာလကို ပြန်လည်တူးဆွဖို့လိုတယ်။ အတိတ်ကာလမှ တူးဆွလို့ရရှိလာတဲ့ သင်ခန်းစာတွေကို ပစ္စုပ္ပာန်နဲ့ ပေါင်းစပ်နိုင်ရမယ်။ ပေါင်းစပ်ပြီးတော့ အနာဂတ်ကို လျှောက်လှမ်းဖို့တွေ့မယ်။ အတိတ်ကာလကို ဆင်ခြင်ပါ။ ပစ္စုပ္ပာန်ကို အကြောင်းပြု အနာဂတ်ကို ရှေ့ရှု။ ဒါ အင်မတန် အရေးကြီးတယ်။ ဒီကနေ့ လူငယ်တွေ မွေးလာကတည်းက လယ်ကွင်းပဲ တွေ့တယ်။ လယ်ကွင်းက ရှိနေတာပဲဆိုတာပဲ သိတယ်။ လယ်ကွင်း ဘယ်လိုဖြစ်လာသလဲဆိုတာ မသိဘူး။
နှစ်သစ်ကူးဆိုတာလည်း မွေးလာကတည်းက ရှိနေတာပဲ ဒီလိုမြင်တယ်။ ဘယ်လိုနှစ်သစ်ကူးနေ့ ရလာသလဲဆိုတာ သူတို့ ပြန်တူးဆွဖို့လိုတယ်။ တူးဆွတဲ့အပေါ်မှာ သင်ခန်းစာယူပြီးတော့ ဘယ်လို အမြတ်တနိုး ထားရမလဲ။
မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းရမလဲ။ ကာကွယ်ရမလဲ။ စောင့်ရှောက်ရမလဲ။ လေဒဏ်မိုးဒဏ်တွေကြားက ဘယ်လိုကာကွယ်ရမလဲ။ အဲ့အ ပိုင်းမှာ လူငယ်တွေ အားပြတ်နေတယ်။ တို့သမိုင်းမှတ်တိုင်ဟာ လေဒဏ်၊ မိုးဒဏ် ပုံစံအမျိုးမျိုးနဲ့ အချိန်မရွေး၊ နေရာမရွေး လာနိုင်တယ်။ မည်သို့ပင်ရှိစေကာမှု ဒီမှတ်တိုင် မပြိုလဲအောင် ထိမ်းထားနိုင်ဖို့ဆိုတာက လူငယ်တွေမှာ အတိတ်သင်ခန်းစာရှိဖို့ လိုတယ်။ ပစ္စုပ္ပာန် အခြေအနေရှိဖို့ လိုတယ်။ ဒီနှစ်ခုကို ပေါင်းစပ်ရမယ်။ အခုလူငယ်တွေက ရယူခြင်းမျိုးမဟုတ်ဘဲ ပေးဆပ်ခြင်း မျိုးနဲ့ ထိန်းသိမ်းကာကွယ်ဖို့ တိုက်တွန်းလိုတယ်။